Skip to product information
1 of 3

Other Websites

မြသန်းတင့် - ပီကာဆို၏ပဥ္စလက်မီးအိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ နှစ်သိန်းတန်ထမင်းပွဲနှင့်မိုးကောင်း

          ကျောက်ဖြူသား စားပွဲတစ်လုံးပေါ်မှာ အူဟောင်းလောင်း ထွက်ကျနေတဲ့ စက္ကူကတ်ပြား သူတောင်းစားတစ်ယောက် ဘူတာရုံ ပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ။ ။

          နံနက်လင်းတော့ မီရထားသည် မဲဇာကိုကျော်လာပြီ။ နှင်းမှုန် ထုကြီးအောက်တွင် မဲဇာဘူတာရုံကလေးကို ရေးရေးသာ မြင်ရသည်။ ရထားသည် ဥဩသံ တတူတူဖြင့် နှင်းထုထဲတွင် ခပ်ဖြည်းဖြည်း ခုတ်နေရသည်။ နံနက် ၇ နာရီကျော်သည့်တိုင် နေခြည်ကို မမြင်ရသေး။ “ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍” ဆိုသည့် လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြေရတုကို သတိရမိသည်။ နေချမ်းသည်ကို ဆိုလိုသလော၊ လူချမ်းသည်ကိုဆိုလိုသလောဟု တစ်ခါက မြန်မာပညာရှင်များ အငြင်းပွားခဲ့သည် ကို ပြေး၍သတိရသည်။ နေချမ်းမချမ်းကိုမူ ကျွန်တော်မသိ။ လူကမူ ခိုက်ခိုက်တုန်နေပြီ။ ကချင်ပြည်နယ်က ဆောင်းသည် အရိုးကွဲမတတ် စိမ့်အေးနေသည်။

          ရထားတစ်စင်းလုံး လူတွေပြည့်နေသည်။ မနေ့ညနေ မန္တလေးက ထွက်လာကတည်းက မြစ်ကြီးနား အဆန်ရထားသည် ဝန်နှင့်အား မမျှအောင်ဖြစ်နေသည်။ ကျွန်တော်တို့စီးသည့်တွဲက အထက်တန်းတွဲ။ အထက်တန်းတွဲကို ကျွန်တော်တို့ မစီးချင်။ အထက်တန်းတွဲက သက်သောင့်သက်သာ ရှိသည့်တိုင် သီးသန့် ဖြစ်လွန်းသည်။ ခရီးသွားရသည့် အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရ။ လူတွေနှင့်မတွေ့ရ။ သီးသန့်ဆန်လွန်းသည်။သို့ရာတွင် ကျွန်တော်တို့ကိုဖိတ်ကြားသူများက အထက်တန်းလက်မှတ် ယူထား ကြသည်။ အမျိုးသမီးတွေပါသဖြင့် သူတို့ကိုလည်း ငဲ့ညှာရသည်။ ထို့ကြောင့် သူတို့အစီအစဉ်အတိုင်း ကျွန်တော်တို့ လိုက်ခဲ့ရသည်။ ကိုယ့်အစီအစဉ်ဖြင့် သွားရသည့် ခရီးမဟုတ်။ အိမ်သည်၏အစီအစဉ် ဖြင့် သွားရသည့် ခရီးဖြစ်သည်။ ကိုယ်ကဧည့်သည်။ သူကအိမ်သည် ဧည့်သည်က ကျွန်တော်တို့တစ်သိုက်။ အိမ်သည်က မိုးကောင်း စာဆိုတော်နေ့ ကျင်းပရေးကော်မတီ။

          ကချင်ပြည်နယ်ကို ၁၉၆၀ ခုနှစ်က ကျွန်တော် နောက်ဆုံး ရောက်ခဲ့သည်။ထိုစဉ်က ဒဂုန်တာရာနှင့် နှစ်ယောက်တည်း။ မိုးညှင်း၊ နမ္မား၊ ဘီလူးမြို့၊ မြစ်ကြီးနား၊ မြစ်ဆုံ၊ မြစ်ကြီးနားမှဗန်းမော်သို့ မော်တော်ကားဖြင့် လာကြသည်။ မြစ်ကြီးနားနှင့် ဗန်းမော်နယ်စပ် နားလုံတွင် မော်တော်ကား ခေတ္တရပ်တော့ ကျွန်တော်တို့နှစ်ယောက်လျှောက်ကြည့်ကြသည်။ နှစ်ခရိုင်နယ်ခြား တံတားပျက်နေသဖြင့် မော်တော်ကားက ဘေးမှကွေ့ မောင်းစဉ် ကျွန်တော်တို့က ခြေကျင် ဆင်းလျှောက်ကြသည်။

