Skip to product information
1 of 8

Other Websites

မသီတာ(စမ်းချောင်း) - ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ၁။ 

အောက်စ်ဖို့ဒ်က စု (၁၉၇၄-၁၉၈၄)

(၁) အောက်စ်ဖို့ဒ်က စု နဲ့ မိုက်ကယ်

ကျွန်မက မိုက်ကယ်အဲရစ်ကို လွန်ခဲ့တဲ့ ၃၇ နှစ်က စတွေ့ခဲ့ပါတယ်။ ၁၉၇၄ နှစ် နွေဦးမှာ ကျွန်မက ဗြိတိသျှပြတိုက်ကြီးနောက် ကပ်လျှက်က အရှေ့တိုင်း နဲ့ အာဖရိက လေ့လာရေးဌာန (လန်ဒန်တက္ကသိုလ်)မှာ တိဘက်ဘာသာကို လေ့လာခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်က ကျွန်မရဲ့ ကျန်နေသေးတဲ့ဘဝအချိန်တွေကို တိဘက်ကျောင်းလေးမှာပဲ ကုန်ဆုံးချင်နေခဲ့တာပါ။ မိုက်ကယ်နဲ့ ပထမဆုံး စတင် တွေ့ရတဲ့ အခိုက်အတန့်ကတော့ ကျွန်မတို့ရဲ့ စာသင်ခန်းထဲမှာပါပဲ။ တိဘက် ဘာသာကို ကောင်းကောင်းသင်ကြားတတ်တဲ့ မိုက်ကယ့်ကို အဲဒီအချိန်က သူ့နိုင်ငံ ကို ပိုလွတ်လပ်ခေတ်မီဖို့ တက်ကြွနေတဲ့ အသက် ၂၆ နှစ်အရွယ် ဘူတန်ဘုရင် ကလေးက သီးသန့်ဆရာအဖြစ် ဖိတ်ခံရတဲ့အထိ မိုက်ကယ်က တိဘက်စာသင်တာ ကောင်းလှပါတယ်။

ကျွန်မက မိုက်ကယ့်ကို မြင်မြင်ချင်းမှာပဲ သဘောကျခဲ့ပါတယ်။ သူက ဆံပင် ရှုပ်ပွပွ၊ ခပ်ကြမ်းကြမ်း တမ်းတမ်းပုံဖြစ်နေတဲ့ ဟိမဝန္တာက လူကြီးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်။ သူ့ကိုတွေ့ရင် ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့ မပြောနိုင်ကြမယ့် သူ့ရဲ့ သားငယ်လေးကတော့ ဒယ်ဒီက ရုပ်ချောတယ်”လို့ အော်ခါ်ပြီးမိုက်ကယ့်ကို ကာကွယ်ပေးတတ်ပါရဲ့။ တကယ်တော့ သူက စိတ် မကျဉ်း မြောင်းဘဲ မေတ္တာထားတတ်သူမို့ လူတွေက သူနဲ့ ဆက်ဆံရံတာ သိပ်စိတ်အေးချမ်းရပါတယ်။ သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော်အပေါက်လေး ဖြစ်ပြီး ပေါင်သားအချို့ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထုအပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ တွေ့ဆုံမှုကလေးဟာ နောင်နှစ်ပေါင်းသုံးဆယ်ကျော် အဓွန့်ရှည်လိမ့်မယ်လို့တော့ ကျွန်မက မမျှော်လင့်ခဲ့ပါဘူး။၁၉၇၅ ခုနှစ် နွေရာသီရောက်တော့ ကျွန်မအမျိုးသားက လန်ဒန် စီးပွား ရေးတက္ကသိုလ်ရဲ့ သုတေသနဌာနကနေ အောက်စ်ဖို့ဒ်က စိန့်အန်ထော်နီကောလိပ်ကို ပြောင်းရတဲ့အတွက် ကျွန်မတို့လည်း လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျွန်မတို့က ဝုဒ်စတော့ခ်လမ်းမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာ ငှားနေခဲ့ပါတယ်။ ကျွန်မကတော့ လန်ဒန်ကို အောက်စ်ဖို့ဒ်ကနေ ရထားနဲ့ မြေအောက်ရထားတွေ စီးပြီး ကျောင်းတက်ဆဲပါပဲ။

