Skip to product information
1 of 3

Other Websites

မြသန်းတင့် - လေလွင့်သူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           ကျွန်တော့် အဖြစ်အပျက်ကို နားထောင်ချင်သလား။ နားထောင်ချင်တယ်ဆိုရင် ကျွန်တော် ဘယ်မှာ မွေးတယ်၊ ကျွန်တော် ငယ်ငယ်က ဘယ်လို၊ ကျွန်တော့်ကို မမွေးခင် ကျွန်တော့် မိဘတွေက ဘာလုပ်တယ်၊ ပြီးတော့ ကျွန်တော် ငယ်ငယ်က ဒေးဗစ်ကော်ပါးဖီးလို ဆင်းဆင်းရဲရဲ နေခဲ့ရတယ် ဆိုတာတွေကို ခင်ဗျားကတော့ နားထောင်ချင်မလား မပြောတတ်ဘူး။ ဒါပေမယ့် အမှန်ပြောရရင်တော့ ဒါတွေကို ကျွန်တော် သိပ် မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေကို ပြောရတာ ကျွန်တော် ငြီးငွေ့ တယ်။ ဒါက ပထမ အချက်။ နောက်တစ်ချက်ကတော့ ကျွန်တော့် မိဘတွေရဲ့ ကိုယ်ရေး ကိုယ်တာတွေကို ပြောရရင် သူတို့ နှစ်ယောက် စလုံး သွေးတက်ပြီး ဦးနှောက်သွေးကြော နှစ်ခါစီလောက် ပြတ်ကုန်ကြမှာသေချာတယ်။ ကိုယ်ရေး ကိုယ်တာတွေကို ပြောတာ သူတို့က မကြိုက်ကြ ဘူးလေ။ အထူးသဖြင့် အဖေက ပိုဆိုးတယ်။ သူတို့ နှစ်ယောက်စလုံး စင်းလုံးချောချည်းပဲလို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် မိဘတွေက နည်းနည်းတော့ အကဲဆတ်တယ်။

           ခု ခင်ဗျားတို့ကို ကျွန်တော့် အတ္ထုပ္ပတ္တိ တစ်ခုလုံးကို ပြောပြမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နာတာလူးပွဲတော် တစ်ဝိုက်လောက်က ကျွန်တော်တွေ့ခဲ့တဲ့ ရူးနှမ်းနှမ်း အတွေ့အကြုံကလေး တစ်ခုကို ပြောပြမလို့ပါ။ ကျွန်တော် | ဘယ်လောက် ခံလိုက်ရတယ်၊ ခု အခြေအနေမျိုးကို ရောက်လာတယ်ဆိုတဲ့ အကြောင်းကလေးပါ။ ဒီအကြောင်း ဒီဘီကိုလဲ ကျွန်တော် ပြောပြီးပါပြီ။ ဒီဘီ ဆိုတာက တခြား မဟုတ်ပါဘူး။ ကျွန်တော့် အစ်ကိုပါ။ သူက ဟော လီဝုဒ်မှာ။ ခု ကျွန်တော် ပြောနေတဲ့ နေရာနှင့်ဆိုရင် သိပ်မဝေးဘူး။ စနေတို့တနင်္ဂနွေတို့ဆိုရင် ကျွန်တော့်ဆီကို အမြဲပဲ လာလေ့ ရှိတယ်။ နောက်လလောက်ကျွန်တော် အိမ်ကို ပြန်ဖြစ်ရင် သူပဲ သူ့ကားနဲ့ လိုက်ပို့ပေးမယ်လို့ ပြောထား တယ်။ သူ့မှာ ယေက ကားတစ်စင်း ရှိတာကိုး။ ယေက ကားလေးက တော်တော် ကောင်းတဲ့ အင်္ဂလိပ်ကားလေးဗျ။ တစ်နာရီ မိုင်နှစ်ရာလောက် မောင်းလို့ ရတယ်။ သူ ဝယ်တုန်းက ဒေါ်လာ လေးထောင်လောက် ကျတယ်။ ခုတော့ ဟန်ကျနေပြီ ဆိုပါတော့။ ဟိုတုန်းကတော့ သူက စာရေးဆရာဗျ။ ဝတ္ထုတို လေးတွေ ဘာလေးတွေ ရေးတယ်။ “လျှို့ဝှက်သော ရွှေငါးကလေးနှင့် ဝတ္ထု တိုများ” ဆိုတဲ့ စာအုပ်တစ်အုပ်တောင် ထုတ်ခဲ့သေးတယ်။ တကယ်ကတော့ ခင်ဗျား သူ့နာမည်ကို မကြားဖူးဘူး မဟုတ်လား။ သူ့ ဝတ္ထုတို ပေါင်းချုပ်ထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ “လျှို့ဝှက်သော ရွှေငါး” ဆိုတဲ့ ဝတ္ထုကလေးကို အကြိုက်ဆုံးပဲ။ ကောင်လေး တစ်ယောက်ဟာ သူ့ရဲ့ မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးနှင့် ရွှေငါးလေး တစ်ကောင် ဝယ်ထားတယ်။ သူ့ ငါးလေးကို နှမြောလွန်းလို့ စုံမက်လွန်းလို့ ဘယ်သူ့ကိုမှ ကြည့်ခွင့်မပေးဘူး။ ကျွန်တော်ကတော့ တော်တော် ကြိုက်တယ်ဗျာ။ ခုတော့ ဝတ္ထုတွေ ဘာတွေ မရေးတော့ပါဘူး။ ဟောလီဝုဒ်မှာ ရုပ်ရှင်သမား ဖြစ်နေပြီ။ အဲ ကျွန်တော်ကလဲ ရုပ်ရှင်တို့ ရုပ်ရှင်သမားတို့ ဆို ရင် အလွန်မုန်း။ ။

