Skip to product information
1 of 2

Other Websites

ဗိုလ်ချုပ်အောင်ဆန်း - ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း

          ဇာတိ မြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း၊ ပျဉ်းမနား-ကျောက်ပန်းတောင်း ရထားလမ်းတဝက် ခန့်တွင် အပူပိုင်းဇုံ ကုန်းမြေပြင်များဖြစ်သော၊ နှမ်း၊ပဲနှင့် ဆီအထွက်များ၍ ကုန်ရောင်းကုန်ဝယ်တွင် အတော်တွင်ကျယ်သော မြို့လေးတမြို့ ရှိလေသည်။ မီးရထားဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်း လျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ဝဲယာ ပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ခံကာ တောရကျောင်းများနှင့် ကမ္မဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။

          ထိုဘူတာ၏ အနောက်မြောက်ယွန်း ကိုက်၄၀၀-ခန့် အကွာတွင်ကား မိုင်ဝက်ခန့် ကျယ်သော သဲချောင်းရိုးကမ်းစပ်ပေါ်၌ ခပေါင်းကုန်း (သို့မဟုတ်) နှ-ကျားထူးဟု ခေါ်သော အိမ်ခြေတရာခန့်ရှိ ရွာလေးတရွာ ရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တဘက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်း ပြင်များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျ နေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀-ခန့်ရှိ ရွာတရွာ ရှိလေသည်။ ထိုရွာ၏ အနောက်ဘက် ကိုက်-၃ဝဝခန့်တွင် အိမ်ခြေ ၁ဝဝ-ခန့်ရှိ ရွာတရွာရှိလေသည်။ ရွာ၏ မြောက်ဘက်တွင် ကပ်လျှက် (ရှေးလူကြီးများ ပြော သလို) လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိ လေသည်။ ထိုမှ ယာတခင်းအလွန်တွင် ငါးရက်တဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများရှိလေသည်။ ထိုအနီးတွင် စာတိုက်ရှိလေ သည်။ ထိုစာတိုက်၏ အနောက်မြောက်ဘက် စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ ၁၅၀-ခန့် ရွာတရွာ ရှိပြန်လေသည်။ စာတိုက်နှင့် အရှေ့တည့်တည့် ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ ကိုက်တရာခန့် အကွာတွင် ဘုန်းကြီးကျောင်း တကျောင်းနှင့်ကပ်၍ မြို့အုပ်ရုံးရှိလေသည်။

          ထိုဘုန်းကြီးကျောင်းနှင့်ဆက်ကာ ထောင့်မှန် (Right Angle) ကျကာ ၁၅-ပေခန့် မြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျှက် စေတီငယ် များအလယ်တွင် ရွှေရောင် တပြောင်ပြောင်လက်နေသော စေတီကြီးတဆူနှင့် သပ်ယပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်များ ရှိလေသည်။ ထိုရွာများအနက် ရွာမကြီးသဖွယ် အိမ်ကောင်းအများဆုံးနှင့် ဆိုင်က အတော်အတန်ရှိ၍ စာရေးစာချီ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များ နေကြသောရွာကား၊ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင် တည်လျက် ရှိသော ရွာပင်ဖြစ်လေသည်။

          ထိုရွာကို သမိုင်းစာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟုဆိုလေသည်။ သို့သော် ကျွန်တော်၏ ဘေးမှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာ မင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တရွာလုံး၏ အိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီး ရှိလေသည်။ မူလက ဆင်တရပ်ခန့် ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာရှိသော်လည်း ထိုအခါက အတောင်ရှစ်တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလဲ သုံးပေခွဲမျှသာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးဗမာမင်း လက်ထက်က နတ်မောက်မြို့ရှိ မြို့သူကြီးအိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေး ဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။

          ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော်ရည်ရွယ်ချက်ကား ထားပီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီးတရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါက်ဒေါက် နေ့လည် နေ့ခင်းများတွင် ယက္ကန်းသံ တချင်ချင် နှင့် ကြားရတုန်းပင် ရှိလေသည်။ ။

          အချိန်ကား ၁၉၁၅ခု။ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲပင် ဖြစ်လေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုပ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေ သည်။ အနောက်စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌မူကား ပထမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးဆုံးနိုင်သော သောင်မတင် ရေမကျ၊ ရှေ့မတိုး နောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင်ဟု ခေါ်သော ရုရှစစ်ခင်းရာ မျက်နှာမှာကား မဆူးရီးယားနှင့် ဝါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက်ရှိလေသည်။

          ထိုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့။ ၁၂၇၆-ခု တပေါင်းလဆန်းတရက် စနေ နေ့နံနက် လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖော်ဝါရီ (၁၃)ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီးကီရို၏ ဟောပြောချက် အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရ ထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြားထည့်သွင့် စဉ်းစားခြင်းမပြုကြချေ။ ကျွန်တော်မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာ နာမည် မှာ (ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အကို- ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု ခေါ်တွင်ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျသူ ဖြစ်ခဲ့လေသည်။

          ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတတ်ရကား လူကြီးမိဘ များမှာ ဆွံ့အ၍ပင် နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိရလေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲသား ငါးကို အလွန် ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တခါသော် အမဲ သားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့်မိခင်က ပြန်၍ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘဝက ကျွန်တော်လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်၏။

          ကျွန်တော်၏ စိတ်တွင် အင်မတန်စိုပြည် လတ်ဆတ်သောဘဝဟု ယူဆသည်။ ဗမာ ပြည်ရှိသည့် လူသည် လူရိုင်းမျိုးဘဝ ရောက်ချင်ရောက်သွားပါစေ၊ လွတ်လပ် ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးမှု ဘဝထက် ကျွန်တော် အဆတရာကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်းစိုပြေ ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူးအော်ဟစ် နေလိုသည်။

          ငယ်ငယ်တုန်းက ကျွန်တော်အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန် လက်ရည်ကွဲ ကျခဲ့လေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီး မိဘများက ကျွန်တော့်အား အတီးအမှုတ်ဝါသနာကို ခွင့်မပြု။ နဂို ဝါသနာ မဟုတ်၍လားမသိ၊ ယခုဤစိတ်မျိုး ပျောက်သလောက်ရှိခဲ့သည်။

          ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည် ဆိုသည့် အချက်ကို သက်သက် နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်းမကြိုးစားချင်၊ ကျွန်တော်က စကားပြောလျှင် မဖွယ်ရာ မယဉ်ကျေး အသက်ရှစ်နှစ်ထဲရောက်၍ ကျောင်းနေသည့်အချိန်၌ပင် ဘုန်းကြီးကို ဘုန်းကြီး စကားဖြင့် မလျှောက်တတ်။ အမူအရာလဲကြမ်း၏။ အလိုက်လဲမသိ။ ညစ်လဲ ညစ်ပတ်သည်။ အသက် လေးငါးခြောက်နှစ်တိုင်အောင် ညအိပ်ယာတွင် သေးပါ ၏။ မီးဖိုကို ညညရှိခိုး၍ အရှင်စဖိုည၊ ကျွန်တော်မနေ့ ဟု ဆိုရသည်ကို အမှတ်ရ သေးသည်။ အသက်ဆယ့်ငါးနှစ်ထဲ ရောက်သည့်အခါ၌ ပင် အခြားအိမ်တအိမ်၌ သေးပါဘူးသေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်းအဝင် ကျောင်းအပြန် ဖြစ်သည်။

