Skip to product information
1 of 2

Other Websites

တင်မောင်မြင့် - အချစ်များစွာနဲ့ပါဆရာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အချစ်များစွာနဲ့ပါဆရာ

          လူတွေပြွတ်သိပ်ကျပ်ညပ်ပါလာသော အနီရောင် နှစ်ထပ် ဘတ်စ်ကားကြီးသည် မော်တော်ယာဉ်တွေ ဆူညံ ရှုပ်ပွနေသည့် အလယ်လ်ဂိတ် လမ်းပေါ်တွင် ဘီးကို တစ်ပတ်ချင်း လှိမ့်လျက်ရှိသည်။ ကားကြီးသည် မတန်တဆ သယ်ဆောင်လာရသည့် ခရီးသည် မိန်းမကြီးများ၏ ဒဏ်ကိုကြိတ်မှတ်ခံနေရပုံ။ မှတ်တိုင်တကာ မှ တက်စီး လိုက်ပါလာကြသည့် ခရီးသည် အမျိုးသမီးကြီးများမှာ နွမ်းနွမ်းပါးပါး အလုပ်သမကြီး တွေ ဖြစ်သည်။ ဧရာမ ရင်သားကြီးတွေ၊ လက်မောင်း တုတ်တုတ်ကြီးတွေနှင့်။ ကလေးမွေးရဖန်များတော့ သူတို့ကိုယ်ခန္ဓာတွေမှာ ပုံပျက်ချင်တိုင်းပျက်ကာ နို့စားနွားမကြီး များနှင့် တူနေသည်။ မနက်စောစော အလုပ်ကြမ်းလုပ်ရခြင်းနှင့် မေလ၏ နံနက်ခင်း နေရောင်ကြောင့် သူတို့ မျက်နှာ များ မှာ ပန်းနုရောင် ပြေးနေပြီး ချွေးကလေးများ စို့လျက်ရှိသည်။

          ဆေးဆိုးထားသော ဦးခေါင်းမှ တမင် ကောက်ကွေးထားသည့် ဆံခွေကလေး တစ်ခွေနှစ်ခွေကိုဖော်ပြီး ခေါင်းစည်းပဝါ ကြောင်ကြောင်ကျားကျားများကို စည်းနှောင်ထားကြ၏။ ခြေထောက်များကမူ မြေမှပေါက်သည့် ပင်စည်များလိုတောင့်တင်း ခိုင်မာကြသည်။ သူတို့အားလုံးမှာ ဘယ်လို ရန်သူလာပစေ၊ ရင်ဆိုင်တိုက်ဝံ့သည်ဟူသည့် ဒေါင်းတင်မောင်းတင် ပုံစံတွေချည်း။ သူတို့ ကိုင်ဆောင်လာကြသည့် ဈေးအိတ်ကြီးများမှာ ငါးညှီနံ့တထောင်းထောင်းနှင့်။ သူတို့ကိုကြည့်ပြီး ဂျွန်စတိန်းဘက် ၏ ၀တ္ထုများထဲမှတောသူတောင်သားများကို ပြေးသတိရလိုက်မိသည်။ မြို့ကြီးပြကြီးတွင် ရောက်နေလင့် ကစား သူတို့ အပြုအမူ၊ အပြောအဆိုမှာ ပီဘိ တောသူတောင်သားများနှင့်မခြား။