          ကျွန်တော့် အဖြစ်အပျက်ကို ကျွန်တော် ပင်အေ အထက်တန်းကျောင်းက | ထွက်လာတဲ့ နေရာက စပြောမယ်။ ပင်အေ အထက်တန်းကျောင်း ဆိုတာကပင်ဆဗေးနီးယားနယ် အေးစ်တောင်းမှာ ရှိတဲ့ ကျောင်းတစ်ကျောင်းပါ။ ဒီကျောင်းနာမည်ကို ခင်ဗျားတို့လဲ ကြားဖူးချင် ကြားဖူးကြမှာပါ။ အဲဒီကျောင်းကြော်ငြာတွေကို တွေ့လဲ တွေ့ဖူးမှာပေါ့။ မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာလိုက်တာ ကလဲ အမေရိကန်မှာ ရှိတဲ့ မဂ္ဂဇင်းတိုင်းမှာလိုလို သူ့ ကြော်ငြာတွေချည်းပဲ။

          ဟော့ရှော့ ကျောင်းသားလေး တစ်ယောက် မြင်းစီးပြီး ခြံစည်းရိုးကို ခုန်နေတဲ့ | ပုံနှင့်လေ။ သူ့ကြော်ငြာပုံက စာသင်ကျောင်း ကြော်ငြာနှင့် မတူဘဲ ပိုလိုအရိုက် သင်တန်းကျောင်း ကြော်ငြာနှင့် တူနေတယ်။ စာသင်ကျောင်းဆိုရင်လဲ ဒီကျောင်းမှာ အချိန်ရှိသရွေ့ ပိုလိုပဲ ရိုက်နေကြသလားလို့တောင် ထင်ကြမလား မသိဘူး။ ဒါပေမယ့် ကျွန်တော် နေခဲ့တဲ့ အတွင်းမှာတော့ ကျောင်းနားမှာ ပိုလိုရိုက်ဖို့ မပြောနှင့်၊ မြင်းဆိုလို့ တစ်ကောင် တစ်မြီးမှ မမြင်ခဲ့ဖူးဘူး။ အဲဒီ မြင်းစီးနေတဲ့ ကောင်လေးရဲ့ ဓာတ်ပုံအောက်မှာ “၁၈၈၈ ခုနှစ်မှ စ၍ ကျွန်ုပ်တို့ ကျောင်းသည် လူတော် လူကောင်းများ ဉာဏ်ကောင်းသူများကို မွေးထုတ်ပေးခဲ့သည်” လို့ ရေးထားတယ်။ ဒါပေမယ့် ကြော်ငြာဆိုတာ ကျော်အောင် ညာတဲ့ သဘောပါ။ ဒိပြင် ကျောင်းတွေနှင့် ဘာမှ မထူးပါဘူး။ သူတို့ ကျောင်းက ထွက်တဲ့ လူတော် လူကောင်းတို့ ဉာဏ်ကောင်းသူ ဆိုလို့လဲ သိပ် မတွေ့ရ ပါဘူး။ အဲ တစ်ယောက် နှစ်ယောက်တော့ ရှိချင် ရှိမှာပေါ့။ ဒါလောက်တော့ ဘာပြောလောက်လို့လဲ။ သူတို့ကျောင်း မရောက်လို့ တခြား ကျောင်းကို ရောက် သွားရင်လဲ တော်တဲ့လူက တော်မှာပဲ။

