Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နေဝင်းမြင့် - ထ္ထုတို ၅ ပုဒ်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
ကော်ဖတ်နံပါတ် သုည
(၁) 

 

          ကျုပ်ကလည်း ကျုပ်ပဲ... ။ ပိုက်ဆံလေးများ နည်းနည်းရှိရင်.. လိုင်းကားစီးချင်တာမဟုတ်ဘူး။ ကျုပ်နေတဲ့ အင်းစိန်ကို မြို့ထဲကနေ သွားတဲ့လိုင်းကားလည်း အများကြီးပါ။ မထသလို့ခေါ်တဲ့ ဘတ်စ်ကား လည်း စီးနိုင်တယ်။ ၄၄ လို့ခေါ်တဲ့ ကားသေးသေးလေးတွေလည်း ခေါင်းမလွတ် ဘာမလွတ် စီးနိုင်တယ်။ နံပါတ် ၈ ဟီးနိုးကြီးတွေ လည်း စီးနိုင်တယ်။ ဂျပန်ဟီးနိုးဆိုတာကလည်း တစ်စီးနဲ့တစ်စီး ခပ် ကျဲကျဲပေမဲ့ စီးမယ်ဆိုရင် စီးလို့ဖြစ်တာပါပဲ။ နောက် ဘာရှိသေးလဲ။ နေဦး.. ။ ဗိုလ်တထောင် လင်းစဒေါင်းကလာတဲ့ နှစ်စီးတွဲ တကျောင်း ကျောင်းကိုလည်း စီးမယ်ဆိုရင် ရောက်တာပါပဲ။ ဒါပေမဲ့ မထသစီး မယ်ဆိုရင် ပန်းဆိုးတန်း ဟိုဘက်ထိပ်ကို သွားရမယ်။ ၄၄ စီးမယ်ဆိုရင် လည်း စထွက်လာကတည်းက ထိုင်ခုံလူအပြည့်နဲ့ ထွက်လာတာဆိုတော့ စီးချင်းမတ်တတ်စီးဖို့ပဲ။

           ပြောခဲ့သလိုပေါ့။ကားကယောက်ျားတော်တော်များများခေါင်းမလွတ်တော့ဆယ်မိုင်လောက်စီးရမယ့်ခရီးကို ခါးကြီးကိုင်းပြီး ဘယ်လို လုပ်စီးမလဲ။ ပြီးတော့ ဒီကားက ကမ္ဘာအေးဘက်က ပတ်တာဆိုတော့ စီးပေတော့ တမျှော်တခေါ်ကြီး။ ရေနွေးအိုးကြီးတစ်လုံးလို လေပေါက် မရှိ ဘာမရှိ။ ရေနိုး လေလုံကားကြီးကိုလည်း စီးမယ်ဆိုဦးတော့ လမ်း သုံးဆယ်ထိပ်ကို သွားရဦးမယ်။ အဆင်အပြေဆုံးက မြို့တော်ခန်းမ နားမှာ ဂိတ်ထိုးလေ့ရှိတဲ့ ဂျပန်ဟီးနိုးကြီးတွေပဲ။ ဒါပေမဲ့ ကိုယ့်လိုလူ က များနေတယ်။

