သုမောင် - မျိုးရိုးထဲမှ ဆိုးပေကြီးများ
ကျွန်တော့်အဖေ၏ အမေအကြောင်း
“ခင်ဗျား ဝတ္ထုတိုဆယ်ပုဒ်မှာ သုံးပုဒ်က အဖေ အကြောင်း၊ သုံးပုဒ်ကအမေအကြောင်း၊ ကျန်တဲ့ လေးပုဒ်က ခင်ဗျား ပတ်ဝန်းကျင် အကြောင်း” ဟု စာဖတ်သူ မိတ်ဆွေ တစ်ယောက်က မြှောက်ပင့်သလို၊ ချိုးနှိမ် သလိုလို စကားဆို ပါသည်။ မိသားစုထဲမှာပင် ဝတ္ထုအကြောင်း ရှာတတ်သည် လို့ ချီးကျူးတာလိုလို ဘောင်ကျဉ်းသည်ဟု ကဲ့ရဲ့ချင်တာ ဖြစ်ကြောင်း၊ သူ၏ မချိုမချဉ် မျက်နှာထားက သိသာစေ ပါသည်။ အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် ကျွန်တော့် အစ်ကို မောင်ဝဏ္ဏ၏ သူငယ်ချင်း စာသမား ပညာတတ် တစ်ယောက် ဖြစ်သဖြင့်ကျွန်တော်က ဘာမှ ပြန်မပြောဖြစ်ပါ။ နဂို ကတည်းက သူသည် အထက်စီးဖြင့် သမားဂုဏ်ပြ စကားဆို နေသည်မဟုတ်ပါလား။ကျွန်တော်၏ အနုပညာဘဝတွင် ဒီလိုပဲ အထက်စီးဖြင့် ဟန်ကိုယ့်ဖို့ ဆက်ဆံတတ်သူ မြောက်မြားစွာ တွေ့ဖူး ပါသည်။ သူရို့ကို ကျွန်တော်ကတော့ သနားလိုက်သည် သာဖြစ်ပါသည်။ သူရို့ သည် ကျွန်တော့် အစ်ကို အရွယ်များ၊ ကျွန်တော့် အရင်စာတိုပေစ ရေးခဲ့သူများ။ သို့သော် ကျွန်တော်က ရူးသလိုလို ပေါသလိုလို နေခဲ့ရာမှ “စာရေးဆရာ” ဟူသော ဂုဏ်ပုဒ်ကို ပရိသတ်ကရော၊ စာပေ ပညာရှင်များကပါ အသိအမှတ်ပြု ခံလိုက်ရသောအခါ (သူရို့ ကို ကျော်ဖြတ်တက် သွားသောအခါ) မနာလို တိုရှည်တော့ မဟုတ်၊ ကျွဲမြီး တိုသွားကြပုံရ၏။ မစ္ဆေရစိတ် မထားသော်လည်း မုဒိတာ မပွားနိုင် ကြသည် ကိုတော့ ကျွန်တော်က ရိပ်မိပါသည်။ တကယ်လည်း သူရို့လောက် ကျွန်တော်က ပညာမတတ်ပါ။ သူရို့ လောက် ကျွန်တော်က စာမဖတ်ပါ။ သို့သော် ပါရမီ အရာ၌ကား သူရို့ ကျွန်တော့်ကို လိုက်မမီကြပါ။
ထိုအခါ ကျွန်တော်သည် သူရို့ ကို ဘာမျှ ခွန်းတုံ့ မပြန်သော် လည်း အဖေအကြောင်း၊ အမေအကြောင်းများကို ပို၍ ပို၍ အရွဲ့တိုက် ရေးပစ်ခဲ့ပါတော့သည်။ ထို့ကြောင့်ပင် “ဒုရင်ကောက်” အမည်ရှိ အမေဘွဲ့ ဝတ္ထုတို လုံးချင်းတစ်အုပ်၊ “သာဓု” အမည်ရှိ ဖခင်ဘွဲ့ ဝတ္ထုတို လုံးချင်း တစ်အုပ်ပင် ထွက်ရှိနိုင်ခဲ့ခြင်း ဖြစ်၏။ ( ၁၉၈ဝ ဝန်းကျင်က ဖြစ်သည်) ယခုထိလည်း မကြာမကြာ ဆိုသလို အဖေအကြောင်း၊ အမေ အကြောင်း များကို ရေးနေမိပေသည်။ အထူးသဖြင့်မူ အမေ့ အကြောင်းများ.......။