          အဲဒီနေ့က စနေနေ့။ ဆက်ဇုံကျောင်းနှင့် ဘောလုံးပွဲ ရှိတယ်။ ပင်ဆေး ကျောင်း တစ်ဝိုက်မှာတော့ ဆက်ဇုံကျောင်းနှင့် ကန်တဲ့ ဘောလုံးပွဲဟာ တကယ့် ပွဲကြီး ပွဲကောင်းပေါ့။ ပြီးတော့ ပွဲက ဒီနှစ် အဖို့ နောက်ဆုံးပွဲ။ ကွင်းပိတ်ပွဲ။ ဒီတော့ ပင်ဆေးကျောင်းကများ မနိုင်ရင် ကျောင်းအုပ်ကြီးဟာ ကိုယ့်ကိုယ်ကိုယ် သတ်များ သေမလား မသိဘူး။ ကျွန်တော် မှတ်မိသေးတယ်၊ အဲဒီနေ့ ညနေ သုံးနာရီလောက်မှာ ကျွန်တော်က သော်ဇင်တောင်ကုန်းပေါ်မှာ ရပ်နေတယ်။

          သော်ဇင်တောင်ကုန်း ဆိုတာ ပြည်တွင်းစစ်တုန်းက သုံးခဲ့တဲ့ အမြောက်ကြီး ပြထားတဲ့ နေရာရဲ့ ဒီဘက်က ကမူကလေးရယ်။ အဲဒီ ကုန်းလေးပေါ်က စီးကြည့်ရင် နှစ်သင်းလုံးကို ကောင်းကောင်း မြင်ရတယ်။ နှစ်သင်းစလုံးက လူတွေ ဘောလုံး အပို့အယူ လုပ်တာတို့ ဘာတို့ကိုလဲ သေသေချာချာ မြင်ရ တယ်။ ဒါကြောင့် ကျွန်တော် ဒီကုန်းလေးပေါ်က တက်ကြည့်တာ။ ဂရင်း စတင်းဘက်ကိုတော့ ကောင်းကောင်း မမြင်ရဘူး။ ဒါပေမယ့် အဲဒီ ဘက်ကအော်ဟစ် အားပေးသံတွေ၊ အုတ်အုတ်ကျက်ကျက် ပြောဆို နေသံတွေကိုတော့ ကြားနေရတယ်။ ပင်ကျောင်းဘက်က အားပေးနေကြတာလေ။ ။

          ကျွန်တော်က လွဲရင် ကျွန်တော်တို့ ကျောင်းတစ်ကျောင်းလုံး အဲဒီ ဘက်မှာ ရောက်နေတာကိုး။ ဆက်ဒုံ ကျောင်းဘက်ကတော့ သိပ်အားပေးသံ မကြားရဘူး။ ဘယ်ကြားရမလဲလေ။ သူတို့ အသင်းခမျာ တစ်ရပ်တစ်ကျေးက လာကန်ရတာ ဖြစ်လေတော့ လူများများ ခေါ်မလာနိုင်ဘူးပေါ့။