          ဒီကားကို စောင့်စီးတဲ့လူက အမြဲတမ်း ဂိတ်မှာပြည့်နေတယ်။ ထိုင်ခုံများရဖို့တော့ ထည့်ကိုမစဉ်းစားနဲ့ ။ ဗြဟ္မာပြည်က အပ်နဲ့ လူ့ ပြည်က အပ်ပဲ။ လူချောင်ချောင်ကလေး စီးရဖို့ပဲ တွက်ထားရတာ။ ဒါပေမဲ့ သွားရင်းက လမ်းမှာ ပြည့်သွားတာပါပဲ။ စံပြရုပ်ရှင်ရုံရှေ့က (စံပြဂိတ်)မှာ လူပင်လယ်ကြီးက လှိုင်းတံပိုးတဝုန်းဝုန်းနဲ့ကို ရှိနေတတ် တာဆိုတော့ ဘယ်လောက်ချောင်တဲ့ကားဖြစ်ဖြစ် ပြည့်သွားတာပါပဲ။ စပယ်ယာဆိုတဲ့ ငနဲကလည်း လူကို အမှုန့်ထောင်းလို့ မရလို့၊ ထောင်း လို့များရတယ်ဆိုရင် ထောင်းချင် ထောင်းထည့်မယ့်ဟာတွေ မဟုတ် လား။ ထားပါတော့၊ စပယ်ယာတွေအကြောင်းကလည်း ရေးမယ်ဆို ရင် လုံးချင်းတစ်ပုဒ်စာတော့ရှိတယ်။

          ပြောချင်တာက ကားတွေက ကျပ်တယ်။ ဒါကို ပြောချင်တာ။ ဟ.. ရန်ကုန်မှာ ကားကျပ်တာ ပြောစရာလား။ ဆန်းတာလိုက်လို့။ ပြောလည်း ခံရုံပဲ။ ဒါပေမဲ့ အဲဒီပြောတဲ့လူကို အင်းစိန်ဘက် ပြောင်း နေပါလားလို့ ပြောကြည့်။ နေမလားလို့။ ကျုပ်က ရွှေပြည်သာမှာနေ တာဆိုတော့ အင်းစိန်ရောက်တော့ အင်းစိန်- ရွှေပြည်သာ ကားကိုစီးရဦးမှာကလည်း ရှိသေးတယ်။ အင်းစိန်-ရွှေပြည်သာ ကားက ရန်ကုန်-အင်းစိန် ဒုက္ခရဲ့ နှစ်ဆတိတိရှိတော့ ပထမခရီးစဉ်ဖြစ်တဲ့ အင်းစိန်-ရန်ကုန် ခရီးကိုတော့ ဖြစ်နိုင်ရင် သက်သောင့်သက်သာလေး သွားချင်တယ်။ ဒါပေမဲ့ ဒါက ဆန္ဒပါ။ ဘယ်တုန်းကမှလည်း သက်သောင့်သက်သာ ရှိတာမဟုတ်ပါဘူး။ သည်တော့ သိပ်ပင်ပန်းတဲ့နေ့ လည်းဖြစ်၊ ပိုက်ဆံလေး ဘာလေး နည်းနည်းပါးပါး ကပ်တဲ့နေ့ဆိုရင် ဆယ့်ငါးကျပ်ကားကို မျက်စောင်းထိုးဖြစ်တာပါပဲ။ လက်ဖက်ရည်လေး ဘာလေးလျှော့ပြီး စီးလိုက်မယ်လေလို့ သက်သာသလို တွေးပြီး စီးရတာလည်း ရှိတယ်။ တစ်နေ့မှ ဆယ့်ငါးကျပ်ရတဲ့လူကတော့ ဘယ် လိုလုပ် ဆယ့်ငါးကျပ်သားကို စီးမလဲ။ ဒီကားစီးလိုက်ရင် ဘာသွား စားမလဲ။ ဒီတော့ လူတော်တော်များများက တစ်ကျပ်ကားပဲ တိုးကြ ရတာပေါ့ ။ နေ့တိုင်းလိုလို မြို့ထဲအလုပ်ဆင်းရတဲ့ လူကလည်း နေ့ တိုင်း ဆယ့်ငါးကျပ်ကားကို ဘယ်လိုလုပ် စီးနိုင်မှာလဲ။ ဒါပေမဲ့ ဆယ့် ငါးကျပ်သားကို စီးနိုင်လို့ စီးကြတဲ့လူကလည်း မနည်းဘူး။ ဆယ့် ငါးကျပ်ကားကလည်း တရားဝင်လိုင်းကားတွေလို တန်းစီလို့။ ဟော တစ်စီး၊ ဟောတစ်စီး လူပြည့်ရင် ထွက်ကြတာပါပဲ။ ကားကတော့ အမျိုးမျိုးပေါ့။ ဟိုင်းလတ်၊ ဆန်နီ၊ တိုယိုတာ၊ ပတ်ဗလစ်ကာ။ ပုပု ကွကွ၊ ရှည်ရှည်မျှော၊ ကျဉ်းကျဉ်းကျပ်ကျပ် အစုံပါပဲ။