          ကားစပယ်ယာနှင့် အပြန်အလှန် နောက်ပြောင်လာကြသည်။ ယောက်ျားခရီးသည် ဆို၍ ကားပေါ်တွင် ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်က လူမည်း၊ နီဂရိုး၊ ကျွန်တော့်ကို ဖုတ်လေသည့် ငါးပိရှိလေသည်မှ သူတို့မထင်ကြ။ စပယ်ယာက လူသွက်၊ ခပ်နောက်နောက်။ သူတို့အားလုံးကို သိနေပုံ။ တရင်းတနှီး ဟာသတွေ ဖောက် နေ၏။ အမျိုးသမီးတွေကလည်း အားကျမခံ သူ့ကိုပြန်နောက်သည်။ သူတို့ဟာသတွေက ချက်အောက် ပြက်လုံးတွေချည်း။ မိန်းမ၀၀ကြီး တစ်ယောက်နှင့် ကျွန်တော် ကပ်ထိုင်ရသည်။ ကျွန်တော်ကပြတင်းပေါက်ဘက်က။ တံတောင်ဆစ် မရှိသော သူ့လက်မောင်းတုတ်တုတ်ကြီးတွေက ဧရာမဈေးခြင်းတောင်းကြီးကို ပွေ့ထားသေးသည်။ ကားနံရံနှင့် ထိုမိန်းမကြီးအကြားတွင် အသက်ကို ကျွန်တော် မနည်းရှူနေရသည်။ ထိုမိန်းမကြီးသည် မျက်နှာချင်းဆိုင်မှ အဖော်မိန်းမကြီးတစ်ယောက်နှင့် သူတော်ချင်းချင်း သတင်းေ လျက် လိုက်ပါလာသည်။ အပေါစား ဟာသတွေ ကရားရေလွှတ် တတွတ်တွတ် ပြောလျက်။ "ညည်းအဘိုးကြီး အတွက် ဘာဝယ်လာခဲ့တုန်း " "ပေါင်မုန့်နဲ့ အသားပြုတ်ရည်လောက် ကျွေးလို့ ဘယ်အားရှိမတုံးကောင်မရဲ့ " " ကြက်သား အမဲသား ကျွေးလည်း မထူးပါဘူးဟယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ ကျော ကိုတော့ သူ နွေးအောင် လုပ်ပေးနိုင်တုန်းပါပဲ" အားလုံးကြားအောင် အသံကို တမင် မြှင့်ပြောနေကြခြင်းဖြစ်သည်။ ခရီးသည် အမျိုးသမီးများက မနောလေခွေ့နေကြသည်လေ။

          မျက်စောင်းထိုးခုံမှ မိန်းမကြီးက ရှေ့သို့ အသာကိုင်းပြီး ကျွန်တော့်နံဘေးမှ မိန်းမကြီးကို လေသံနှင့် ပြော သည်။ သူ့မျက်လုံးအစုံက ကျွန်တော့်တွင် စိုက်လျက်။ "ညည်းလူကြီးကို ကောင်းကောင်းကျွေးပြီး အားမွေးခိုင်းထားနော်။ ခရစ္စမတ်မှာ အသုံးချနိုင်အောင်လေ" " အောင်မယ် ညည်းက ဒါတွေ မမေ့သေးဘူး ဟုတ်လား၊ မုဆိုးမ ဖြစ်တာဖြင့်ကြာလှပြီ" "ညည်းအတွက် စေတနာနဲ့ ပြောတာပါအေ၊ ဒါပေမဲ့ ဒါမျိုးက စက်ဘီးစီးတတ်တာနဲ့ အတူတူပဲဟ၊ ဘယ်တော့မှ မေ့မသွားဘူး" သူတို့ခန္ဓာကိုယ် အတ္တဘောကြီးတွေနှင့် လုံးလုံးမလိုက်သည့် ဟာသများ။ ကျွန်တော် ရယ်ချင် ပက်ကျို ဖြစ်လာသည်။ ကျွန်တော့် မျက်နှာတွင် ပြုံးဖြဲဖြဲဖြစ်သွားမိလေသလား မသိပါ။ သူတို့ ကျွန်တော့်ကို တအံ့တဩ ကြည့်ကြသည်။ သူတို့ အလင်္ကာတွေကို ကျွန်တော် နားလည်ခြင်းအတွက် အံ့သြ နေကြဟန်ဖြင့် တစ်ဦးနှင့် တစ်ဦး တီးတိုးတီးတိုး သဖန်းပိုးလုပ်ကာ တခစ်ခစ် ရယ်ကြပြန်သည်။ သူတို့လို မိန်းမကြီးများသည်တော်ရုံတန်ရုံကိစ္စကို ဟီရိဩတ္တပ္ပ စာရင်းတွင် ထည့်သွင်းကြလိမ့်မည် မဟုတ် ဟု ကျွန်တော် ကောက်ချက်ဆွဲမိသည်။