ဟိုးတစ်လောဆီက ဆရာသုခ၏ “အမေနေ့” နှင့် ပတ်သက်ပြီး စာပေဂီတ၊ ရုပ်ရှင်နယ်တို့၌ အုတ်အော် သောင်းတင်း ဖြစ်သွားခဲ့သည်ကို မှတ်မိကြပါ လိမ့်မည်။ ထိုစဉ်ကာလမှာပင် စောစောက ပြောခဲ့သော ကျွန်တော့် အစ်ကို၏ သူငယ်ချင်း စာသမားသည် ကျွန်တော့်ထံ တကူး တကန့် တယ်လီဖုန်း ဆက်ပါသည်။
“ဘယ်နှယ့်လဲ ဘိုသု၊ ဒီပွဲမှာ ဘာမှ ဝင်မနွှဲတော့ဘူးလား”
သူသည် ကျွန်တော် စာရေးဆရာ ဖြစ်စကတည်းကပြောခဲ့ သော အထက်စီးလေသံဖြင့် မချိုမချဉ် စကားဆို ပါသည်။ အသက် အရွယ်၊ အချိန်အခါတွေ ရင့်ရော်လာသော် လည်း ကနေ့အထိ သူ၏ စိတ်ဓာတ် မပြောင်းလဲသေးသည်ကို ကျွန်တော် အံ့ဩမိပါသည်။ သူသည်ကျွန်တော်အဖေ၏အမေအကြောင်း အခုထိ ကျွန်တော့် အပေါ် ဘာကြောင့် ကျွဲမြီးတိုနေသည်ကို စဉ်းစား မရပါ။ အမြဲတမ်း ခေတ်မီနေတာလား၊ တစ်နေရာ တည်းကနေ စိတ်ဓာတ် မတက်တော့တာလား မသိရပါ။
ဘာပဲဖြစ်ဖြစ် “အမေနေ့” ပေါ်ပေါက်လာသော အမေနှင့် ပတ်သက်သည့် အနုပညာရှင်များ ခေတ်ဆန်း လာသော အချိန်သမယ၌ ထိုပုဂ္ဂိုလ်က ကျွန်တော့်ကို မှတ်မှတ် ထင်ထင် သတိတရ ဖုန်းဆက်ဖော် ရသည်ကိုပင် ကြံဖန်၍ ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ သူ့စိတ်ထဲမှာ ကျွန်တော် အမြဲရှိနေသည် ထင်၏။
“အမေ့အကြောင်း၊ အမေပြောပြတဲ့ အကြောင်း တွေရေးရင်းနဲ့ ဝတ္ထုတိုရေးဆရာ ဖြစ်လာတာပဲဗျာ၊ နောက်ထပ်တကူးတကန့် ထပ်ရေး နေစရာမလိုပါဘူး၊ ခုလည်း ကြုံရင်ကြုံသလို အမေ့အကြောင်းတွေ ကျွန်တော် ရေးနေသားပဲ” ဟု စကားနည်းရန်စဲ ပြောရပါသည်။ အမှန်မှာ “အမေ” ပွဲဆူနေစဉ် ကျွန်တော့်ကို သူကလှမ်းပြီး ကလိထိုးတာ ဖြစ် ကြောင်း ကျွန်တော်သိနေပါသည်။
“မဟုတ်ဘူးလေ၊ မြန်မာစာ လောကမှာ အမေဘွဲ့၊ အဖေဘွဲ့ ဝတ္ထုတွေ အများဆုံးရေးခဲ့တာ သုမောင်လို့ ကျွန်တော်တို့က သတ်မှတ် ထားတာဗျ။ ဒီပွဲမှာ တစ်ခုခုတော့ ဝင်လုပ်ဖို့ကောင်းတာပေါ့” ဟု သူက ထပ်ပြီး သွေးထိုးပါသည်။ ကျွန်တော်က...