          ကျွန်တော်၏ အကိုအကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီ-အက်-စီ သင်္ချာ ဂုဏ်ထူး တန်းကိုအောင်ခဲ့၍ ရေနံချောင်းရှိ ကျွန်တော်တို့ ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာ ဝင်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လာခဲ့ပေသည်။ ထိုအခါ ရေနံချောင်းမြို့သို့ နတ်မောက်မှ သွားသည့် လမ်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲသို့ ကားစီး၊ မိချောင်းရဲမှ ရေနံချောင်းသို့ သင်္ဘောစီး သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး၊ မကွေးသင်္ဘောစီးရလေသည်။ ၂-ရက်ကြာလေသည်။ နောက်နေ့ကား ကျောက်ပန်းတောင်းမှ တဆင့် မီးရထားတတန်၊ မော်တော်ကားတတန်သွား၍ ရေနံချောင်းသို့ နေချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တဆင့်သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင် မနေတတ်၊ အတော်ရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက် တတ်သည်။ ထို့ကြောင့် ထိုညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိရာ ညအိပ် သည့်အခါ မအောင့်နိုင်တော့ သေးပါကျလေ၏။ ကျွန်တော်လဲ ပါပြီးမှ သိ လေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့။ ညီအကို မောင်နှမများထဲတွင် ကျွန်တော်အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်ခံရဆုံး ဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးချင်းပါမက ရွာနီးချင်းများကပါ အသိအမှတ်ပြုခံရ၏။

          ကျွန်တော်၏ အထက် အစ်ကိုကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်သုံးလေး နှစ်မျှသာကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏။ သူကားနု၏။ မင်းသားကျချေသည်၊ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှ၍ သပ်ယပ်၏။ အစားဆိုလည်း အစား တိုင်းမစား၊ စားသောက်နေသည့်အခါ မြေကြီးပေါ်သို့ ကျသွားလျှင် သူလည်း မစားတော့ချေ။ ကျွန်တော်ကျတော့ အစာကို ဖုတ်ဖက်ခါ၍ စားနိုင်လျှင် ကောက်စား၏။ သူကား အဝတ်များကို သပ်သပ်ယပ်ယပ် ဝတ်တတ်၏။

          ကျွန်တော်ကား မဝတ်တတ် မဖြစ်ညစ်အောင် ဖြစ်ကတတ် ဝတ်တတ်၏။ သူကား မြေကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏။ သူကားပါး၏။ လျှင်၏။ ကျွန်တော်ကထူ၏။ အ၏။

          ကျွန်တော်၏ မြို့ ကား ရွာသာသာ တောအရပ်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖား)ခေါ် ဆံပင်ညှပ်ကုလား တယောက်တလေသာ ရှိ၏။ သို့ဖြစ်ရာ ၎ကလီဖားမှာ လက်မလည်။ ကျွန်တော်တို့အား ခေါင်းတုံးရိတ်ရင် တခါတခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ကို ခိုင်းရလေသည်။ တခါတခါ ကျွန်တော်တို့ ဖခင်ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ ဖခင်ကား ယခုကွယ်လွန်သည်မှာ (၁၅)နှစ် ကျော်လွန်လေပြီ။

