Skip to product information
1 of 12

Other Websites

ဒေါက်တာမတင်ဝင်း - အထွတ်အထိပ်သို့လမ်းရိုးမှတက်ခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာအိတ်ကလေးတစ်အိတ်သည် သမ္မတအဖြစ်အိမ်ဖြူတော်သို့ ရောက်ခါစ ဒွက် ဒီ အိုက်ဆင်ဟောင်ဝါ အား အိမ်ဖြူတော်သည် ထိပ်ဖျားမှ အောက်ခြေ အထိ ပြုပြင်ရန်လိုအပ်သည်။ပြန်လည်ဖွဲ့စည်းရန်အထူးလိုအပ်နေသည် ဆိုသည့်အချက်များကို အသိပေးနိုင်ခဲ့သည်။

          ၁၉၅၃ ခုတွင် ၃၄ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ သမ္မတ အဖြစ် အိမ်ဖြူတော်သို့ရောက်သည်။ ထိုသို့ရောက်ရှိ၍ နာရီအနည်းငယ် ရသည့်အချိန်တွင် သမ္မတရုံးတော်မှ အမှုထမ်းတစ်ဦးသည် သမ္မတ၏လက် သို့ ချိပ်တံဆိပ်ရိုက်နှိပ်ထားသောစာအိတ်တစ်အိတ်ကိုကမ်းပေးလိုက်သည်။ကြယ်ငါးပွင့်ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ် ဒုတိယကမ္ဘာစစ်အတွင်းက မဟာ မိတ်တပ်ဖွဲ့များ၏ အောင်မြင်သော သေနာပတိချုပ်လည်းဖြစ်သူအဖို့ ထိုအပြု အမှုသည်စည်းစနစ်မကျနခြင်း၊တာဝန်သတ်မှတ်ပေးမှုမမှန်ခြင်းကြောင့်စည်းရုံးမှုမရှိခြင်းဆိုသည့်အချက်တို့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ကြီး သိနားလည်သွားစေခဲ့သည်။ အိမ်ဖြူတော်သို့ နေ့စဉ်နေ့စဉ် ရာပေါင်းများစွာသော စာများရောက်လာလေ့ရှိသည်။ လွတ်လပ်သောကမ္ဘာမှ ခေါင်းဆောင် တစ်ဦး လုပ်သင့်သောအလုပ်သည် စာများကိုဖောက်၍ ဖတ်ရန်သာ ဖြစ်ပါ သလော။

          “ငါ့ကို ချိပ်တံဆိပ်နှိပ်ထားတဲ့ စာအိတ်ဆိုရင် နောက်ကို ဘယ်တော့မှ မပေးနဲ့”ဟု သမ္မတအိုက်ဆင်ဟောင်ဝါ (၁၈၉၀-၁၉၆၅) က အိမ်ဖြူတော် အမှုထမ်းဖြစ်သူကို ပြောလိုက်သည်။ “အဲသည်လိုစာတွေဖတ်ဖို့ ငါ့အတွက် အရာရှိတွေခန့်ထားပေးတယ်”ဟုလည်း ဖြည့်စွက်ပြောဆိုလိုက်သည်။

           သေးငယ်သည့်ကိစ္စများအတွက်ချွေးထွက်မခံနှင့်ဟုအရပ်ပြောစကားပုံများကဆိုသည်။

အိုက်ဆင်ဟောင်ဝါကမူ ထိုသို့မယူဆပါ။ အိုက်ခ် (lke) ဟု လူအများက ကင်ပွန်းတပ်ထားသော အမည်ရှင်သည် ကိစ္စသေးသေးကလေးများကအရေးကြီးသည့်ဇာတ်ကြောင်းများကိုလှန်လှော၍ပြတတ်ကြောင်းကိုကောင်းစွာနားလည်သူဖြစ်သည်။ စစ်ဘက်ခေါင်းဆောင်တစ်ဦး အနေဖြင့် လူတစ်စုသာပါသော တပ်ဖွဲ့ တစ်ခုကို စစ်ဆေးကြည့်လိုက်ရုံဖြင့်တပ်ရင်းကြီးတစ်ခုလုံး၏အဆင့်အတန်းကိုနားလည်သဘောပေါက်နိုင်သည်။   စာအိတ်တစ်အိတ်နှင့်ပတ်သက်သည့်ကိစ္စကို လေ့လာလိုက်ခြင်းသည် အိုက်ခ် အား စနစ်များကို ပြန်လည်ပြုပြင်ရန် တွန်းအားပေးလိုက်နိုင်သည်။