“နေ့တိုင်း ဘုရား ရှိခိုးတဲ့သူဟာ၊ လူစုပြီး ဘုရားဖူး သီးသန့် ထွက်တဲ့အလုပ်ကို လုပ်ခဲပါတယ်၊ ဘုရားဖူး သွားရင်လည်း တစ်ယောက် တည်း သော်လည်းကောင်း၊ မိသားစုနဲ့ သော်လည်းကောင်း အေးအေး လူလူ သွားတတ်ပါတယ်” ဟု စကားကုန် ပြောလိုက်ရပါသည်။ သူ့မနော ကို ကျွန်တော် သိသည်။ “အဖေတွေ ဘယ်သွားထားမလဲ” ဆိုသည့် ပြဿနာထဲ ကျွန်တော့်ကို ဆွဲထည့်လိုဟန်တူသည်။ ကျွန်တော်က စကား ကို အဆုံးသတ်သော်လည်း သူကထပ်ပြီး အရစ်ရှည်ပါသည်။ ထင်သည့်အတိုင်းပါပဲ။
“ဒါပေမယ့် ခင်ဗျားက အဖေတွေ အကြောင်းလည်း အရေးများ တဲ့သူပဲ၊ ခုဖြစ်နေတာက အမေတွေ တစ်ခေတ်ဆန်းတော့ အဖေတွေ ဘယ်သွားထားမလဲ၊ ဘာညာနဲ့ တစ်ဖက်က ပြဿနာတင် လာပြီလေ၊ ဒီတော့ ခင်ဗျား အနေနဲ့...။
“တော်ပါတော့ဗျာ၊ ကျွန်တော် ခုတလော ဝတ္ထုတို ရေးအား နည်းနေတယ်၊ အနုပညာရေးရာ အတွေ့အကြုံတွေသာ အရေးများ နေတယ်၊ ပြီးတော့ မိဘနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးရဖန် များလို့ ငြီးငွေ့နေပါပြီ၊ Sorry ပဲ” ဟု တိုတိုပြတ်ပြတ် ပင်ပြော၍ တယ်လီဖုန်းကို အလျင်စလို ချပစ်လိုက်ပါတော့သည်။
အမေအကြောင်း၊ အဖေအကြောင်း၊ စာပေ အနုပညာ အကြောင်းထက် သူ၏ အတို့အထောင် ဉာဉ်ကို မကြိုက်သောကြောင့် ဖြစ်ပါသည်။ ပြီးတော့ တစ်ပါးသူ စကားပြောလျှင် အလွန် သည်းညည်းခံ နားထောင်ပေး တတ်သော ကျွန်တော်သည်ပင် သူ့အတွင်းစိတ်ကို မခံ မရပ်နိုင်တော့ပါ။ ကိုယ့်ထက် အသက် ကြီးနေသူ မိတ်ဆွေမို့သာ ကျွန်တော့် ပါးစပ်က ဖရုဿဝါစာတွေ ထွက်မသွားခြင်း ဖြစ်ပါသည်။
“အမေညိုကြီးကတော့ ကျန်းမာ တယ်နော်၊ သူ့ဆီ တယ်လီဖုန်း ဆက်ရင် အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ယူရတယ်၊ စကားပြော ကလည်းကောင်း၊ အသံကြီးကလည်း မာလိုက်တာ၊ မှတ်ဉာဏ်တွေက လည်း ကောင်းမှကောင်း”
ဟု သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အမေ အကြောင်းကို ချီးကျူးစကားဆိုပါသည်။ သူက အမေ အစွဲအလန်း ကြီးသူ ဖြစ်သည်။ ကျွန်တော့်ထက်ပင် လွန်ကဲပါ သည်။ သို့သော် အနုပညာသမား မဟုတ်ပါ။ ထို့ကြောင့် အမေဘွဲ့ကို သူမဖွဲ့တတ်နိုင်။