အောက်စ်ဖို့ဒ်က ပြောင်းဖူးဈေးလမ်းနဲ့ သင်္ဘောလမ်းဆုံရာထောင့်မှာ ပုံပြင် ထဲမှာ တွေ့ရတတ်တဲ့ သစ်သားအိမ်ကလေးတစ်လုံး ရှိပါတယ်။ အဲဒီအိမ်ကလေးက ငွေအကြွေစေ့ သုံးရတဲ့ အ၀တ်လျှော်စက်တွေ ရှိရာနေရာပေါ့။ ဒီကနေ လျှော်ပြီးသား အ၀တ်ထုပ်ကြီး ပခုံးပေါ်တင်ပြီး ထွက်လာတတ်တာကတော့ မိုက်ကယ်ပါပဲ။ ဒီမှာ ကျွန်မနဲ့ မိုက်ကယ် ဒုတိယအကြိမ် ပြန်တွေ့တာပါ။ ခဏလောက် နှုတ်ဆက်ပြီးတော့ နောင်မှာ တွေ့ကြရအောင်လို့ဆိုကာ လမ်းခွဲခဲ့ကြပါတယ်။

နောက်အပတ်မှာတော့ ကျွန်မတို့ ဇနီးမောင်နှံက ဟာလီဖစ်စ်အိမ်ရှိရာ ကလပ်ကို လာဖို့ မိုက်ကယ်နဲ့သူ့ မိသားစုကို ဖိတ်ခဲ့ပါတယ်။ နက်မှောင်တဲ့ ဆံပင်အထူကြီးကို စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကလေးထိုင်လက်တွန်းလှည်းလေးကို ထွန်ပြီး ကလပ်ထဲကို ဝင်လာပါတယ်။ သူ့ရဲ့အလှအပနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ၊ သို့ဖြစ်နေတဲ့အသွင် ခါးမတ်မတ်ပုံဟန်ကို သတိထားမိတဲ့ ဒီခဏမှာ ကျွန်မက အသက်မရှုမိခဲ့ပါဘူး။ သူ့နောက်မှာတော့ ကျွန်မနဲ့ ဆုံခဲ့ဖူးတုန်းက ပါလာတဲ့ အ၀တ်အိတ်ကြီးကို အရင်ကလိုပဲ ပခုံးပေါ်တင်ကာ လျှောက်လာတဲ့၊ ဂျပန်သူကြွယ် နတ်ဘုရားတစ်ပါးလို ပြုံးနေတဲ့ မိုက်ကယ်ပေါ့။

ဖြစ်ချင်တော့ မိုက်ကယ်ကလည်း သူ့မိသားစုနဲ့အတူ အောက်စ်ဖို့ဒ်ကို ပြောင်းလာ ခဲ့ပါပြီ။ သူတို့က အောက်စ်ဖို့ဒ်ရဲ့ အရှေ့တောင်ပိုင်းက ဆန်းနင်းဝဲလ်ရွာလေးက လယ်တောအိမ်လေးတစ်လုံးမှာ ငှားနေကြပါတယ်။ အဲဒီမှာ တခြားလယ်တော အိမ်လေး နည်းနည်းပါးပါးနဲ့ ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ ဒီတော့ သူတို့ကအောက်စ်ဖို့ဒ်မြို့လယ်ကို ဈေးဝယ်ဖို့နဲ့ အဝတ်လျှော်ဖို့ သွားကြရတာပေါ့။ သူတို့ရဲ့ အိမ်နီးနားချင်းတွေမှာ ကားရှိကြပေမယ့် စုနဲ့ မိုက်ကယ်က သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းလိုသူတွေ ဖြစ်ကြသလို မိုက်ကယ်ကစက်နဲ့ ပတ်သက်ရင် ဘာမှမ ကျွမ်းကျင်သူလေ။ ဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ လမ်းပန်းဆက်သွယ်ရေးယာဉ်ကတော့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေပါပဲ။