           ကျောင်းဘောလုံးပွဲ တွေ ထုံးစံမှာ မိန်းကလေးတွေ များများ စားစား လာလေ့ မရှိဘူး။ တန်းကြီး ကျောင်းသားကြီးတွေကိုသာ မိန်းကလေးတွေကို | ခေါ်ခွင့်ပြုတယ်။ ကောင်းတာ မကောင်းတာတော့ ကျွန်တော် မသိဘူးဗျာ။ မိန်းကလေး မခေါ်ရဘူး ဆိုတဲ့ စည်းကမ်းကိုတော့ ကျွန်တော် မကြိုက်ဘူး။ ပျင်းစရာကြီး။ ကိုယ့်နား တစ်ဝိုက်မှာ ကောင်မလေးတွေ မြင်ရရင် အိပ်ချင် ပြေတာပေါ့။ အပျင်းပြေတာပေါ့။ သူတို့ဘာသာ လက်မောင်းက ဝဲကိုပဲ ကုတ်နေနေ၊ တဦးဦးနှပ်ညှစ်ချင် ညှစ်နေပေ့စေ၊ တခစ်ခစ်နှင့် ကမြင်းကြောထချင်လဲ ထနေကြပေ့စေ၊ အရေးမကြီးပါဘူး။ အဲ ကျွန်တော်တို့ ကျောင်းဘောပွဲတွေကို ဆယ်လ်မာတော့ မကြာခဏ လာတတ်ရဲ့ ။ ဆယ်လ်မာ ဆိုတာ ကျွန်တော်တို့ကျောင်းက ကျောင်းအုပ်ကြီး သမီး ခင်ဗျ။ ကျွန်တော့်ထက် ကြီးတယ်။ စွဲစွဲ လမ်းလမ်း ဖြစ်လောက်အောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်ကလေး ကတော့ သိပ်မဆိုးဘူး။ တစ်ခါမှာ ကျွန်တော်နှင့်သူ မြို့ထဲမှာ ဘတ်စ်ကား စီးလာရင်း ထိုင်ခုံချင်း ကပ်လျက်သား သွားကျတာနှင့် စကားနည်းနည်းပါးပါးပြောဖူးတယ်။ ကျွန်တော် သူ့ကို သဘော ကျသွားတယ်။ နှာခေါင်းတော့ နည်းနည်းကြီးတယ်။ လက်သည်းတွေကလဲ ကိုက်ထားလိုက်တာ အကုန် အဖွဲ့နှင့် အရွဲ့ချည်းပဲ။ ပြီးတော့ သူ့ ကိုယ်ပေါ်မှာလဲ အတုတွေ အခုအခံတွေလဲ လုပ်ထား လိုက်သေးတယ်။ သူ့ကို ကြည့်ပြီး စိတ်ထဲမှာ သနားသလိုလိုတောင် ဖြစ်မိတယ်။ ကျွန်တော် သူ့ကို သဘောကျတာက သူ့အဖေက ကျောင်းအုပ်ကြီးပေမယ့် စခန်း မကြီးဘူး။ ဖော်ဖော်ရွေရွေ ရှိတယ်။ အဲဒါကို သဘောကျတာ။ သူ့အဖေ ကျောင်းအုပ်ဆရာကြီး ဟိတ်ဟန်များတာတို့ ဘာတို့ကိုလဲ သူ သိပုံရတယ်။

            သူများတွေလို ကွင်းထဲ ဆင်းပြီး မကြည့်ဘဲ သော်ဇင်တောင်ကုန်းပေါ်က ကြည့်တာက အကြောင်း ရှိတယ်။ ကျွန်တော်က လှံသိုင်းအဖွဲ့နှင့် နယူးရော့က ပြန်လာတာ။ ကျွန်တော်က အဲဒီ လှံသိုင်းအဖွဲ့ ကို ခေါင်းဆောင် သွားရတာလေ။ ဘယ်ဆိုးလို့တုံး။ အကောင်ကြီးပေါ့။ ကျွန်တော်တို့ ကျောင်းက မက်ဘာနီကျောင်းနှင့် လှံသိုင်း ပြိုင်ကစားဖို့ အဲဒီနေ့ မနက်ပိုင်း နယူးရော့ကို လာခဲ့ ကြတယ်။ ဒါပေမယ့် မကစားဖြစ်ဘူး ခင်ဗျ။ ဖြစ်ပုံက ဒီလိုလေ။ နယူးရော့ကို ရောက်တော့ ကျွန်တော်က အားကစား ပစ္စည်းတွေကို မြေအောက်ဘူတာထဲမှာ ခဏချထားပြီး နံရံမှာ ကပ်ထားတဲ့ နယူးရော့ မြေပုံကြီးကို သွားကြည့်တယ်။ မြေအောက်ဘူတာရုံ မြေပုံကြီးကို ကြည့်ရတဲ့ အကြောင်းက ကျွန်တော်တို့ တစ်တွေ ဘယ်နေရာ ဆင်းပြီး ဘယ်အပေါက်က ထွက်ရမယ် ဆိုတာ ဒါမှ သိမှာကိုး။ ပြန်လာတော့ ပစ္စည်းတွေ မရှိတော့ဘူး ခင်ဗျ။ လစ်သွားပြီ။ ကျွန်တော် အပြစ် မဟုတ်ဘူးလေ။ မြေပုံကြည့်မှ ကျွန်တော်တို့တစ်တွေ ဘယ်ရောက်မယ်၊ ဘယ်ဘူတာ အပေါက်က ထွက်ရမယ်ဆိုတာ သိမှာကိုး။ ဒါနှင့် ကျွန်တော်တို့ အသင်း မကစားဖြစ်တော့ဘဲ ပြန်လာခဲ့ကြရတာ။ အမှန်က ကျွန်တော်တို့ တစ်တွေ ညစာ စားချိန်လောက်မှ ပြန်ရောက်ရမှာ။ ခုတော့ နေ့လယ် နာရီပြန် နှစ်ချက် လောက်မှာ ပြန်လာခဲ့ရတယ်။ အပြန်ကျတော့ ကစားမယ့်ကောင်တွေကစိတ်ဆိုး လို့ ရထားပေါ်မှာ ကျွန်တော့်ကို စကားတစ်လုံးမှ မပြောကြဘူး။ တော်တော်တော့ ရယ်ရတယ်။