          “ဒါ ကျွန်တော်တို့ နယ်ခြားပေါ့။ ဟိုဘက်က တောင်တန်းဟာ တရုတ်ပြည်ဘက်ကပဲ။ ဘယ်လောက်မှ မဝေးဘူး။ တစ်မိုင်လောက်ပဲ ဝေးတယ်။

          မိုးညှင်းမှ ကိုသန်းအောင်က ပြောပြသည်။ ထိုစဉ်က တရုတ်မြန်မာ နယ်ခြားသတ်မှတ်ရေး အောင်မြင်ပြီးစီးသည့်အထိမ်း အမှတ်အဖြစ် အဖွဲ့ဝင်သုံးရာကျော်ပါသည့် မြန်မာကိုယ်စားလှယ် အဖွဲ့ ကြီးတစ်ဖွဲ့ တရုတ်ပြည်ရောက်နေသည်။ နယ်ချဲ့လက်ထက်က ကျန်ခဲ့သည့် အမွေဆိုးကို ကျွန်တော်တို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်သဖြင့် နှစ်နိုင်ငံပြည်သူများ လန်းဆန်းနေကြသည်။

          နားလုံးကိုကျော်လျှင် တာပင်မြို့ကိုကူးသည့် မြစ်ကူးတံတား။ ရေက ကြည်စိမ်းနေသလောက် ရေစီးသန်သည်။ စိမ့်အေးနေသည်။ ဗန်းမောက်ရောက်တော့ ဗန်းမောက်ဈေးကို ဝင်ကြည့်ကြသည်။ ကချင်၊ ရှမ်း၊ ရဝမ်၊ ယောယဉ်လူမျိုးစုံနေသည်။ မုန်ညင်းချဉ်၊ စွမ်တန်၊ ဆီတို့ဟူး၊ ကချင်အရက်၊ တစ်ဈေးလုံး။

          နာမည်ကြီးသည့်ရေပူစမ်းကို သွားချင်သော်လည်း သွားချိန်မရ တော့။ ဗန်းမော်မှ ကသာသို့ သင်္ဘောဖြင့်စုန်ကြသည်။နာမည်ကျော် ပထမမြစ်ကျဉ်းနှင့် ဒုတိယမြစ်ကျဉ်းကို ဖြတ်ခဲ့ကြသည်။ သင်္ဘော ကလေးက မြစ်ထဲတွင် သေးသေးကလေး။ ဖရဲသီးခွံကလေး: မျောနေ သည်နှင့်သူသည်။ ကမ်းပါးကြီးတွေက ပေနှစ်ရာကျော် သုံးရာနီးပါး မြင့်လိမ့်မည်ထင်သည်။ ကျောက်သားကမ်းပါး ဖြူဖြူနီနီတွေ။ နွယ်များက မြွေကြီးများတွားတက်နေသည့်ပမာ တွဲတွဲကျလျက်။ ငယ်ငယ် က ဖတ်ဖူးသည့် ဆရာကြီးရွှေဥဒေါင်းတို့ ဆရာမကြီး မဟာဆွေတို့၏ ကချင်ပြည်နယ်နောက်ခံ ဝတ္တုများကို ပြေး၍သတိရသည်။ သင်္ဘောက ထီးချိုင့်၊ ရွှေကူ စသည်မြို့များတွင် မဆိုက်။ ထီးချိုင့်ဆိပ်ကမ်းကသောင်ပြင်ကြီးထိုးနေသည်။ သောင်ပြင်အဆုံး တောအုပ်ညိုညိုထဲမှ သွပ်မိုးဖွေးဖွေးနှင့် အိမ်များကိုမြင်ရသည်။ စစ်မဖြစ်ခင်က တိုးတက်ရေး မဂ္ဂဇင်းတွင် အမြဲတမ်းစာရေးသည့် ထီးချိုင့်နတ်စိုးဆိုသည့် စာရေး ဆရာကို ပြေး၍အမှတ်ရသည်။ လူချင်းမတွေ့ ဖူး။ စာရေးသည်ကိုလည်း မတွေ့ တော့။ ရှိမှရှိပါသေး၏လော မဆိုနိုင်။

