ထင်လင်း - မေတ္တာရှင်မကလေးပေါ်လီယာနာ
(၁)
ဒေါ်ပေါ်လီ
အပျိုကြီး ဒေါ်ဒေါ်လီဟယ်ရင်တန်သည် မီးဖိုခန်းထဲသို့ ရေးကြီးသုတ်ပျာ ဝင်လာလေသည်။ သူသည် ခါတိုင်းဆိုလျှင် ရေကြီးသုတ်ပျား လှုပ်ရှားလေ့ရှိသူ မဟုတ်။ အထူးသဖြင့် သူသည် အမူအရာသိမ်မွေ့မှုတွင် ဂုဏ်ယူတတ်သူ ဖြစ်၏။ သို့သော် ယနေ့တော့ သူ တကယ်ပင် ခပ်သုတ်သုတ်ဖြစ်လာသည်။
မီးဖိုထဲရှိ ပန်းကန်ဆေးခွက်၌ ပန်းကန်များဆေးကြောနေသော နန်စီ သည် တအံ့တသြ မော်၍ကြည့်မိ၏။ နန်စီသည် ဒေါ်ပေါ်လီ၏မီးဖိုထဲတွင် အလုပ်လုပ်သည်မှာ ၂ လမျှသာ ရှိသေးသည်။ သို့သော် သူ့သခင်မမှာ ဘယ် တော့မှ ရေးကြီးသုတ်ပျားမလုပ်တတ် ဆိုသည်ကိုတော့ သိနေပြီ။
“ဟဲ-နန်စီ”
“ဟုတ်ကဲ့မမ”
နန်စီက ရွှင်ပျစွာထူးလိုက်သော်လည်း သူ့လက်ထဲတွင်ကား သုတ်လက်စ ရေတကောင်းကို ဆက်၍ ပွတ်တိုက်လျက်ပင် ရှိ၏။
“ဟဲ-နန်စီ”
ဒေါ်ပေါ်လီ၏အသံမှာ တင်းမာလာသည်။
“ငါ နင့်ကို စကားပြောနေတဲ့အခါ အလုပ်ကိုချထားပြီး ကောင်းကောင်း နားထောင်စမ်း”
နန်စီမှာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ရေတကောင်းကို အဝတ် ပတ်လျက်ပင် ချက်ချင်း ချထားလိုက်သဖြင့် စောင်းပြီး မှောက်တော့မည်ကဲ့သို့ဖြစ်သွား၏။ သူ့အမူအရာကတော့ မထူးခြား။
“ဟုတ်ကဲ့ မမ၊ နားထောင်ပါ့မယ် မမ”
နန်စီက စောင်းသွားသောရေတကောင်းကို လှမ်းတည့်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့နှင့် ပြောသည်။
“မနက်က မမက “ဆေးစရာပြောစရာရှိတာတွေ မြန်မြန်ဆေး”လို့ ပြော ထားလို့ ကျွန်မ အလုပ် ဆက်လုပ်နေမိလို့ပါ”
သူ့မမက မျက်မှောက်ကြုတ်လိုက်သည်။
“တော်စမ်းပါ။ ငါက နင့်ကို ထုချေလွှာတောင်းနေတာ မဟုတ်ပါဘူး။ ဂရုစိုက်နားထောင်ဖို့ ပြောတာ”
“ဟုတ်ကဲ့မမ”
နန်စီသည် မသိမသာ သက်ပြင်းချမိ၏။ “ဤအမျိုးသမီးကြီးကို ကျေနပ် အောင် ဘယ်လိုလုပ်ရပါမည်နည်း”ဟု တွေးတော၍လည်း နေမိသည်။
နန်စီသည် ယခင်က တစ်ခါမျှ သူ့အိမ်အပြင်သို့ထွက်၍ အလုပ်လုပ်ဖူးသူ မဟုတ်။ သို့သော် သူ့အမေက မမာခိုက် အဖေက ရုတ်တရက်သေဆုံးသွားတော့ နန်စီအောက် အငယ်လေး ၃ ယောက်နှင့် မုဆိုးမဖြစ်၍ ကျန်ရစ်လေရာ၊ သူတို့ကို ကျွေးမွေးပြုစုဖို့ နန်စီက အလုပ်ထွက်လုပ်ရသည်။ တောင်ကုန်းပေါ်က အိမ်ကြီးတွင် မီးဖိုချောင် အလုပ်ကို ဝင်လုပ်ရမည်ဆိုတော့ သူ အတော်သဘောကျမိ၏။