           “အင်းစိန်ကို... အင်းစိန်ကို” 

           “အင်းစိန်ကို.. အင်းစိန်ကို”

           ကုလားလေးတစ်ယောက်က တစာစာအော်ပြီး လူခေါ်နေတဲ့ ကားဂိတ်ကိုရောက်တော့ ည ၇ နာရီလောက်ရှိပြီ။ ထွက်မယ့်ကား ထဲမှာ လူတွေ ပြည့်သလောက် ဖြစ်နေပြီ။ ဆယ့်ငါးကျပ်လည်း ပေး ရသေး၊ ကျဉ်းကျဉ်းကျပ်ကျပ်စီးရတော့ ဘာထူးမှာလဲလို့ တွေးရင်းနောက်ကားပေါ်တက်ဖို့ ပြင်လိုက်တယ်။

          “ဆရာ... ခေါင်းခန်းက စီးပါလား၊ တစ်ယောက် လိုလို့ပါ” 

          “ဘယ်လောက်လဲ” 

          “ခေါင်းခန်းက နှစ်ဆယ်ပါ”

          အမှန်က ခေါင်းခန်းက နှစ်ဆယ်မှန်း ကျုပ် သိသားပဲ။ မေး ချင်လို့သာ မေးတာပါ။ အဲသည်နေ့က ကျုပ်လက်ထဲမှာလည်း အထုပ် က နှစ်ထုပ်ပါသေးတယ်။ မိုးတွေကလည်း ရန်ကုန်မြစ်ဆိပ်ကမ်းဘက် မှာ ညိုနေပြီ။ နောက်ကားကလည်း စီးမယ်ဆိုရင်ရပေမဲ့ နောက်ထပ် လူပြည့်အောင် မစောင့်ရဘူးဆိုရင် မိနစ် ၂၀၊ နာရီဝက်တော့ ကြာ မယ်။

          ရွှေပြည်သာကားကို တိုးတက်ဖို့ အချိန်နဲ့ ဘာနဲ့ဆိုတော့ ပိုပေး ရဦးမယ့် ငါးကျပ်ကို မမြင်တော့ပါဘူး။ ခေါင်းခန်းထဲကို ဝင်ထိုင်လိုက် တယ်။ ခေါင်းခန်းထဲမှာ ကြိုရောက်နေတဲ့လူကလည်း တစ်ဖက်ကို တိုးပေးရှာပါတယ်။ ကျုပ်လက်ထဲက အထုပ်တစ်ထုပ်ကိုလည်း လှမ်း ယူရှာပါတယ်။ ဒါပေမဲ့ သူကလည်း တစ်ဖက်မှာ ဂီယာထိုးတဲ့ ဂီယာ တံတိုတိုလေးရှိနေတယ်။ ပုံမှန်ဆိုရင် တစ်ယောက်ထိုင်ရမယ့်နေရာ လေးမှာ ငွေလေးဆယ်လိုချင်လို့သာ နှစ်ယောက် ရတယ်လုပ်ထားတဲ့ နေရာဆိုတော့ တော်တော့်ကို ကျပ်တယ်။ ကျုပ်အိတ်ထဲက ငွေနှစ် ဆယ်ထုတ်ပြီး ဒရိုင်ဘာရှေ့က ဒက်ရှ်ဘုတ်ပေါ် တင်ထားလိုက်တယ်။