ပြီးတော့ သူသည် ကျွန်တော့်အမေနှင့် သူ့အမေကို အမြဲနှိုင်း ယှဉ်ကြည့်နေတတ်သူ ဖြစ်သည်။ သူ့အမေနှင့် ကျွန်တော့်အမေသည် စိတ်ထားတတ်ပုံချင်းရော၊ မုဆိုးမ ဖြစ်ကြခြင်း ပါတူသည်။ ကုန်ကုန်ပြော ကြကြေး၊ အရွယ် ကောင်း ကြစဉ်မှာပဲ ယောက်ျားနောက် အိမ်ထောင်ပြု သွားသည်ကို ခံရပုံခြင်းလည်း တူပါသည်။ မတူတာက ကျန်းမာရေးနှင့် မိသားစုရေးပင် ဖြစ်ပါသည်။ ကျွန်တော့် မိခင်က ( ၈၀ ) ကျော်ပါပြီ။ သွားတစ်ချောင်းမျှ မကျိုးသေးပါ။ စားကောင်းတုန်း၊ သောက်ကောင်း တုန်း၊ အိပ်ကောင်း တုန်းပင်။ မှတ်ဉာဏ်တွေကလည်း ကောင်းနေပါသေး သည်။ ( ၇၀ ) ကျော်မှ လေဖြတ်သွားသော်လည်း ပြန်ကောင်းသွား၏။ ( ၈၀ ) နားနီးမှ လက်မောင်း အဆစ်ပြုတ် သွားသော်လည်း ပြန်ဆက် သွား၏။ ရှေးဘဝ ကုသိုလ်ကံဟုပင် ဆိုရပါလိမ့်မည်။ လူ့သဘာဝအတိုင်း အသက်ကြီးလာသဖြင့် စကားတွေ များလာသော်လည်း မှတ်ဖွယ်သားဖွယ် များသာ ဖြစ်နေပါ၏။
ဒါကိုပင် ကျွန်တော့်သူငယ်ချင်းက သူ့မိခင်နှင့် ယှဉ်၍ အားကျ နေပါသည်။ သူ့မိခင်သည် ကျန်းမာရေး မကောင်းပါ။ (၆၀) လောက် ကတည်းက ချူချာခဲ့သူ ဖြစ်ပါသည်။ ဆေးနှင့်မပြတ် နေရရှာသူပါ။ မှတ်ဉာဏ်တွေလည်း လျော့ရဲ လာခဲ့ပါသည်။ ဥပမာ တီဗွီပြလို့ ကျွန်တော် သီချင်းဆိုသည့် ကဏ္ဍ ပါလာလျှင်... ။
“ဟဲ့... ဒီကောင်လေး ပြန်သောက်နေပြန်ပြီ ထင်တယ်”
“ဟဲ့... ဒီကောင်လေး မသောက်တော့ဘူး ထင်တယ်” ဟု အမြဲလိုလို ပြောတတ်ပါသည်။ အမှန်မှာ ကျွန်တော် တီဗွီ မရိုက်တာ ကြာပါပြီ။ အဟောင်းများကို အလျဉ်းသင့်သလို ပြန်လွှင့်နေခြင်းသာ ဖြစ်သည်။ “မကောင်း ခြောက်လ၊ ကောင်းခြောက်လ” ကျွန်တော်မှာ လည်း တီဗွီများ ရိုက်နေစဉ်က အရက်သောက်ချိန်နှင့် ကြုံလျှင် ကျွန်တော့်ပါး ဖောင်းနေတတ်ပြီး နားနေချိန်နှင့် ကြုံလျှင် ကျွန်တော့်ပါး ပိန်နေပါ သည်။ ဒါတွေကို အလျဉ်းသင့်သလို ပြန်လွှင့်သောအခါ ကျွန်တော့်ပါး သည် ပိန်လိုက် ဖောင်းလိုက်။ ဤတွင် သူ့ မိခင်ကြီးက အထက်ပါအတိုင်း မှတ်ချက်ပြုခြင်း ဖြစ်၏။ ထိုအခါ သူငယ်ချင်းဖြစ်သူက...