နန်စီသည် ၆ မိုင်မျှဝေးသော ချောင်ကြားအရပ်မှ လာသည်ဖြစ်ရာ ပေါ်လီဟယ်ရင်တန်အကြောင်း သိပ်မသိခဲ့။ “ဤမြို့တွင် အချမ်းသာဆုံး တစ်ဦး”ဟူ၍ လည်းကောင်း၊ “ဟယ်ရင်တန်အိမ်ကြီး၏ သခင်မ” ဟူ၍လည်းကောင်း ဤမျှသာ သိခဲ့၏။ ဤ အိမ်သို့ရောက်ပြီး ၂ လကြာတော့ ဒေါ်ပေါ်လီမှာ ခက်ထန်သော မျက်နှာထားတင်းသော၊ ကြမ်းပြင် ဓားခက်ရင်းလွတ်ကျလျှင် ဖြစ်စေ တံခါး ဒိုင်းခနဲပိတ်လျှင် ဖြစ်စေ မျက်မှောက်ကျတ်တတ်သော၊ ဓား မကျ တံခါး မမြည်သောအခါတွင်လည်း ပြုံးဖို့သတိမရသော အမျိုးသမီးကြီး ဖြစ်သည် ဟု သိလာသည်။
“နန်စီ။ နင် မနက်ပိုင်းအလုပ်တွေပြီးရင် အထပ်ခိုးလှေကားထိပ်က အခန်းကလေးကိုရှင်း။ ကုတင်ကလေးခင်းပြီး အိပ်ရာ ပြင်ထားလိုက်။ အခန်းကို လဲကျင်းပြီး ဖြစ်အောင်လုပ်ထားလိုက်။ အထဲက သေတ္တာတွေကို အပြင်ထုတ်။ ပြီးတော့ ပြောတာ နားလည်လား”ဟု ဒေါ်ပေါ်လီက ပြောသည်။
“ဟုတ်ကဲ့။ အထဲကထုတ်တဲ့ သေတ္တာတွေကိုကော ဘယ်မှာထားရမလဲ
“ရှေ့ဘက်က အထပ်ခိုးထဲကို ပို့” ဒေါ်ပေါ်လီသည် ခဏမျှစဉ်းစားနေပြီး
“အင်း-အခုပဲ တစ်ခါတည်း ပြောလိုက်မယ် နန်စီ။ ငါ့တူမ ပေါ်လီယာနာ ဝှစ်တီယာဆိုတာ ငါနှင့် လာနေလိမ့်မယ်”ဟု ဆက်ပြောလိုက်၏။
“မိန်းကလေး ဒီလိုလာမယ်။ ဟုတ်လား မမ။ ဟာ-နေရာကျလိုက်တာ”
နန်စီသည် တောင်ကြားရှိ သူ့အိမ်တွင် သူ့ညီများနှင့် ပျော်ခဲ့ရသည်ကို တွေးမိ၍ ဝမ်းသာအားရ ပြောလိုက်မိသည်။ သူ
“ဘာ နေရာကျတာလဲ။ ငါကတော့ အဲသလို မထင်ပါဘူး။ ဒါပေမယ့် ဖြစ်သမျှအကြောင်း အကောင်းချည့် အောက်မေ့ရမှာပေါ့။ ငါတို့က လူကောင်း တွေကိုး။ ကိုယ့်ဝတ္တရား ကိုယ် သိရတာပေါ့”ဟု တင်းမာစွာဆိုလိုက်သည်။
နန်စီမျက်နှာ နီမြန်းရပြန်သည်။
“ဟုတ်ပါတယ် မမ။ ကျွန်မက ကလေးမကလေး တစ်ယောက်ဆိုတော့ မမအဖို့ ပျော်စရာကောင်းမလားလို့ တွေးမိလို့ပါ”ဟု အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်ရ၏။
“တော်စမ်းပါအေ။ ညည်းစေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေ မယ့် ငါ့မှာတော့ လောလောဆယ် လိုမယ်မထင်ပါဘူး”
