Skip to product information
1 of 5

Other Websites

သာဓု - လူ၀ါး၀တယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တစ်လအတွင်း ကောင်းစွာနေ

သာဓုတို့ ငယ်စဉ် သူ့ကျွန်ဘဝက စက်ဘီးစီးသည်ပင် မလွတ်လပ်၊ လမ်းလယ်မှစီးလျှင် ဖမ်းသည်။ နယ်ချဲ့သမား အုပ်ချုပ်သူတို့ အကြောင်းပြချက်မှာ စက်ဘီးမှာ အနှေးယာဉ် ဖြစ်၍ လမ်းလယ်မှစီးလျှင် နောက်မှလာသော မော်တော်ကား၊ ဓာတ်ရထားများအဖို့ အနှောင့်အယှက်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် လမ်းဘေးကို ကပ်၍စီးရသည်။

နောက်ပိုင်း ကယ်ရီယာ ကုန်ပစ္စည်း အသေးအမွှား တင်သည့်ခုံတွင် လူတင်စီးကလည်း ဖမ်းသည်။ ရေနံဆီပုံစသော ကြီးကြီးမားမား တင်လျှင်လည်း ဖမ်းသည်။ သူတို့က မတော် တဆ တိုက်ခိုက်မှုဖြစ်လျှင် နှစ်ယောက် ဒဏ်ရာရမည်ဟု လည်းကောင်း၊ ကုန် လေးလေးပင်ပင် နောက်ပိုင်းတွင် တင်က စက်ဘီး မထိန်းနိုင်ဖြစ်လျက် တိုက်ခိုက်လဲကျမှု ပို၍ဖြစ်နိုင် သည်ဟု လည်းကောင်း အကြောင်းပြသည်။

ဘဲလ်(ခေါင်းလောင်း၊ ဟွန်းအသေးစား) တစ်ခုခု မပါလျှင် လည်း ဖမ်းသည်။ အကြောင်းပြချက်ကား စက်ဘီးကို အရှိန် ပြင်းပြင်း နင်းလာခိုက် ကလေးများ၊ သက်ကြီးရွယ်အိုများကို တိုက်မိလျှင် သေစေနိုင်သည်။ သန်သန်မာမာလူပင် ဖြစ်စေ၊ ဒဏ်ရာရစေ၊ ကျိုးစေနိုင်သည်။ ထို့ကြောင့် ရှေ့မှလူကို အသိ ပေးရန် အသံပြုကိရိယာ ဘဲလ်၊ ခေါင်းလောင်း၊ ဟွန်း ပါရ မည်ဟု ဆိုသည်။

ညအခါ မှောင်စပြုသည်နှင့် မီးမပါပြန်လျှင်လည်း ဖမ်း သည်။ သူတို့က ဆိုသည်မှာ လက်တွန်းလှည်းကလေးပင်ဖြစ် စေ၊ ညအခါ မီးပါမှသာလျှင် အဝေးမှလာသော မော်တော် ကား၊ ယာဉ်ရထားများက မြင်ရမည်။ ရှောင်နိုင် တိမ်းနိုင်မည်။ ဥပမာ စက်ဘီးက ဆေးရောင်အမည်း အသားညိုညို လူတစ်ယောက် အင်္ကျီအနက်၊ လုံချည်အမည်းကွက်ဝတ်၍ စက်ဘီးစီး လာသော် ညအခါ ပေငါးဆယ်အတွင်း လုံးဝမမြင်ရနိုင်၊ တိုက်မိ ခိုက်မိနိုင်သည် ဟူ၍ ဖြစ်၏။ ထိုထိုအမှုများဖြင့် ဖမ်း၍ ရုံးတင်သော် ဒဏ်ငွေ တစ်ကျပ်၊ နှစ်ကျပ် စသည်ဖြင့် တပ်၏။