          သေးငယ်သည်ဟုဆိုနိုင်သောထိုဖြစ်ရပ်သည်အိုက်ခ်အနေဖြင့်အဖွဲ့အစည်းအပေါ်အလေးအနက်ထားသည့်အဖြစ်ကို ပြဆိုနေပေသည်။ အဖွဲ့ အစည်း ကောင်းမှ အရည်အချင်းမြင့်မားသော လုပ်ဆောင်မှုများ ပေါ်ထွက် လာနိုင်မည့်အကြောင်းကို သူကောင်းစွာနားလည်သည်။ ထိုနားလည်မှုသည် အမေရိကန်သမိုင်းစဉ်တွင် သူယူရသောအခန်းကဏ္ဍအတွက် အထူးအရေးပါ သော ထက်မြက်မှုတစ်ခုဖြစ်သည်။

၁၉၅၃ မှ ၁၉၆၁ ခု နှစ်အထိ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ထမ်းဆောင်ရစဉ်ကလည်းကောင်း၊ ဒုတိယကမ္ဘာစစ်တွင် အောင်မြင်သော မဟာမိတ်တပ်များ၏ ဦးစီးချုပ်အဖြစ် ထမ်းဆောင်ရစဉ်ကလည်းကောင်း ထိုအရည်အသွေးကို သူပိုင်ဆိုင်ခဲ့သည်။ အသုံးပြုခဲ့သည်။

          ထိုအရည်အသွေးကြောင့်ပင် ဇွန်လ ၆ ရက် ၁၉၄၄ ခုတွင် သူ တာဝန်ယူရသည့် ဖြစ်ရပ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ် သည်။ သင်္ဘောအစင်းပေါင်း ၅,ဝဝဝ၊ လေယာဉ်ပေါင်း ၁၁,ဝဝဝ၊ လူအင်အား ၁၅ဝ,ဝဝဝ တို့ကို အပြန်အလှန်ချိတ်ဆက်မိအောင် စီစဉ်ညွှန်ကြား၍ D Day တိုက်ပွဲသို့စေလွှတ်ကာ ဥရောပရှိ မဟာမိတ်နိုင်ငံများကို နာဇီတို့လက်မှ လွတ်အောင် ကယ်တင်စေခဲ့သည်။

          အိုက်ခ်သည် သူ၏စိတ်နှင့် သူ၏လုပ်ရပ်များကို စုစည်းနိုင်စွမ်း ရှိသည်။ ထိရောက်သွက်လက်စွာ လုပ်ဆောင်တတ်သည်။ ထိုနည်းဖြင့် သူ၏ လုပ်ရည်ကိုင်ရည်ကို ပိုမိုပြည့်ဝစေသည်။

          ထိုသို့သော အရည်အချင်းများဖြင့် ပြည့်ဝနေသောကြောင့် သူ့ကိုယ်သူ လည်း ယုံကြည်မှုပြည့်ဝသည်။ သူ၏စီမံကိန်းနှင့် သူ၏တပ်ဖွဲ့ဝင်များကို လည်း ယုံကြည်မှုအပြည့်အဝထားသည်။ သူ၏တပ်ဖွဲ့ဝင်များသည် သူ၏ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ပေးမည်ဟုလည်း လုံးဝ ဥဿုံ ယုံကြည်သည်။

 

စနစ်တစ်ခုကို လျင်မြန်စွာ ထိရောက်အောင်မြင်စေခြင်း

          ဂုဏ်သိက္ခာကြီးခြင်း၊ဝီရိယအားကြီးမားခြင်း၊နိုင်ငံအပေါ်သစ္စာစောင့်ခြင်းစသည့်အရည်အချင်းများနှင့်ပြည့်စုံသူ အိုက်ဆင်ဟောင်ဝါသည် သူ့ကိုတာဝန်ပေးလိုက်သည့်ခဏမှာပင် ထိုတာဝန်ကို ထိရောက်စွာ ထမ်း ဆောင်ခဲ့သည်။