“ဒါတော့ ဒါပေါ့ မမရဲ့။ဒါပေမယ့် မမ ဒီကလေးကို ချစ်မှာပါ။ ကိုယ့် အစ်မအရင်းက မွေးတာပဲဟာ”
နန်စီက ရောက်လာမည့်ကလေးအတွက် နေရာသစ်တွင် အဝင်မခက်အောင် လမ်းခင်းပေးထားသင့်သည်ဟု ဝိုးတဝါးထင်မိသောကြောင့် အရဲစွန့်၍ ပြောလိုက်ခြင်းဖြစ်၏။
ဒေါ်ပေါ်လီက တင်းမာစွာ မျက်နှာကိုမော့လိုက်ပြီး
“တကယ်တော့ နန်စီ။ ငါ့အစ်မပေမယ့် သူ့ဘာသာသူ မိုက်မိုက်ကန်းကန်း အိမ်ထောင်ပြုပြီး အလိုလိုနေရင်း လူများလို့ ရှုပ်ရတဲ့လောကကြီးထဲ ကလေး တစ်ယောက် အားတိုင်းမွေးပေးထားခဲ့တာနှင့် ငါက ဘာဖြစ်လို့ လိုလိုချင်ချင် ရှိရမှာလဲ။ ဘယ်လို ဖြစ်ဖြစ်လေ။ ငါပြောခဲ့သလိုပဲ အချိန်တန်တော့ ငါ သိရမှာ ပဲပေါ့။ အခန်းရှင်းရင် ထောင့်ကြားတွေလည်းမကျန်အောင် သုတ်နော် နန်စီ”ဟု ပြတ်ပြတ်တောင်းတောင်းပြောကာ သူ အခန်းထဲမှ ထွက်သွားလေသည်။
နန်စီလည်း “ဟုတ်ကဲ့မမ”ဟုဆိုကာ သက်ပြင်းချလိုက်ပြီး၊ ရေခြောက် သွား၍ ပြန်ဆေးရတော့မည်ဖြစ်သော ရေတကောင်းကို ကောက်ယူလိုက်လေ၏။
သူ့အခန်းထဲသို့ ပြန်ရောက်သောအခါ ဒေါ်ပေါ်လီသည် လွန်ခဲ့သည့်နှစ် ရက်ခန့်က ရောက်လာသော အနောက်ဘက် အဝေးဒေသ မြို့ကလေးမှ သူ မမျှော်လင့်ဘဲ စိတ်ညစ်ရသောစာကို ထုတ်ယူကာ တစ်ခေါက် ပြန်ဖတ်လေသည်။ စာမှာ “ဗားမွန် ဗဲလဒင်စဗီးလ် ဒေါ်ပေါ်လီဟယ်ရင်တန်” ဟု လိပ်စာတပ်လျက် အောက်ပါအတိုင်းဖြစ်၏။
အစ်မကြီးခင်ဗျား
လွန်ခဲ့သည့် သီတင်း ၂ ပတ်က သင်းအုပ်ဆရာကြီး ဂျွန်ဝှစ်တီးယား သည် ၁၁ နှစ်အရွယ် သမီးငယ် တစ်ယောက်ကိုထားခဲ့ကာ ဘဝ တစ်ပါးသို့ ပြောင်းသွားကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ် ပါသည်။ သူ့မှာ အစ်မကြီး သိပြီးဖြစ်သည့်အတိုင်း ဤနေရာငယ် ဘုရား
ကျောင်းမှ သင်းအုပ်ဆရာဖြစ်သည့်အားလျော်စွာ လခရိက္ခာနည်းပါးရှာ သည်ဖြစ်၍ စာအုပ်အနည်းငယ်မှတစ်ပါး ဘာပစ္စည်းမျှ မကျန်ရစ်ပါ။
သင်းအုပ်ဆရာကြီးမှာ “အစ်မကြီး၏ အစ်မအရင်း၏ခင်ပွန်း ဖြစ်သည်၊
ဟု သိရပါသည်။ သို့သော် ညီအစ်မများ အချင်းချင်း စိတ်ဝမ်းမကြည် သာကြကြောင်းကိုလည်း သူ ပြောပြ၍ သိရပါသည်။ မည်သို့ပင်ဖြစ်စေ၊ အစ်မကြီး၏ အစ်မအရင်း၏မျက်နှာကို ထောက်၍ ကလေးကို အစ်မကြီး ကယူကာ အရှေ့ဘက်ရှိ ဆွေစုမျိုးစုတွင် စောင့်ရှောက်ကျွေးမွေးချင်လိမ့် မည်ဟု သူက ယုံကြည်ပါသည်။ ထို့ကြောင့် ဤစာကို ရေးရပါသည်။