          ကျွန်တော်၏ ဖခင်သည် အမူအရာမှာ ကျွန်တော်နှင့် အတော်ဆင်သည်။ တနေ့နေ၍ စကား တခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးရသည့်အထဲ ကျောက်ပေါက်မ များလဲရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်သည်။ အကိုင် အတွယ် အသွားအလာ အမူအရာကြမ်းတမ်း၏။ ငြင်းမိလျှင် အလျှော့ မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ်ကုန်ကူး၍သာ စီးပွားဖြစ်၏။ စီးပွားဖြစ်ခြင်းမှာလဲ ကျွန်တော်တို့ မိခင်၏ ဒိုးတူဘောင်ဘက် ကူညီမှုကြောင့်သာ ဖြစ်လေသည်။ ကျွန်တော်တို့အား အခြားသူတဦးက ခေါင်းရိတ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဘေဘေကား ဒါးမထက်ထက်ကို ကောင်းကောင်းမသွေးဘဲ အတင်း တွန်းချ၍ ရိတ်ချ၏။ အထူးပင်ခေါင်းရည် နာ၏။ ကျွန်တော်တို့သည် ခေါင်းရိတ် မည့်အခါ ရွံ့၏။ တုံ့၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အကိုကား အမြဲငို၏။ ငိုတိုင်းခေါင်းပုတ်ခံရ၏။ ကျွန်တော်ကားမငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်သည်၊ ကျွန်တော်၏ အကိုကား စိတ်မြန်၏။ ကျွန်တော်တို့ ညီအကိုလေးယောက် ရှိသည့်အနက် ဒုတိယအကိုကြီး ကိုနေအောင်သာ လျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မှ ရန်မဖြစ်ခဲ့ဘူးချေ။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အကို ကိုအောင်သန်းကား သူများအကြော မခံ၊ သူကသာ ဦးဆောင်ကြာခဲ့သည်။ ကျွန်တော်ကား သူများအကြောသာ ခံရ၏။ မြှောက်လို့ မြှောက်ပေးမှန်းမသိ၊ ချောက်လို့ နောက်မှန်းမသိ၊ ထုံပေပေ အလွန် နိုင်၏။

          တခါ သော် ဆယ်မိုင်ခန့်အကွာ ရွာတရွာသို့ ကျွန်တော့်မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျွန်တော့်အားမြှောက်၍ ဗိုလ်ကြီး၊ ဗိုလ်ကြီးဟုခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုပ်ကို ခေါ်တိုင်းခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်တော်သည် လိမ်လည်လေ့မရှိ။ မလိမ်တတ်၊ လိမ်ခဲ့မိသော်လည်း ခဏ ချက်ချင်း ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းပိတ်၏။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင် ဖြစ်သော် လည်း ကျောင်းသို့သွားရ၍ ရေခပ်မြက်နုပ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင်

          ကျောင်းသားများ အလုပ်မရှိ၍ အလုပ်မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့ ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးသော ကျောင်းသားများအား မအိပ်ချင် ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည် ဟု ဘုန်ကြီး အလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက အောင်ဆန်းကော မအိပ် ချင်ဘူးလားဟု အထူးတည်မေးရာ ကျွန်တော်က မအိပ်ချင်ပါဘုရားဟု ပြန်လျှောက် ရာ ဘုန်းကြီးမှာ ပြုံး၍သာနေလေတော့သည်။

          ကျွန်တော်သည် ငယ်စဉ်က ချောင်တချောင်တွင် ကပ်၍မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်၊ ကလေးနှင့်မလိုက် အများအားဖြင့် အိန္ဒြေကြီးသည်၊ ကစားခန်စားဆိုလျှင် များစွာမလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်၊ တွတ်ထိုးခြင်း ကြည်းသား ရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်၊ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွလေးလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။

          အချုပ်ဆိုရလျှင် ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင် ချောင်းစောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာ များသည် စိမ်းလန်းစိုပြေ ညီညာသော မြက်ခင်းသဖွယ် ရှုချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ။ သေလုမတတ် အကြိမ်ကြိမ် ဖြစ်ခဲ့ဘူး၏။ ဝဲနာအကြီးအကျယ် စွဲခဲ့ဘူး၏။ ထိုအခါ ကျွန်တော် သည် ဘယ်တော့များမှ ငါကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတ မိသည်။