          ၁၉၅၃ ခုတွင် သမ္မတတာဝန်ကို လက်ခံပြီးနောက် အိမ်ဖြူတော်တွင် အလုပ်စခန်းစတင်သည်။ သူ၏အရာရှိများကို သူသည်သူ၏အချိန်ကို တစ်ပါး သူများ မဖြေရှင်းနိုင်သည့်ပြဿနာများကို ဖြေရှင်းရာတွင်သာ အသုံးပြုလိုသည်ဟုပြောခဲ့သည်။သူသည်သူ၏အရာရှိများကိုနှစ်စုခွဲလိုက်သည်။တစ်စုမှာကိုယ်ရေးအရာရှိများဖြစ်၍ နောက်တစ်စုမှာ သမ္မတ၏အရာရှိများ ဖြစ်သည်။ ထိုသို့တိကျစွာသတ်မှတ်လိုက်သဖြင့် သူလုပ်ဆောင်ချင်သော ကိစ္စ များကို လစ်ဟင်းခြင်းမရှိရအောင် ဆောင်ရွက်နိုင်သည်။ ဤကဲ့သို့ တိကျစွာ တာဝန်သတ်မှတ်ပေးခြင်းသည် စံအဖြစ် သတ်မှတ်ထားရသော အဆင့်မြင့် စနစ်တစ်ခု ဖြစ်လာသည်။ ( မှတ်စုမှတ်တမ်းများ၊ အမှာစာများ၊ စာချုပ်မူကြမ်းများစသည်တို့ကို စာတစ်မျက်နှာတည်းတွင် ဝင်အောင်ထည့်သွင်းရေးသားရသည်။ ကွန်ဂရက် အဖွဲ့ဝင်များထံမှ တင်သွင်းသော အခြားစာများကို တစ်ကြောင်းတည်းတွင် ဆိုလိုချက်ဝင်အောင် ချုံ၍ပေးထားရသည်။

          ထိုအတိုချုပ်များကို ဖတ်ပြီးသည့်နောက် အိုက်ခ်အနေဖြင့် အချိန်ပေး ကာ စာတစ်စောင်လုံးကို ပြန်၍ဖတ်ရန်လိုသည်ဟု ယူဆပါက ပြန်၍ဖတ် သည်။

         သူကိုယ်တိုင်လက်မှတ်ရေးထိုးရန်လိုအပ်သောထောင်ပေါင်းများစွာသောစာများကိုအချိန်ကုန်သက်သာစေရန်အတိုကောက်အားဖြင့်(DE)ဟုလက်မှတ်ထိုးတတ်သည်။အစိုးရ၏လုပ်ငန်းများအပေါ်မှ အစဉ်ခြုံငုံသုံးသပ်မိပြီးဖြစ်စေရန် အိုက်ခ်က ယမန်နေ့က ဆောင်ရွက်ခဲ့သည့် အရေး အကြီးဆုံး အစိုးရလုပ်ငန်း (၄ဝ) ကို အတိုချုံး၍ နေ့စဉ် တင်ပြစေသည်။

          အိုက်ဆင်ဟောင်ဝါက ခေါင်းဆောင်မှုဆိုတာ သူလုပ်ချင်တဲ့အလုပ် ကို အခြားသူတစ်ယောက်က သူလုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အတတ်ပညာပဲဖြစ်တယ်ဟု ဆိုခဲ့သည်။ “Leadership” Eisenhower said was “the art of getting someone else to do something you want done because he wants to do it.”

          စစ်ရေးခေါင်းဆောင်တစ်ဦးအနေဖြင့် သူ့လက်အောက်ရှိ ဦးစီးအရာရှိ များထံက သိမှဖြစ်မည့် အရေးအကြီးဆုံး အချက်အလက်များကို အစီရင်ခံ တင်သွင်းပေးရမည့်ကိစ္စအတွက် အားထားသည်။ ထို့နောက် ထိုအချက် အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဆုံးဖြတ်ချက်ချပေးရန်လည်း အားထားသမှု ပြုသည်။ ထိုဆုံးဖြတ်ချက်၊ သုံးသပ်ချက်များအပေါ်မှ ကြိုက်နှစ်သက်သည့် အချက်ကို အိုက်ခ် ကိုယ်တိုင် ရွေးချယ်သည်။ )

          ထိုသို့ဖြင့် သူ၏အရာရှိများသည် အချင်းချင်းအပြိုင်အဆိုင် ကြိုးစား လာရန် သူဖန်တီးသည်။ ထိုလုပ်ငန်းတာဝန်ကိုယူရသော လူတိုင်းသည် အကောင်းတကာ့အကောင်းဆုံး ထူးချွန်သူဖြစ်လာအောင် ကြိုးစားကြလေ သည်။