အစ်မကြီး ဤစာကို ရသည့်အချိန်လောက်တွင် ကလေးမသည် အဆင် သင့်ပြင်ဆင်ပြီး ဖြစ်နေပါလိမ့်မည်။ အစ်မကြီးက မွေးနိုင်မည်ဆိုလျှင် ချက်ချင်းလာရန် အမြန် စာရေး ပြန်ကြားစေလိုပါသည်။ ယခု လောလော ဆယ်တွင် မကြာမီ အရှေ့ဘက်သို့သွားမည့် ဇနီးမောင်နှံ အဖော်ရှိနေပါ၍ သူတို့နှင့်အတူ ကလေးမကို ဘော်စတွန်အထိ ထည့်ရပါမည်။ ဘော်စတွန် မှတစ်ဆင့် သူတို့ကပင် ဗဲလဒင်စဗီးလ်သို့သွားသော ရထားပေါ်သို့ တင် ပေးလိုက်ပါလိမ့်မည်။ မည်သည့်နေ့တွင် ရထားနှင့် ကလေးမ ရောက်လာ မည်ကိုလည်း အကြောင်းကြားပါမည်။ ကောင်းသောစကား မကြာမီ ကြားရပါလိမ့်မည်ဟု မျှော်လင့်လျက်
လေးစားစွာဖြင့် ကျွန်တော်
ဂျယ်ရမီယာ၀ှိုက်
ဒေါ်ပေါ်လီသည် မျက်မှောင်ကြုတ်လျက် စာကို ပြန်ခေါက်ကာ စာအိတ် ထဲသို့ ပြန်ထည့်လိုက်သည်။
မနေ့ကပင် စာပြန်လိုက်ပြီ။ “ကလေးကို လက်ခံပါမည်ဟု ပြန်ရေး လိုက်သည်။ လုပ်ရမည့်အလုပ်က သိပ်နှစ်သက်ဝမ်းမြောက်ဖွယ်မဟုတ်။ သို့သော် သူ့ဝတ္တရားကိုတော့ သူ ကျေပွန်အောင် လုပ်ရတော့မည်ဟု အောက်မေ့လိုက်၏။
သူသည် စာကို ကိုင်လျက် ထိုင်ရင်းမှ ဤကလေး၏ အမေ သူ့အစ်မ ဂျင်နီ၏ ရုပ်သွင်ကို လည်းကောင်း၊ အသက် ၂၀ အရွယ် ဂျင်နီ အိမ်ကလူများ အမျိုးမျိုး ဆုံးမတားဆီးသည့်ကြားထဲက သင်းအုပ်ဆရာကလေးနှင့် လက်ထပ်သွားသည့်အချိန်ဆီသို့ လည်းကောင်း မှန်းဆ၍ ကြည့်နေမိသည်။ သူ့ကိုကြိုက်
သော ပစ္စည်းရှင်လူငယ်တစ်ယောက်နှင့် အိမ်ကလူများက သဘောတူပါလျှက် ဂျင်နီက မကြိုက်။ ပစ္စည်းရှင်လူငယ်က အသက်လည်း ငယ်သေးသည်။ ပိုက်ဆံ လည်း ချမ်းသာသည်။
ဂျင်နီယူလိုက်သော သင်းအုပ်ဆရာကလေးမှာ ငယ်ရွယ်သူတို့၏ မြင့်မြတ် သောစိတ်ထား, စိတ်အားထက်သန်မှုနှင့် မေတ္တာတရားအပြည့်ရှိသော နှလုံးသား တို့သာ ရှိသည်။ ဂျင်နီက ဒါတွေကို ဥစ္စာပစ္စည်းထက် ပိုပြီး မက်မောကာ သူနှင့်လက်ထပ်၍ ပြည်တွင်းသာသနာပြုသင်းအုပ်ဆရာကလေး၏ ဇနီးအဖြစ် တောင်ပိုင်းသို့ ပါသွားခြင်းဖြစ်လေသည်။