          ကျွန်တော်သည် ထိုကလေးဘဝကပင် သူပုန် စိတ်ထားရှိလေသည်။ အကြံကြီး သူဖြစ်လေသည်။ ဗမာပြည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုး ကို စဉ်းစားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တခါ တခါလည်း ပြဒါးရှင်လုံး စသည်များကို ရှာဖွေလိုသော စိတ်များပေါ်ပေါက်၏။ ပြဒါးရှင်လုံးစသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။ ကျွန်တော် ရန်မဖြစ်တတ်၊ သို့သော်ကျွန်တော်သည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊ သရဲတစ္ဆေအလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အကို ကိုအောင်သန်း ကား ခဏခဏရန်ဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြန်ပြေးလာခဲ့၏။ သို့နှင့်မကြာ မကြာအတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏ ။ ကျွန်တော်က ဤကဲ့သို့ မဖြစ်ဘူး၊ ရန်တစ်ခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါလူချင်းလည်း ထိုးသတ်ပုတ်ခတ် စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေ နေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဖက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထိုလိုက်သည့်အချိန်အထိက သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်မှ သွေးတွေမြင်သဖြင့် ခေါင်းပေါက် မှန်းသိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများပေါ်တွင် တခါတလေ အနိုင်ကျင့်ချင် သည့် စိတ်ကား ရှိလေသည်။ တခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် နဖူးသားများကို ကြက်တောင် စိုက်၍ ကြက်တောင်ရိုက် ကစားနေရင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာကျောင်းသားတယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်း သားမိဘများက ဘုန်းကြီးအား လာရောက်တိုင်တန်းရာ ဘုန်းကြီးက ဤကစား နည်းမျိုးကို အားလုံးကျောင်းသားများသည် ကျောင်းဝင်းအတွင်းမှာသော်၎င်း၊ အပြင်မှာသော်၎င်း၊ မကစားရဟု ပညတ်ရလေသည်၊ ထိုပညတ်ချက်ကို ကျွန်တော် နှင့် ညီအကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားကြလေသည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသားတဦး နှစ်ဦးကမြင်သဖြင့် ဘုန်းကြီးအားသွားရောက် တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော်၏ မိခင်နှင့် ဦးလေးများကိုပါ ခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော်တို့ အား ပြင်းထန်စွာရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမကြိတ်မှိတ်၍ ခံသော် လည်းနောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ပဲ ငိုလေတော့သည်။ ကျွန်တော်သည် ထိုသို့သွားရောက်တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာရိ မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ် လှသည်။ ယခုခေတ်သစ် ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ် ဖြစ်လေသည်။ ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာ အတော်အတန်ရှိ၏။ ကြွေးရှင် မြေရှင်ဖြစ်ရာ ဆင်းရဲသားများနှင့် အများအပြား ဆက်ဆံရလေသည်၊ ကျွန်တော် တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်း ရှိလေသည်။

          သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်း မောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးဝါးပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါယူမိလျှင် ကြေနိုင်စရာ အကြောင်း မရှိပေ။ ဤစနစ်ကို ယနေ့ခေတ်တွင် အလျင်အမြန်ပြင်ဆင်သင့်သည်။ ၎အပြင် ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏ အညွန့်ကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်တော်ကား ကြားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွား သူဖြစ်သည်။ ကျွန်တော်တို့ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုပ်ပြေး မင်းလက်ထက် (ဂျင်ဂျစ်ခံ) အမှူးရှိသော တရုပ်တို့ ဝင်ရောက်နှောက်ယှက် သောအခါတွင် နိုင်ငံခြားသားတို့၏ လက်အောက်တွင် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော်မွေးဖွားရာ ဒေသသို့ စုန်ဆင်းလာခဲ့လေသည်ဟု ဦးလေးတယောက် က ပြောဘူးလေသည်။

          အလောင်းဘုရား တတိယနိုင်ငံတော် ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်၍နေရာ ရွှေဘိုနယ်မှ ဦးအောင်ဇေယျ ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (ဘွဲ့ အမည် ကောင်းကောင်းမမှတ်မိ) ဆိုသူမှာလည်း မိမိ နယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား အကြောင်း ကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်း ဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြားသိသည့်အခါ အလောင်းဘုရားထံ ဝင်ရောက်၍ သက်စွန့်ကြိုးပမ်းအမှုထမ်းလေသည်ဟု မှတ်သားရဘူးသည်။

          မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ပင်ဖြစ်သည်ဟု ကြားဘူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေသည်၊ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့၏ အမျိုးအဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာတော့်မှာ ဦးကျော်ဇံ၏ မြေးပင်တည်း။ အရှင်အဂ္ဂမမာဓိမှာလည်း ကျန် တော်တို့ အမျိုးဟုပင် သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့ သူကြီးဖြစ်လေသည်။ စာတတ်သည်၊ ဉာဏ်ထက်သည်၊ လက်မြောက်သည် သည်။ စိတ်ထက်သည်ဟူ၍ ကြားနာဘူးလေသည်။ မိမိအထက်မြို့ဝန်နှင့် မတဲ့၍ အလုပ် ပြုတ်သဖြင့် မန္တလေး ရွှေမြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တခါက ပုရပိုက်မှတ်တမ်းတခုတွင် ဘတ်ရဘူး လေသည်။

          (စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်း ရှိလေသည်။ အခေါ်အဝေါ်ကား မေ့သွားလေပြီ။ ကျွန်တော်တို့(ဘေး) အိမ်ကြီးတွင်တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်တော်တို့ဘေး နေ့စဉ် ဘာလုပ်သည် ဘယ်သွားသည် စသည်တို့ကို မှတ်သားထားချက်များ တွေ့ရလေသည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုကြီးတယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ် ဖြစ်သည်ဟု သိရသည်။ ညီအငယ်တယောက်မှာ တလုပ်မြို့ဝန် ဦးဘွားယူဟုခေါ်၏။ မြင်ကွန်း မြင်းခုံ တိုင်တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများအထတွင် မြင်းကွန်းမင်းသား တို့အတွက် ဓားပြတိုက်၍ ငွေရှာပေးရ လေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွားယူရာထူးမှ ကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှု ကြောင့်၎င်း၊အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက်ဖြစ်၍၎င်း၊ အသက်ချမ်းသာ ရလေသည်။

          နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်) မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံး ဆိုသူများကို တပည့်လုပ်ထားသည်။ ၎င်း၏ တပည့်တယောက် (နာမည်ကား မမှတ်မိ)သည် ဇာတ်ပွဲများတွင် လူပျက်ပျက်သည့်အချိန် လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက် တည်း ကျယ်လောင်စွာ အကြာကြီးရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့ တိုက်ရယ်သည်ကို ဗိုလ်မင်းရောင်တွေ့၍ အားရကာ ဆုချလေတော့သည်။ တခါလည်း ၎င်းတပည့်နှင့် ၎င်း၏ညီ မြို့ဝန်ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားမ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းရောင်၏ တပည့်ရှုံးသည်၊ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့် ပုဝါတပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိ တပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတထည် ဆုချလေသည်။

          တခါလည်း ကြက်သားဟင်း စားလို၍ ညီဦးမင်းမောင်အား ကြက်အသတ် ခိုင်းလေသည်။ ဦးမင်းမောင် ကား ဗိုလ်လရောင်နှင့်မတူ လူပြော့လေးဖြစ်သည်။ စောင်း စည် သီချင်းဆိုတော်သည်။ စကားပြော ချိုသာသည်။ အထက်လူကြီး၏ အချစ်တော်တဦးဟု သိရသည်၊ ဦးမင်းမောင် ကြက်မသတ်နိုင် ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပို့သည့်ဟင်းကို ညီအားမကျွေးပဲ ခွေးကျွေးပစ်သောဟူ၏။ ။ (ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။)

ကျောင်းသားဘဝ

          ကျွန်တော်၏ မိခင်၊ ဘခင်နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲ ခဲ့လေသည်။ ကျွန်တော်တို့ ညီအကိုအားလုံးလဲ ဉာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးကား စာသင်အထူးပျင်းလှ၍ အခြား ညီအစ်ကိုကဲ့သို့ ပေါက် ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ဝမ်းကွဲ ညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျအောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာ ကိုလည်း အထူးလိုလားကြသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ထားသဖြင့် အသက် ၈-နှစ် ရောက်မှသာလျှင် ကျောင်းစနေရပေသည်။