ထိုစဉ် သူ့ကျွန်ဘဝက အဘယ်မျှ မလွတ်မလပ် ရှိသည်ကို ရေးရသော် သာဓုတို့ ညအခါ မီးမပါဘဲ စက်ဘီးစီး၊ ပုလိပ်မြင် ၍ ဆင်းပြီး တွန်းသွားသည့်တိုင် အဖမ်းခံရသေးသည်။ ညသန်းခေါင်ကျော်သာမက မိုးလင်းသည်အထိ ပုလိပ်များကို ထိုနေရာ တစ်ယောက် ဤနေရာ နှစ်ယောက်ဆိုသလို တာဝန်ကျနေသည်။ ဝီစီခေါ် အရေးပေါ်ပုလိပ်ခရာ မှုတ်လိုက်သည်နှင့် ဘယ်ကထွက်လာ သည်မသိ ပုလိပ် ရောက်နေတတ်သည်။

သာဓုသည် ငယ်စဉ်က အငြိမ့်အလွန်ကြိုက်သည်။ လူပြက် များကို အလွန်သဘောကျသည်။ ဒန်ပေါက်၊ ညှပ်ကြီး၊ ဓာတ်ဆီ၊ ဓာတ်စံ၊ ကိုကြင်ခဲ၊ ကိုပဋိက္ခယား၊ ကိုဟော်တယ်၊ ကိုစပါယ်ရှယ် စသော လူရွှင်တော်များပါသည့် အငြိမ့်ဆို လျှင် ဆယ်မိုင်မျှ ဝေးသော်ဝေးစေ သွားကြည့်သည်သာ ဖြစ်၏။

တစ်ညတွင် ဒန်ပေါက်၊ ညှပ်ကြီးတို့ပါသော အငြိမ့် ကြည့်မြင်တိုင်တွင် ကမည်ကို သိသောကြောင့် သိမ်ကြီးဈေးနားတွင် နေသော သာဓုလည်း ညနေစောင်း လောက်ကပင် စက်ဘီးစီး ၍ ပွဲကြည့်ထွက်ခဲ့၏။ ထိုစဉ်က အငြိမ့်များမှာလည်း မလွတ်လပ်၊ ကျမ်းမာရေးအကြောင်းပြချက်ဖြင့် ညနေ ၆ နာရီခွဲမှ ည ၁၂ နာရီ အထိသာ အငြိမ့်ကခွင့်ရကြ၏။

ထို့ကြောင့် ပွဲစဉ် ကကချင်း ကြည့်နိုင်အောင် ၅ နာ ရီ လောက်ကတည်းက သာဓု ပွဲစင်ဘေးတွင် ရောက်နေခဲ့ကာ ည ၁၂ နာရီ ပွဲပြီးပြီးချင်း စက်ဘီးကို သုတ်သုတ်နင်း၍ ပြန်လာ သည်။ မျက်လုံးကလည်း ပုလိပ်ကို ကြည့်ရသေး၏။

လတ္တာလမ်း (ယခု လသာလမ်း) ထိပ်သို့ ရောက်သည်နှင့် မှောင်ရိပ်ထဲမှ ထွက်လာသော ပန်ချာပီပုလိပ်က ဆီးဖမ်းကာရဲဌာနသို့ ခေါ်သွားလေတော့သည်။ ထိုအခါက လက်ဖက်ရည် နှစ်ခွက်ဖိုးမျှဖြစ်သော ပိုက်ဆံ ၆ ပြား သာဓက ထုတ်ပေး သော်လည်း သူ လက်မခံ၊ နည်း၍လောမသိ။

ရဲဌာနရောက်သော် အမည်၊ လိပ်စာ မေးသည်။ နောက် တစ်နေ့ နံနက် ၁၀ နာရီ သမာဓိလူကြီးရုံးသို့ သွားရန် ညွှန် ကြားပြီး ပြန်လွှတ်လိုက်သည်။

ချိန်းသည့်နေ့ ရုံးသို့ရောက်သောအခါ တတိယမြောက် နာမည်မှာ သာဓု ဖြစ်လျက် မျက်မှန်းတန်းမိနေသော သမာဓိ လူကြီးက 'မင်းရောက်လာပြန်ပြီလား”