         သမ္မတတစ်ဦးအနေဖြင့်အုပ်ချုပ်စီမံရာတွင်လည်းထိုနည်းစနစ်ကိုပင်အသုံးပြုခဲ့သည်။ဆိုဗီယက်နှင့်အားပြိုင်ရသော စစ်အေးကာလ တဖြည်းဖြည်း ပီပြင်လာချိန်တွင် အိုက်ခ်အနေဖြင့် ဆိုဗီယက်ပေါ်လစီကို သိရန်လိုအပ်သည်။ ထိုကြောင့် အိုက်ခ်သည် သူ၏အရာရှိများကို သုံးစုခွဲကာ လုပ်ငန်းအင်အားစု သုံးစုဖွဲ့ ပေးခဲ့သည်။ ထိုအဖွဲ့ဝင်များသည် မဟာဗျူဟာအမျိုးမျိုးကို အပြိုင် အဆိုင်လေ့လာ၍ ကိုယ့်အစုနှင့်ကိုယ် တင်သွင်းကြရသည်။ သတ်မှတ်ချိန်းဆို ထားသည့်နေ့တွင် လုပ်ငန်းအင်အားစု သုံးစုစလုံး အိမ်ဖြူတော် စာကြည့် တိုက်တွင် စုစည်းကြကာ အသင့်စောင့်နေသော အိုက်ခ်ကို တစ်ဖွဲ့ ချင်း သူတို့၏လေ့လာမှုမှ ပေါ်ထွက်လာသော မဟာဗျူဟာအမျိုးမျိုးကို တင်ပြ အစီရင်ခံကြလေသည်။

          အိုက်ခ်က အဖွဲ့ သုံးဖွဲ့ စလုံး၏ တင်ပြချက်များထဲမှ သူအကြိုက်ဆုံး အချက်အလက်များကို ရွေးချယ်၍ လက်ခံသည်။ ထိုအချက်အလက်များကို စုစည်းကာ ဆိုဗီယက်နိုင်ငံနှင့်ဆက်ဆံရာတွင် အမေရိကန်နိုင်ငံ၏ နိုင်ငံရေး မူဝါဒအဖြစ် အသုံးပြုခဲ့သည်။ 

           ဝေဖန်မှုများကို လက်ခံသုံးသပ်ခြင်းသည် အိုက်ခ်၏ စီမံကိန်း ရေး ဆွဲမှုတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ D Day- ဒီဒေး မတိုင်မီကဗြိတိသျှတို့အားအသေးစိတ်ရှင်းလင်းညွှန်ကြားချက်ပေးရာတွင် ဗြိတိသျှ ဝန်ကြီးချုပ် ‘ဝင်စတန်ချာချီ”လည်း တက်ရောက်သည်။   ဆဋ္ဌမမြောက် ဂျော့ချ် ဘုရင်လည်း တက်ရောက်သည်။ ဗြိတိန်မှ စစ်ဦးစီးချုပ်များလည်း တက် ရောက်ကြသည်။ 

           အိုက်ခ်က ပထမပိုင်းတွင် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်သည့် စစ်ဆင်ရေးနှင့်ပတ်သက်၍ သိသင့်သည်တို့ကို ရှင်းလင်းတင်ပြသည်။ ထို့ နောက် နားထောင်နေသော ပရိသတ်များကို သူ၏ရှင်းလင်းမှုအပေါ် ဝေဖန် သုံးသပ်ပေးပါဟု ပြောသည်။ “ဒီမှာတက်ရောက်နေတဲ့ လူတွေထဲက (ကျွန်တော် တင်ပြတဲ့) စီမံကိန်းထဲမှာ ချို့ယွင်းချက်တစ်စုံတစ်ရာကို မြင်တဲ့ သူဟာ အဲသည်လို မြင်တဲ့ချို့ယွင်းချက်ကို တင်ပြဖို့ရာ တာဝန်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု    အိုက်ခ်ကပြောသည်။ “ဝေဖန်သုံးသပ်မှုကို မကြိုက်တဲ့ လက်သင့်မခံနိုင်တဲ့သူဆိုရင် ဘယ်လိုအဆင့်က ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျွန်တော်နဲ့ သဘောထားမတူနိုင်ပါဘူး၊ ကျွန်တော်တို့ ဒီမှာစုရုံးနေကြတာက လည်း တတ်နိုင်သမျှ အကောင်းဆုံးအဖြေကို ရရှိဖို့ဖြစ်ပါတယ်”ဟု အိုက်ခ် ကပြောသည်။