နေ့စဉ်လိုသမျှတွေ ဝယ်ခြမ်းဖို့အတွက် မြို့လည်ကို သွားရတာက ထုံးစံပါ။ ဒါပေမယ့် ဘာလို့ အဝတ်လျှော်ဖို့ မြို့လည်အထိ သွားရမှာပါလိမ့်။ အင်္ဂလိပ်အိမ် တွေဟာ ဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီးချပြီးမှ ဆောက်ထားတာဆိုတော့ ရှေးဟောင်းသမိုင်းဝင်အိမ်တွေအဖြစ် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် နေ တဲ့လူတွေအတွက်ကတော့ အဆင်မပြေလှပါဘူး။ အိမ်အများစုမှာ အိမ်သာနဲ့ ရေချိုးခန်းဆိုတာအပေါ်ထပ်မှာပဲ ရှိနေပြီး ရေဆိုးထုတ်စံနစ် ပြဿနာကြောင့် မိသားစုသုံး အဝတ်လျှော်စက်တွေအတွက် ထားစရာနေရာ ခက်ခဲပါတယ်။

အချိန်က ကမ္ဘာ့နိုင်ငံအတော်များများမှာ မိသားစုသုံး အဝတ်လျှော်စက်တွေကတွင်ကျယ်နေပြီးသားပါ။ အိမ်ရှင်မတွေအတွက်လည်း အဝတ်လျှော်စက်ဆိုတာ အဖိုးတန်လွန်းတဲ့ ရတနာတစ်ပါးလို ဖြစ်ပါရဲ့။ ခက်တာက ငွေအကြွေသုံး အဝတ်လျှော် စက်လုပ်ငန်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ထူထောင်ထားတာကိုး။ (အခုဆို ဒီလုပ်ငန်းကစီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲ) ဒီလိုနဲ့ မြို့လည်လမ်းထောင့်တစ်နေ ဆုမှာ ရှိနေမှာ သေချာတဲ့ ငွေအကြွေသုံးကတ်လျှော်စက်တွေကို အားကိုးခဲ့တယ်။ အခုတော့ အဲဒီဆိုင်လေးက မျက်မှန်ဆိုင်ဖြစ်ခဲ့သလို နောက်ဆုံးတော့ အိုင်ဖုန်းအရောင်းဆိုင် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ တွေ့ဆုံဖြစ်တဲ့အတွက် အဲဒီအ၀တ်လျှော်ဆိုင်လေးက အမှတ်တရပါပဲ။ အဲဒီတွေ့ဆုံမှုလေးကနေ အခုအချိန်ထိမိုက်တယ်၊ စုနဲ့ သား နှစ်ယောက်ကို စိတ်ဝိညာဉ်ချင်းထိ တွေ့နေဖြစ်တာ မဟုတ်ပါလား။