          ကသာမှတစ်ဖန် နဘားလမ်းသို့ပြန်ထွက်ကာ မန္တလေးသို့ ရထားစီးကြသည်။

          ထိုစဉ်က ခရီးသည်က ကျွန်တော်နှင့် ဒဂုန်တာရာနှစ်ယောက် တည်း။ ၁၉၆၀ ခုနှစ်။

ယခုခရီးက လေးယောက်၊ ခင်ဆွေဦး၊ ယုဝတီ ရွှေဝါစိန်၊ မောင်သွေးသစ်နှင့်ကျွန်တော်။ ၁၉၇၅ ခုနှစ်။

          ဆယ့်ငါးနှစ်ကြီးများတောင် ကွာခြားသွားပြီ။ ဆယ့်ငါးနှစ် ဆိုသည်မှာ သမိုင်းအမြင်ဖြင့်ကြည့်လျှင် ဘာမျှမကြာလိုက်။ လူ့ဘဝ၏ သက်တမ်းဖြင့် တိုင်းလျှင်မူ မျိုးဆက်တစ်ဆက်နီးပါး ကြာသွားပြီ။ အရင်တစ်ခေါက် ကျွန်တော်တို့သွားတုန်းက ၁၀နှစ်ရွယ်သည် ယခု ၂၅နှစ် ရှိရော့မည်။ ထိုခရီးမှအပြန်တွင် ဝတ္ထုတိုနှစ်ပုဒ် ငွေတာရီ မဂ္ဂဇင်းတွင် ကျွန်တော်ရေးခဲ့သည်။ တစ်ပုဒ်က “မနော်”ဆိုသည့် ဆယ်နှစ်ရွယ် ကချင်လေးတစ်ယောက်အကြောင်းဖြစ်သည်။ ကချင် ပြည်နယ် စာစောင်မှ ခင်လေးမြင့်၏ ဆောင်းပါးအချက်အလက်

          အချို့နှင့် ကျွန်တော်သွားကြည့်ခဲ့သည့် မြစ်ကြီးနား ကချင်အမျိုးသား မိဘမဲ့ကလေးများကျောင်းမှ ကျောင်းသားလေး တစ်ယောက်၏ အကြောင်းကို စပ်ဟပ်ရေးထားခြင်းဖြစ်သည်။ ကချင်အမျိုးသား ကလေးအမည်က မနော်။ ။

          မိဘမဲ့ကျောင်းသို့ မရောက်ခင် ကျေးရွာ ကျောင်းတွင် ကျောင်းနေခဲ့ဖူးသည်။ ကျွန်တော်က သူတို့ရွာတွင် ကျောင်း ရှိ မရှိ မေးသည်။ သူက မရှိ၊ တခြားရွာက ကျောင်းကို လာတတ် ရသည်ဟု ပြောပြ၏။ ဘယ်လောက်ဝေးသလဲ။

          “နီးနီးလေးပါ။ တောင်ဆယ်လုံးလောက် ကျော်လိုက်ရင် | ရောက်တာပဲ”

          မနော်က ဖြေသည်။ မနော်၏စကားသည် ကျွန်တော့်နားတွင် စွဲနေသည်။ တောင်ဆယ်လုံးကိုကျော်၍ ကျောင်းတက်ရသည့်ခရီးက နည်းသည့်ခရီးမဟုတ်။ အသွားအပြန် တောင်အလုံးနှစ်ဆယ်ကိုကျော်ရသည်။ တောင်ကြီးတွေကလည်း အမြင့်ကြီးတွေ။ တစ်နေ့ ကိစ္စမဟုတ်။ နေ့စဉ်ကိစ္စ။ သူ့ကြည့်တော့ ဆယ်နှစ်ရွယ် သူငယ် ကလေး။

          ကျွန်တော်သည် မနော်ကိုကြည့်၍ မောခဲ့ရသည်။ ယခုလောက် ဆိုလျှင် မနော်တစ်ယောက် ဘယ်ရောက်နေပြီနည်း။ အသက်အစိတ် | လောက်ရှိတော့မည်။ မနော်၏ ညီလေးတွေကော။ မနော်လို တောင်ဆယ်လုံးကိုကျော် ကျောင်းတက်နေဆဲလောဟု ကျွန်တော်တွေးနေ  မိသည်။