“မဟုတ်ပါဘူး အမေရယ်၊ သူအခု မသောက်တော့ပါဘူး၊ ဒါတွေက အရင်တုန်းက ရိုက်ထားတဲ့ သီချင်းတွေပါ” ဟုရှင်းပြရသည်။ သို့သော် ရှင်းတုန်း ခဏပါပဲ။ နောက် တစ်ကြိမ် ထိုသီချင်းပြန်လာလျှင် “ဟော ဒီကောင်လေး ပြန်သောက်နေပြန်ပြီ”။ ထိုကိစ္စကို ယနေ့တိုင် ဘယ်လိုမှ ရှင်းမရတော့ပါ။
စောစောကပြောသလို သူက ကျွန်တော့်အမေနှင့် သူ့အမေကို နှိုင်းယှဉ်ရာ၌ ကျန်းမာရေးကိစ္စသည် အဓိက မဟုတ်ပါ။ အသက်ကြီး လာလျှင် ကျန်းမာရေးထိခိုက် ယိုယွင်းလာတာ ဓမ္မတာဟု သူသဘော ပေါက်ပြီးသား ဖြစ်သည်။ ပြဿနာမှာ မိသားစုကိစ္စ ဖြစ်ပါသည်။
ကျွန်တော့်အမေမှာ သားလေးယောက်ရှိသည်။ အတူနေက သားတစ်ယောက်နှင့် ချွေးမ။ ကျန်သော သား သုံးယောက်နှင့် ချွေးမ သုံးယောက်ကလည်း လက်တစ်ကမ်း မှာပင် နေကြသည်။ အမေ့အိမ်ကို သားသုံးယောက်အိမ်က ဝန်းရံထားသည် ဆိုပါစို့။ ပြီးတော့ ကျွန်တော်တို့ သားလေးယောက်ထက်ပင် ချွေးမ လေးယောက်က အမေ့ကို ပို၍ ဂရုတစိုက် ရှိကြလေရာ အမေသည် သူ့အရွယ် သူ့ အခြေအနေနှင့် လိုလေသေး မရှိဟု ဆိုရနိုင်ပါသည်။
ဤသည်ပင်လျှင် ကျွန်တော့်သူငယ်ချင်းအတွက် သူ့အမေနှင့် ပတ်သက်ပြီး ခံစားချက် ပိုမိုပြင်းထန်စရာ ဖြစ်ခဲ့ရပါတော့သည်။
သူ့အမေတွင်လည်း သားသမီး ( ၆ ) ယောက် ထွန်းကားခဲ့ ပါသည်။ အားလုံးလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ကောင်းကောင်း ရပ်နိုင်ရုံမျှမက ချောင်ချောင်လည်လည် ရှိကြသူများ ဖြစ်ပါသည်။ သို့သော် သားသမီးကံ မကောင်း ဟုဆိုရမလားမသိ။ သမီး တစ်ယောက်က အပျိုကြီးဖားဖား ဖြစ်လေမှ ဥပစ္ဆေဒကကံဖြင့် ကွယ်လွန်သည်။ သား တစ်ယောက်က ထောင်တန်းကျနေသည်။ (သည်တော့ ချွေးမဖြစ်သူမှာ သည် ယောက္ခမကြီးထက် သူ့လင်သားကိစ္စ ကိုပို၍ ဗျာများနေရသည်) ငွေကြေး ပို့ပေးနိုင်သော်လည်း မေတ္တာတရားကို ပို့မပေးနိုင်သော သား သမီး တစ်ယောက်ကလည်း သျှောင်နောက် ဆံထုံးပါဖြင့် တစ်နယ် တစ်ကျေးမှာ။ နောက်သား တစ်ယောက်က နိုင်ငံခြားမှာ။ ထိုအမေနှင့် အတူနေ ဆိုလို့ သားကြီးနှင့် သားလတ်သာ ရှိသည်။