 

          ကျွန်တော် ကျောင်းနေလာရင်းပြောရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို အောင်သန်းအား အသက် ၁၁- နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင် သန်းသည် မြန်မာ ၆-တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အသက်-၈နှစ်ထဲ ရောက်သော်လည်း ကျောင်းမနေရသေးချေ၊ ရှင်ပြုအခမ်းအနားဖြင့် အကိုအောင် သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လဲ ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အားပူစာသေးသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့လူသည် စာတတ်မှာဖြစ်မည်ဟု ပြောသဖြင့် ကျောင်းနေပါတော့မည်ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်သည်။ တန်းကျော်တက်ခဲ့ ရပြန်သဖြင့် လေးနှစ်နှင့် ၁၀တန်းအောင်မြင်သည်။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတနိုင်ငံလုံး နဝမစွဲခဲ့၍ အထက်တန်းစကော်လားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပဌမစွဲခဲ့၍ ဦးရွှေခိုဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ၆-နှစ်ခွဲမျှ နေခဲ့သည်။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီ-အေ) အတန်းအထိ အောင်ယုံသာ အောင်ခဲ့သည်။

          (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင် တဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တနှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ် လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီ-အယ်လ်) ပဌမနှစ် စာမေးပွဲ ရှုံးလေသည်။ ဤသည်ကား ကျွန်တော့်ဘဝတွင် ပဌမဆုံးနှင့် နောက်ဆုံး ကျရှုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇဝင်ဖြစ်သော ပဌမမေးခွန်းတွင် ကျွန်တော် ပဌမရခဲ့သည်။ ဒုတိယ (ဘီ-အယ်လ်) နှစ်တွင် နှစ်စေ့အောင် ကျွန်တော်မနေတော့။ ဥရောပ တိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိ လက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘဝသို့ ပြောင်း ခဲ့သည်။

          မြန်မာစာသင် ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း ကလေးဘာသာ သစ်ပင်တက်၊ ရေကူး၊ အလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်သည်။ ဤအချက်တွင် ကျနော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကိုမြင်လျှင် အဆို၊အမြည် ခံရသည်။ ရေကူး သည်ကိုသိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျနော့်မှာ ဉာဏ်ပညာ ဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့် ရာနေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။

          ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ တချို့အယူအဆများကို ခေတ် နှင့်လျော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် ပညာဆိုသည်မှာ စာအုပ် စာတမ်း တက်၍ စာသိမှုကို ပညာဟု မဆိုသာပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြ စေသည် ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက် ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဉာဏ်အားကိုလည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း (Emotion of the Education) ပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင်အောင်စေကာမူ၊ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ။

          ပညာဟူသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်နိုင်စွမ်းခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင် တိုးချဲ့ယုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက် စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။ ရာဇဝင် သိယုံသာ မဟုတ် ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိယုံသာမဟုတ်၊

          လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ ပဌမပညာကို သိယုံသာမဟုတ် မြေသစ်၊ ရေသစ်၊ တော၊ တောင်တို့ကို ရှာဖွေ စုံစမ်းနိုင်စွမ်း စေရမည်။ လောက အကြောင်းကို နားလည်စေယုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလဒေသ၊ ပရောဂနှင့် ယှဉ်ရမည်။ ဉာဏ်ကြီးသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှပိုမို ဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိပဲ လောကဓာတ် ပညာ ဉာဏ်ကိုသာ ရလျှင် လောကဓာတ် ပညာ၏ တန်ဖိုးကို ဒင်းပြည့် မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေပြသနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပဌမက သိမြင်လာသော စိတ်နေစိတ်ထား ဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင် ပြောင်းလဲရမည်သာတည်း။ ယနေ့ အယူအဆနှင့်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)