          အိုက်ခ်သည် ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် အခါတိုင်းဖြည့်စွက်ချက်အမျိုးမျိုးကို ပေးကြပါရန် အစဉ်သဖြင့် တောင်းခံလေ့ရှိသည်။ သူသည် သူ၏လူများကို သူတို့၏ဖြည့်စွက်ပြောဆိုချက်၊ တင်ပြ ချက်များသည် ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်ဆက်စပ်၍တင်ပြပြောဆိုခြင်းမျိုးမဖြစ်စေရဟုသတိပေးလေ့ရှိသည်။

          သောကြာနေ့တိုင်း အိမ်ဖြူတော်တွင် ကက်ဘိနက်အစည်းအဝေး ရှိသည်ဖြစ်ရာ ထိုအစည်းအဝေးများတွင် အိုက်ခ်က သူ၏လက်အောက်ခံ အရာရှိများကို အမေရိကန်ပြည်ထောင်စု၏အကျိုးအတွက် ရွေးချယ်နိုင်သမျှ ထဲမှ အကောင်းဆုံး အချက်အလက်များကို တင်ပြရန် တိုက်တွန်းသည်။ သူသည် ထိုအရာရှိများ၏ဌာနများမှ လိုအပ်ချက်များကို လက်ခံကြားနာခြင်း မပြုလိုချေ။“ခင်ဗျားတို့ဟာနိုင်ငံတော်ရေးခေါင်းဆောင်များသာဖြစ်တယ်။ ဈေးခေါ်နေတဲ့ ဈေးသည်များ မဟုတ်ကြဘူး”ဟု ဆိုတတ်သည်။

 

စိတ်အကြံကို ပြောင်းပြန်လှန်ခြင်း 

          ဗိုလ်ချုပ်ကြီးဒေါက်ဂလပ်စ်မက်အာသာနှင့်အတူတူအလုပ်လုပ်ရင်းထိုဗိုလ်ချုပ်ကြီးထံမှလေ့လာသင်ယူခဲ့သော အလေ့အထတစ်ခု အိုက်ခ်ထံတွင် ရှိသည်။ မက်အာသာသည် သူရွေးချယ်ရရှိထားသော သူနှစ်ခြိုက်သဘောကျ လက်ခံထားသောအချက်အလက်များကိုဖွင့်ထားသည့်သဘောဖြင့်ထိုအတွေးအခေါ်များကို ဆန်းစစ်ဝေဖန်တတ်သည်။ အပြစ်ရှာတတ်သည်။ သူမနှစ်သက်သော အတွေးအခေါ်များကို စိတ်ပါဝင်စားမှုရှိသည့် အမူအရာ ပြတတ်သည်။ ထိုနည်းဗျူဟာကိုသုံးခြင်းဖြင့် ပြင်းပြင်းထန်ထန် စကားစစ် ထိုးပြီးသည့်နောက် အကောင်းဆုံးသော အတွေးအခေါ်များ ပေါ်ပေါက်လာ တတ်သည်။ မက်အာသာအနေဖြင့် သူ၏လက်ချက်မှန်း မည်သူမျှ ကြိုတင် သိမြင်အောင် မလုပ်ခဲ့ချေ။

          အိုက်ဆင်ဟောင်ဝါ အနေဖြင့်ပညာဆက်လက်သင်ယူနေခြင်းသည်အောင်မြင်ခြင်းကိုဖွင့်လှစ်သောသော့ကို ပိုင်ဆိုင်နေခြင်းဖြစ်သည်။ အမေရိ ကန် ပြည်ထောင်စု၏ ရှုပ်ထွေးသောစီးပွားရေးကို ခြုံ၍ သုံးသပ်ဆင်ခြင်ပြီး နောက် သတင်းစာများတွင်ပါသော ဘဏ္ဍာရေးကော်လံများကို လေ့လာလေ တော့သည်။ သူသည် မိတ်ဆွေများထံမှ အကြံဉာဏ်များ တောင်းယူသည်။ အောင်မြင်သော ငွေကြေးမြှုပ်နှံရင်းနှီးသူ ဘားနတ်ဘားရုချ် (BarnardBaruch)ထံမှလည်းပညာယူသည်။ထိုသူသည်အသက်၃၀မတိုင်မီကတည်းကစတော့ဈေးကွက်များတွင် အောင်မြင်၍ များစွာကြွယ်ဝလာ

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)