          “ရရဲ့ လား” 

          “ရပါတယ်ဗျာ၊ ဒီလိုပေါ့”

          ရပါတယ်သာဆိုတယ်၊ သူရော ကျုပ်ရော ထိုင်ရတာ အဆင် မပြေဘူး။ သူလည်း နောက်ကျောမှီလို့မရဘူး။ ကျုပ်လည်း ကျပ်ကျပ် သပ်သပ်ပဲ။ ဒါပေမဲ့ လိုင်းကားရဲ့ ဆယ့်ငါးဆ အဆနှစ်ဆယ် ပေးထားရတဲ့ကားဆိုတော့ ဆယ့်ငါးဆ အဆနှစ်ဆယ် မသက်သာတောင် ဆယ်ဆလောက် သက်သာ မနည်းဘူးဆိုပြီး စီးရတာပေါ့။ ခဏနေတော့ ဒရိုင်ဘာက သူ့ဘက်က တံခါးဖွင့်တယ်။ သူ့နေရာကို ဝင်မထိုင် ခင် သူ့ကျောမှီနောက်က တစ်ခုခုကို သူ ကြည့်တယ်။ ပြီးတော့ ကျောမှီ ကို ပြန်ကပ်တယ်။ ဝုန်းခနဲ ပစ်ထိုင်တယ်။ ကားစက်နှိုးဖို့ သော့တံကို သော့ပေါက်ထဲထည့်ရင်း မနိုးသေးဘဲ နောက်က စပယ်ယာကို လှမ်း အော်တယ်။ 

          “.. ကိုကြည့်ဦးဟေ့”

          ရဲကို နာမည်တစ်မျိုးနဲ့ ခေါ်တာမှန်း ကျုပ်သိပါတယ်။ ပြီးတော့ ကားစက်ကို ခပ်ကြမ်းကြမ်းနှိုးတယ်။ ကားက ဝီခနဲသာအော်တယ်။ မနိုးဘူး။ နောက်တစ်ခါ တော်တော်ကြမ်းကြမ်း လှည့်နိုးတယ်။ နိုး သွားတယ်။ ကားထွက်ဖို့ ဂီယာထိုးလိုက်တော့လည်း ဂလုခနဲတောင် မြည်သွားတယ်။ ကျုပ်စိတ်ထဲ ဘာမဆိုင် ညာမဆိုင် စိတ်ခုသွားတယ်။ ဒီကောင် သူ့ကားမှ ဟုတ်ရဲ့ လား။ ဒီပုံနဲ့ ဒီစိတ်မျိုးနဲ့ ဒရိုင်ဘာကောင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ တွေးရင်း ကျုပ်ဘေးက လူကို ကျော် ကြည့်လိုက်တော့ လူက ကနွဲ့ကလျနဲ့၊ ဆံပင်ကလည်း ပြီးထားလိုက် တာ ပြဇာတ်မင်းသားလိုလိုပုံနဲ့၊ လူကလည်း ရှိလှရင် သုံးဆယ်တောင် ပြည့်မယ့်ပုံ မပေါ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်လေးနဲ့ပဲ သွားရမှာ ဆိုတော့ ... ကျုပ်လည်း စိတ်လျှော့လိုက်ပါတယ်။ အဲဒီမှာတင် ကား ရှေ့မှာ လူတစ်ယောက်လာရပ်တယ်။ နည်းနည်းမူးနေပုံလည်းရတယ်။ ကြွပ်ကြွပ်အိတ်နှစ်အိတ်ကို ကိုင်ထားရင်းက ထွက်မယ့်ကားကို တား တယ်။ သူပါ လိုက်မယ်ပေါ့လေ။ ဒရိုင်ဘာက နောက်ကို လှမ်းမေး တယ်။

          “နေရာရဦးမလားဟေ့”