ဤတွင် သေခန်းရှင်ခန်း ပြတ်ကြတော့၏။ ထိုစဉ်က ဒေါ်ပေါ်လီမှာ ညီမအငယ်ဆုံး ၁၅ နှစ်သမီးမျှသာ ဖြစ်သော်လည်း ကောင်းစွာမှတ်မိနေသည်။ ဆွေမျိုးစုကလည်း သူတို့မျက်နှာ အိုးမည်းသုတ်သွားသော သင်းအုပ်ဆရာတော် ကလေးအား အဆက်အဆံမပြုကြတော့။ ဂျင်နီကတော့ အတန်ကြာအောင် စာရေးနေသေးသည်။ နောက်ဆုံးမွေးသည့် သမီးကလေးကိုပင် သူ့ညီမ ၂ ယောက် ဖြစ်သော ပေါ်လီနှင့် အန်နာတို့၏ အမည်ကို ယူ၍ “ပေါ်လီယာနာ”ဟု အမည်မှည့် ထားကြောင်း၊ အခြားကလေးများအားလုံး သေဆုံးသွားကြောင်း စာရေးသေး သည်။ ဤစာသည် ဂျင်နီထံမှ နောက်ဆုံးစာဖြစ်၏။ အနောက်ဘက်မြို့ကလေး တစ်မြို့မ ဂျင်နီ၏ခင်ပွန်းကိုယ်တိုင် “ဂျင်နီ ဆုံးပြီ” ဟု အကြောင်းကြားသည့် ကြေကွဲ ဖွယ် ၁ ကြောင်း-၂ ကြောင်းမျှသော စာတစ်စောင် ရောက်လာလေသည်။
ဤအတောအတွင်း တောင်ကုန်းပေါ်က အိမ်ကြီးတွင် နေရစ်သူတို့ အဖို့ လည်း အချိန်သည် တရွေ့ရွေ့ကုန်ခဲ့သည်။ ဒေါ်ပေါ်လီသည် အိမ်ကြီးပေါ်မှ မျှော်ကြည့်လိုက်လျှင် မျက်စိတဆုံးရှိသော ချိုင့်ဝှမ်းမြေနိမ့်ဆီသို့ရင်း ဤ နေမိလေသည်။
၂၅ နှစ်ကာလအတွင်း သူကြုံတွေ့ခဲ့ရသည့် အပြောင်းအလဲများကို တွေးတော
သူ ယခု အသက် ၄၀ ရှိပြီ။ ဤလောကကြီးထဲတွင် သူတစ်ယောက်တည်းသာ ရှိတော့သည်။ အဖေတို့ အမေတို့အားလုံး သေဆုံးကြပြီ။ သူသည် ဤအိမ်ကြီးနှင့်တကွ သူတို့အဖေထားခဲ့သော ပစ္စည်းဥစ္စာ ရွှေငွေရတနာများစွာ တို့၏တစ်ဦးတည်းသော အရှင်သခင်မ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ သူ၏ အထီးကျန်ဘဝကို ကရုဏာသက်ကြသောသူများက အတူနေမည့် အဖော် သဟဲ တစ်စုံတစ်ယောက်ကိုရှာဖို့ တိုက်တွန်းကြသည်။ သို့သော် ဒေါ်ပေါ်လီက သူတို့၏ အကြံဉာဏ်ကို လည်းကောင်း, ကရုဏာကိုလည်ကောင်း လက်ခံလိုဟန် မပြခဲ့ချေ။ သူသည် အားမငယ်တတ်ပါ။ သူတစ်ယောက်တည်း နေရခြင်းကို ကြိုက်နှစ်သက်ပါသည်ဟု ဆိုသည်။ သူသည် ဆိတ်ငြိမ်ခြင်းကို ပိုမို အလိုရှိသည် ဟု ဆိုသည်။ သို့ရာတွင် ယခုတော့မူဒေါ်ပေါ်လီသည် မျက်မှောက်ပြုတ်၍ နှုတ်ခမ်းကို စေ့နေအောင်ပိတ်ကာ ထိုင်ရာမှ ထခဲ့သည်။ သူသည် အမျိုးကောင်းသမီးဖြစ်သည်ကိုလည်း ဝမ်းမြောက်သည်။ သူ့ဝတ္တရားကို သူ သိတတ်သူ ဖြစ်ရုံမက၊ ဆောင်ရွက်နိုင်လောက်အောင် စိတ်ခိုင်သူ ဖြစ်သည်ကိုလည်း ကျေနပ်သည်။ သို့ပေမယ့် သူအဖို့ “ပေါ်လီယာနာ” ဆိုတဲ့ နာမည်ကတော့ အူကြောင်ကြောင် နာမည်ပါတကား။