           ကွင်းထဲကို သွားပြီး မကြည့်တဲ့ နောက်အကြောင်း တစ်ခုက ကျွန်တော့် သမိုင်းဆရာ စပင်ဆာကို သွားနှုတ်ဆက်ရဦးမှာမို့ အထဲကို မဝင်တော့တာ။ ဆရာ စပင်ဆာက တုပ်ကွေးကွေးပြီး အိပ်ရာထဲ လဲနေတယ်။ နာတာလူးပွဲတော်ကျောင်းပိတ်ချိန် အထိ ဆရာနှင့် ကျွန်တော် ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ ကျွန်တော် အိမ်ပြန်ရင် သူ့ဆီကို ခဏလာခဲ့ဦးလို့ ဆရာက မှာထားတယ်လေ။ တကယ်တော့ ကျွန်တော် ဒီ တစ်ခါ အိမ်ပြန်ရင် ပင်ဆေးကျောင်းကိုလဲပြန် ရောက်တော့မှာ မဟုတ်ဘူး။

          ဪ မေ့နေလို့၊ ဒီအကြောင်းကို ပြောရဦးမယ်။ ကျောင်းအာဏာပိုင် တွေက ကျွန်တော့်ကို ကျောင်းက ထုတ်ပစ်လိုက်တယ် ခင်ဗျ။ နာတာလူးကျောင်းပိတ်ရက် ပြီးရင်လဲ ဒီကျောင်းကို ကျွန်တော် ပြန်လာစရာ အကြောင်း မရှိတော့ဘူး။ ခြောက်လပတ် စာမေးပွဲမှာ ကျွန်တော် လေးဘာသာ ကျတယ်။ ဒီတော့ ကျောင်းအာဏာပိုင်တွေက သူတို့နှင့် လာတွေ့ဖို့ ကျွန်တော့်ကို နို့တစ် ထုတ်ထားတယ်။ အထူးသဖြင့် ခြောက်လပတ် အပြီးမှာ ကျွန်တော် မိဘတွေကကျောင်းအုပ်ကြီးနှင့် လာပြီး မဆွေးနွေးခင်မှာ ကျွန်တော်လဲ လိုက်လာပြီး ဆရာကြီးနှင့် တွေ့ရမယ်တဲ့။ ဒါပေမယ့် ကျွန်တော် သွားမတွေ့ဖြစ်ဘူး။ ဒါနှင့် ကျွန်တော့်ကို ကျောင်းက ထုတ်ပစ်လိုက်တာပဲ။ ပင်ဆေးကျောင်းမှာ ဒီလိုပဲ စာမေးပွဲကျတဲ့ ကျောင်းသားတွေကို မကြာခဏ ထုတ်ပစ်တတ်တယ်။ သူ့ကျောင်းက အောင်ချက်ကို တော်တော် ဂရုစိုက်တယ်။ ဂရုစိုက်တဲ့အတိုင်း အောင်ချက်လဲ တော်တော်လေး ကောင်းပါတယ်။ ။

          ရာသီက ဒီဇင်ဘာလကြီးရယ်။ တော်တော်လေး အေးနေပြီ။ အေး လိုက်သမှ ကျွန်တော်တို့ အရပ်စကားနှင့် ပြောရရင် စုန်းမရဲ့ နို့သီးခေါင်း ကျနေတာပဲ ခင်ဗျ။ တောင်ကုန်းပေါ်မှာ ဆိုတော့ ဘာပြောကောင်းမလဲ။ လေက တဟူးဟူးနှင့် အေးလိုက်တာ မပြောပါနှင့်တော့။ ကျွန်တော့်မှာ ပြောင်းပြန် လှန်ဝတ်လို့ ရတဲ့ ကုတ်အင်္ကျီလေး တစ်ထည်ပဲ ပါလာတယ်။ လက်အိတ်တို့ ဘာတို့လဲ မပါဘူး။ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက ကျောင်းဆောင်က ကျွန်တော့်အခန်းထဲမှာ သူခိုးခိုးခံ လိုက်ရတယ်လေ။ ကုလားအုတ်မွေး ကုတ် အင်္ကျီနှင့် ကုတ်အင်္ကျီထဲမှာ ထည့်ထားတဲ့ သိုးမွေးလက်အိတ်လေးပါ အဆစ်ပါ သွားတယ်။ ပင်ဆေးကျောင်းမှာ ဒီလို အလစ်သမားကလဲ သိပ်ပေါတာပဲ ခင်ဗျ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)