ထိုအထိကတော့ ထိုအမေကြီးအတွက် မထောင်းသာလှ ဟု ဆိုချင်ဆိုနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအမေထက် သားသမီး ကံဆိုးသော အမေတွေ အပုံအပင် ရှိနေသောကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အထွာ နှင့် ကိုယ်ကတော့ ဘဝမှာ လိုအပ်ချက်တွေ အမြဲ ရှိနေသည် မဟုတ်ပါလားလေ။
ကျွန်တော့်သူငယ်ချင်း၏အမေ တွင်လည်း သူ့ဘဝ သူ့ အခြေ အနေအရ လိုအပ်ချက်တွေ ရှိနေပါသည်။ စာဖွဲ့လောက်အောင် ဘဝမနာ သော်လည်း ကိုယ်ချင်းစာ ကြည့်နိုင်ပါသည်။
အထက်တွင်ဆိုခဲ့သော “ကျွန်တော့်အမေ ကံကောင်းသည်ကို ချီးမွမ်းခန်း”ဖွင့် လေတိုင်း ကျွန်တော့် သူငယ်ချင်းသည် မျက်ရည်လည် နေတတ်ပါသည်။ မကြာ မကြာလည်း ကျွန်တော့်အမေ ကံကောင်းပုံကို မုဒိတာ ပွားတတ်ပါသည်။ ဒါကိုက သူ့အမေ၏ ဘဝကို နှိုင်းချိန်နေခြင်း ဟု ကျွန်တော်က သဘောပေါက်ပါသည်။ ပြောခဲ့ပါပကော၊ ကိုယ့်အထွာ နှင့် ကိုယ်ပါဟု။
သို့သော် တစ်နေ့တွင် သူက မျက်ရည်လည်ရုံ တွင်မက မျက် ရည်ကျလျက် စကားဆိုပါသည်။
“အမေညိုက ကံကောင်းတယ်ဗျာ ကျွန်တော့်အမေ ကံဆိုးရှာတယ်”
ကြားနေကျစကားပင် ဖြစ်သော်လည်း သည်တစ်ခါ နည်းနည်း ပိုထူးခြားသည်မို့ အာရုံစိုက် နားထောင်ရပါသည်။
“အမေ့ရောဂါက ပိုဆိုးလာတယ်ဗျာ၊ စိတ်ကလည်း ပိုပြီး ချောက်ချားလာသလိုပဲ၊ အိမ်မှာ ကျွန်တော်မရှိရင် တစ်ယောက်တည်း နေရတာကိုး”
“ဗျာ... ခင်ဗျားညီလင်မယား ကရော”
“အဲ ပြောချင်လို့ပေါ့ဗျာ၊ ပြဿနာက ကျွန်တော့် ညီရဲ့မိန်းမနဲ့ အမေနဲ့ ရန်ဖြစ်ကြတဲ့ကိစ္စပါ၊ ဒါကလည်း ကမ္ဘာဦး အစကတည်းက ဖြစ်စဉ်မို့ မပြောပလောက်ပါဘူး၊ ဒါပေမယ့် ဒီကောင်က မယားဘက် လုံးဝပါပြီး အိမ်ပေါ်က ဆင်းသွား တယ်၊ သေခန်းပြတ်တဲ့ဗျာ၊ အမေကို”