ဤသို့အမေးခံရသည်မှာ လေးကြိမ်ထက် မနည်းတော့ချေ။ သာဓုမှာ လမ်းလယ်တွင် ဘော်လုံးကန်မှုဖြင့် လည်းကောင်း၊ စက်ဘီး နှစ်ယောက်စီးမှုဖြင့် လည်းကောင်း၊ မီးမပါမှုဖြင့် လည်းကောင်း သင်္ကြန်တွင်း မဏ္ဍပ်ထိုးရန် ကတ္တရာလမ်းကို ဖောက်၍ တွင်းတူးမှုနှင့် လည်းကောင်း (သူ့ကျွန်ဘဝ ချုပ် ချယ်မှုများဖြင့်) ရုံးရောက်သည်မှာ မကြာခဏ။ “ဟုတ်ကဲ့”

သမာဓိလူကြီးမှာ ဦးဘိုင်မြား ခြစ်တဂေါင်းကုလား လူကြီးလူကောင်း ဖြစ်၏။ သူ့အမေးကို သာဓက ဖြေလိုက် သည်နှင့်“အေး ဒဏ်ငွေနှစ်ကျပ်နဲ့” “ဟုတ်ကဲ့"

'ဘာဟုတ်ကဲ့လဲ၊ မပြီးသေးဘူး၊ မင်းခဏခဏ ပြစ်မှုကျူး လွန်တယ်၊ စက်ဘီး မီးမပါဘဲစီးလို့ အဖမ်းခံရတာ သုံးခါရှိပြီ၊ ဘာပြုလို့ မီးမထွန်းသလဲ” 

‘ဝယ်စရာ ပိုက်ဆံမရှိလို့ပါ” 

“မဝယ်နိုင်လို့ မီးမထွန်းနိုင်ရင် ညမစီးနဲ့ပေါ့” 

“ကိစ္စအရေးကြီးတဲ့အခါသာ စီးတာပါ” 

“ညကြီးမိုးချုပ် ဘာအရေးကြီးတာလဲ” 

“အငြိမ့်သွားကြည့်တာပါ” 

“အငြိမ့်က အရေးကြီးသလားကွ” 

'ဟုတ်ကဲ့ လူပြက် ပြက်တာ သိပ်ရယ်ရပါတယ်၊ ရယ်တာ ဟာ ကျမ်းမာ တယ်ဆိုလို့”

“တော်ပြီ၊ ဒဏ်ငွေနှစ်ကျပ်ပေးခဲ့၊ နောက်ပြီး တစ်လအတွင်း ဒီရုံးကို ပြန်ရောက်မလာစေနဲ့၊ နားလည်လား၊ ဒါ တစ်လ အတွင်း ကောင်းစွာ နေရမယ်ဆိုတဲ့ ပြစ်ဒဏ်ခေါ်တယ်” ။

သာဓုက ဘာမျှထပ်မပြောတော့ဘဲ ငွေနှစ်ကျပ် ဒဏ်ဆောင် သည်။ ဖြတ်ပိုင်းတစ်ခု ရသည်။ နောက်ဆုံး အပြစ်ဒဏ်နှင့် ပတ်သတ်၍ မကြားဖူး မခံရဖူး သောကြောင့် ရှင်းရှင်းသိလို၍ ဦးဘိုင်မြားဆီ လျှောက်သွားပြီး

“ကျွန်တော် မသိလို့မေးပါရစေ မာမူကြီး၊ တစ်လအတွင်း ကောင်းစွာနေရ မယ်ဆိုတော့ ဒီတစ်လကကျော်ရင်ကော” 

“ဟာ၊ လူဝါးဝတဲ့ကောင်လေးပဲ၊ သွားသွား” ဟုပြောရင်း ရယ်ရင်း သာဓု အား မောင်းထုတ်လိုက်သည် ဟူသတတ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)