          နောက် ဝတ္ထုတစ်ပုဒ်မှာ “တံလျှပ်ပါတကား”ဆိုသည့် ဝတ္ထုတို ဖြစ်၍ ငွေတာရီမဂ္ဂဇင်းမှာပင် ရေးခဲ့သည်။ ဗန်းမော်တွင် ကျွန်တော်တို့နှစ်ယောက် တရုတ်ပျော်ပွဲစားရုံတစ်ရုံ၏ တည်းခိုခန်းတွင်တည်းကြ သည်။ တည်းခိုခန်းခ တစ်နေ့မှ နှစ်ကျပ်၊ အစားအသောက်ကိုမူ အောက်ထပ်တွင် သက်သက်မှာစားရသည်။ တစ်နေ့ညနေ အောက်ထပ် ဆင်း ကျွန်တော်တို့ ထမင်းစားနေစဉ် လူတစ်ယောက် ကျွန်တော့်ကို လာနှုတ်ဆက်သည်။ စစ်ပြီးစ တက္ကသိုလ်တုန်းက ကျွန်တော်နှင့်ကျောင်းဆောင်တစ်ခုထဲတွင် နေခဲ့သူ၊ အရေးပိုင်သား။ သူ့နာမည်က ပီတာလေးမောင်။ ကျောင်းတွင် မော်တော်ကားထား၍ စီးသည်။ အသုံးအစွဲကြီးသည်။ အင်းလျားနှင့် ( သီရိ) ဧည့်ခန်းဆောင် များမှ ညနေဆည်းဆာများသည် သူ့ ရယ်သံများဖြင့် ပဲ့တင်ထပ်နေကျ။ ဘုတ်ကလပ်တစ်ဝိုက်မှ တောရိပ်ညိုညိုများသည် သူ့တီးတိုးသံများကိုကြားနေကျ။ လရောင်ပြတ်သည့် နွေညများတွင် လမ်းထောင့် | အုတ်တံတားဆီမှ လျှပ်စစ်ဂစ်တာသံကို ကြားရမြဲ။“ဒီနဲ့ချိန်တဲ့နေ့” ဟူသော အမေရိကန် အဆိုအကရုပ်ရှင်ထဲမှ သီချင်းကို သူတီးနေကျ။

         ဘာမျှ လိုလေသေးမရှိ။ မော်တော်ကား၊ အနောက်နိုင်ငံဝတ်စုံ၊ အကောင်းစား၊ လျှပ်စစ်ဂစ်တာ၊ အင်းလျားသူနှင့် သူတို့၏မျက်ဝန်းပြာပြာနှင့် အပြုံးလဲ့လဲ့ဝန်းရံလျက်။ ဘာမျှ ပူပင်ကြောင့်ကြ စရာမလိုသည့် မကြောင့်ကြ ကိုယ်တော်ကလေး။ ချစ်စရာ မင်းသား လေးတစ်ပါး။နောက် မည်သို့ဖြစ်သွားသည် မသိ။ ကျောင်းသားတစ်ယောက် ၏ ပစ္စည်းကို ခိုးမှုဖြင့် ကျောင်းထုတ်ခံလိုက်ရသည်။ ထိုစဉ်ကစ၍ သူနှင့်မတွေ့ တော့။ ၁၉၅၀ ခုနှစ်လောက်က ကွဲသွားကြသည်မှာ ( ၁၉၆၀ ခု ဗန်းမော်ရောက်မှ ပြန်တွေ့ကြသည်။ မကြောင့်ကြ ကိုယ်တော်လေး မဟုတ်တော့။ ချစ်စရာ မင်းသားလေးတစ်ပါးမဟုတ်တော့။

          ရှမ်းကချင်မ တစ်ယောက်နှင့်ရကာ ဗန်းမော်တွင် သောင်တင်နေသည်။ ပစ်စာခွာသူ၊ ဖျာသိမ်းသူ၊ သေတ္တာမှောက်သူ ဖြစ်နေပြီ။ သူ့ကိုကြည့်၍ စိတ်မကောင်းစရာလောကဓံကို ရေးချင်သဖြင့် “တံလျှပ်ပါတကား”ကို ကျွန်တော်ရေး ခဲ့သည်။ ခပ်ဆင်ဆင်တူသော ဆွန်းမာဆက်မွန်၏ ဝတ္ထုတိုကလေး တစ်ပုဒ်ကိုလည်း ဖတ်ခဲ့ဖူးသည်။

           ယခု“တံလျှပ်ပါတကား”မှ ကျွန်တော့်ဇာတ်လိုက် ပီတာ တစ်ယောက်ကော ဘယ်ရောက်နေပြီမသိ။ ဘိန်းစားဘဝမှ ဘိန်းဖြူ သမားဖြစ်နေပြီလော။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)