“ခုဆိုရင် ဒီကောင်ဟာ သူ့အိမ်သာရေးနာရေးလည်း အမေ့ကို မပြောတော့ဘူး၊ အမေ့အိမ် သာရေးနာရေးလည်း သတင်းမေးဖော် မရတော့ဘူး၊ ကုန်ကုန်ပြောမယ်ဗျာ၊ သူတို့ရဲ့ ဒုတိယသားလေးကိုတောင် အမေ့ခမျာ ဒီနေ့ထိ မမြင်ဖူးရှာဘူး၊ ငွေကြေး ထောက်ပံ့ဖို့ ဆိုတာ ဝေးရောပဲ”
“ခင်ဗျားအမေဘက်ကရော ပြန်ပြီး အဆက်အသွယ် မလုပ်ဘူးလား”
“သူက စ,လုပ်သင့်တယ်လေဗျာ၊ ပြီးတော့ အမေက ကျွန်တော် တို့ ရှိနေသားပဲ ဆိုပြီး မာနကလေးကလည်း မချချင်ဘူး၊ ခက်တာက အိမ်မှာ လူလေး လူငယ်ကလည်း မရှိဘူး၊ ကျွန်တော်နဲ့ အမေ နှစ်ယောက် တည်းနေကြတာ (သူက လူပျိုကြီး ဖြစ်သည်) ကျွန်တော့်မှာက စားဝတ် နေရေး လုပ်ငန်းကလည်း တစ်ဖက်၊ အချိန်မတော် အချိန်တော် အိမ်မြဲ တာ မဟုတ်ဘူး၊ ကြုံသလို အမေ့ကို ပြုစုနေရတာ၊ နေကြရတာလည်း တိုက်ခန်းဆိုတော့ ကျွန်တော်မရှိတဲ့အချိန် အိမ်ကို သော့ခတ် ထားရတော့မီးရေးထင်းရေးကလည်း ရှိသေးတယ်၊ အမေ တစ်ယောက်တည်း အခန်း ထဲ ပိတ်ထားခဲ့ ရတာလည်း စိတ်မချဘူး၊ အဲ ကျွန်တော် အိမ်ပြန် ရောက် တော့လည်း တစ်နေ့လုံး အထီးကျန်နေခဲ့ရတဲ့ အမေနဲ့ စကားစမြည် ပြောပေးနေရပြန်ရော” ဟု မျက်ရည်စကား ဆိုပါသည်။
သူတို့မိသားစု ပြဿနာ ဘာတွေရှိလို့ ဘယ်သူ့ အမှား ဆိုတာ ကျွန်တော် မသိပါ။ သိလည်း မသိတန် ကောင်းပါ။ သို့သော် သူငယ်ချင်း ၏ အမေဆိုသော အသိကြောင့် ကျွန်တော် စိတ်မကောင်း ဖြစ်ရတာတော့ အမှန်ပင်။ အခြား ကျွန်တော်နှင့် မသိသော လူတစ်ယောက်၏ အမေဆို လျှင်တော့ ကျွန်တော် ခုလောက် ဂရုတစိုက် ရှိချင်မှရှိမည်။ သူများ အမေ တွေ သည့်ထက် ဆိုးကြသည်ကို ကျွန်တော် သဘောပေါက် သော်လည်း ကိုယ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမို့ ကျွန်တော်က အဖြစ်သည်း နေတာ ကိုလည်း ဝန်ခံပါသည်။
မည်သို့ပင်ရှိစေ၊ အမေတွေ ဒုက္ခရောက်တာ ကျွန်တော် မကြိုက် ပါ။ အမေတွေဘက်က အမှားတွေ ရှိချင် ရှိပါမည်။ သို့ အမေသာ ဖြစ်သည် ဟု ကျွန်တော်က ကိုယ်တွေ့ မျက်မြင် ရှိထားသူမို့ ဘက်လိုက် နေချင်မိပါသည်။