မိုက်ကယ်ရဲ့ မြင်မြင်ချင်း အချစ်

ကျွန်မက စု နဲ့မိုက်ကယ်တို့ ဘယ်လိုချစ်ကြိုးနှောင်ဖွဲ့ခဲ့တယ်ဆိုတဲ့အကြောင်း ဆီဆာနေ ဘယ်တုန်းကမှ မသိခဲ့ရပါဘူး။ စု နေအိမ် အကျယ်ချုပ်ကျပြီနောက်ပိုင်း မိုက်ကယ့်ဆီက သူတို့ရဲ့ အချစ်ဇာတ်လမ်းကို တစ်စထက်တစ်စ သိခွင့်ရခဲ့ပါတယ်။ကျွန်မကလည်း မိုက်ကယ်ရဲ့ အပြောနဲ့ စုရဲ့ ကိုယ်ရေးရာဇဝင်ကိုပါ ခြေရာခံဖြစ်ခဲ့ပါတယ်။သူ့အဖေ လုပ်ကြံခံရစဉ်က စုဟာ အသက်နှစ်နှစ်သာရှိသေးတာမို့ လုပ်ကြံတယ် ဆိုတာကိုရော သေဆုံးမှုအတွက် ဝမ်းနည်းရမှာကိုပါ သိပ်နားမလည်နိုင်ခဲ့ပါဘူး။ စုက သူ့အဖေကို ကောင်းကောင်းလည်း မမှတ်မိပါဘူး၊ ဒါပေမယ့် သူ့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ မြင်ကွင်းတစ်ခုအကြောင်း စုက ကျွန်မကို ပြောပြဖူး ပါတယ်။ အဲဒါကတော့ သူ ငယ်ငယ်က အိမ်အဝင်က လှေကားရှည်ကြီးထိပ် မှာ ညနေတိုင်း ထိုင်ကာ စစ်ယူနီဖောင်းနဲ့ ပြန်လာမယ့် အဖေ့ကို မျှော်နေတတ်ပြီး အဖေကလည်း သူ့ကို တွေ့တာနဲ့ ပွေ့ချီကာ လေထဲ မြှောက်ပေးသလို ပါးနှစ်ဖက်ကို လည်း မွှေးမွှေးပေး၊ လူကိုလည်း တင်းတင်းကြပ်ကြပ် ဖက်ထားတတ်တဲ့ မြင်ကွင်း ပါတဲ့။ အဲဒီလို ပြန်ပြောပြတဲ့အချိန်မှာတောင် သူ့အဖေရဲ့ အထိအတွေ့ကို သူကရနေသေးသလို အဲဒီမြင်ကွင်းက သူ့စိတ်ထဲမှာ မြဲနေခဲ့ပါတယ်တဲ့။ ဒီလို ပြောပြ တာကို နားထောင်နေတဲ့ ခဏမှာပဲ ကျွန်မ တွေးလိုက်မိတာကတော့ စုဟာ သူ ချစ်ရတဲ့သူအကြောင်းကို ပြောနေတာပဲလို့ပါ။ သူ့ရဲ့ နူးညံ့ပြီးထွားကျိုင်းတဲ့ ချစ်သူ မိုက်ကယ့်အပေါ် စုရဲ့ ခံစားချက်ကိုလည်း နားလည်သွားသလိုပါပဲ။

၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ မှာ မြန်မာပြည် လွတ်လပ်ရေး ရပါတယ်။ စုမေမေ ဒေါ်ခင်ကြည်က ဦးနုအစိုးရလက်ထက်မှာ ကျင်းပတဲ့ ပထမဆုံးရွေးကောက်ပွဲကို ဝင်ကာ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါတယ်။ သူဟာ တစ်ဘက်မှာ မိခင် အဖြစ်ရော ဖခင်အဖြစ်ပါ တာဝန်ကျေသလို တစ်ဘက်မှာလည်း ဦးနုကက်ဘိနက်ရဲ့ တက်ကြွတဲ့ နိုင်ငံရေးသမား ဖြစ်လာခဲ့တာပါ။ ကျွန်မက ဒေါ်ခင်ကြည်နဲ့ သိတဲ့ ဂျပန်မိတ်ဆွေတစ်ယောက်ဆီက ကြားခဲ့ရတာကတော့ သူက အဆုံးအဖြတ်နဲ့တုံ့ ပြန်မှုတွေကို ချက်ချင်းလုပ်နိုင်တဲ့ အမျိုးသမီး ဖြစ်သလို လူထုကို အားတက်စေ ကာ လှုပ်ရှားစေနိုင်တဲ့အထိ စွမ်းပကားကြီးသူဆိုတာပဲ ဖြစ်ပါတယ်။ စုဟာ ဒီလို စည်းကမ်းကြီးတဲ့ အမေရဲ့ ပျိုးထောင်မှုကို ခံခဲ့ရသလို မြန်မာ့ရိုးရာတန်ဖိုးတွေကိုလည်း သင်ယူခဲ့ရပါတယ်။

ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမယ့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေက လူမျိုးစုအရေး ပြဿနာတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် အမြန်ဆုံးနည်းလမ်းအနေနဲ့ ဗြိတိသျှတွေ ချန်ရစ်ခဲ့တဲ့ အခြေခံအဆောက်အုံစနစ်တွေအတိုင်း ဆက်လုပ်သွားဖို့ အားထုတ်ခဲ့ကြပါတယ်။ ပညာရေးမှာဆို လည်း ဗြိတိသျှနည်းကိုပဲ စသုံးပါတယ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)