          ယာဉ်သွားယာဉ်လာ ရှင်းသည့်အပိုင်းသို့ ရောက်လာပြီး ဘတ်စ်ကားကြီး အရှိန် သွက်လာသည်။ အချို့က မှတ်တိုင်များတွင် အလျှိုအလျှိုဆင်းကာ လမ်းကျဉ်းကလေး များနှင့် ရပ်ကွက်ကြို ရပ်ကွက်ကြားများတွင် ၀င်ရောက် ပျောက်ကွယ်သွားကြသည်။ ကုန်သည် လမ်းတစ်လျှောက်မှ ဆိုင်ကြီးကနားကြီးတွေ၊ ကဖီးဆိုင်တွေကို ငေးရင်း ကျွန်တော် ဆက်စီးလာသည်။ ဆိုင်းဘုတ်တွေက အမျိုးမျိုး။ ဂရိ အစ္စရေး၊ ပိုလန်၊ တရုတ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ရုရှား၊ အိန္ဒယ .. စုံလို့။ ရှုဇ်၊ ချင်ယန်၊ စမစ်၊ ဆီယက်ဗ်၊ လီတိုဘာရ်ကီ စသည် စသည်။ ကျွန်တော့် နံဘေးမှ မိန်းမကြီးက မနိုင်မနင်း ပုံစံဖြင့် မနည်းအားယူ ထကာ ကျွန်တော့်အား တစ်ချက်ငဲ့ကြည့်ရင်း ကျန်အမျိုးသမီး တစ်သိုက် ကို နှုတ်ဆက်ပြီး ဆင်းသွားသည်။

          နည်းတဲ့ ခန္ဓာကိုယ်ကြီး မဟုတ်ပါ။ ခုမှ ကျွန်တော် အသက်ရှူချောင်သွားသည်။ ကျွန်တော့် နံဘေးမှ ခုံလွတ်ဆီကို ကျောင်းသားကလေးတစ်ယောက် လျှောက်လာသည်။ ပြီးမှ သူ့နံဘေးတွင် ကပ်ပါလာသော ၀တ်ကောင်းစားလှနှင့် ကိုယ်နေဟန် သွယ်လျလျ အမျိုးသမီးကို ဦးစားပေးလိုက်သည်။ အမျိုးသမီးက ချာတိတ်ကို အပြုံးဖြင့်ကျေးဇူးတုံ့ပြန်လိုက်သည်ကို ကျွန်တော် မြင်လိုက်၏။ ထိုင်ရန် ဟန်ပြင် သည်။ ထိုင်ချမည့်ဆဲဆဲတွင်မှ ကျွန်တော့်ကို သူ မြင်သွားသည်။ သူနှင့် ကျွန်တော် မျက်လုံးချင်း ဆုံမိကြသည်။ မျက်နှာပေါ်တွင် အံ့ဩခြင်း အရိပ်အငွေ့များ ရုတ်ခြည်း ယှက်သန်းသွားပြီး ခါးကို ပြန်ဆန့်ကာ မထိုင် တော့ဘဲ တစ်ဖက်သို့ တိုး၍ ကျောင်းသားလေးနားတွင် သွားရပ်နေသည်။ ချာတိတ် က ဘာမှ နားမလည် သလို အမျိုးသမီးကို မော့ကြည့်နေ၏။ စပယ်ယာ အနားရောက်လာသည်။ ခပ်ရွှင်ရွှင် လေသံဖြင့် - " လက်မှတ် မထုတ်ရသေးတဲ့ ခရီးသည်များ ဆုတ်ကြပါခင်ဗျာ၊ အခမဲ့ စီးရမယ့် အချိန်က သန်းခေါင်မှပါ" သည်လို ပေါက်တတ်ကရ စကားလုံးများဖြင့် လက်လုပ်လက်စား အလုပ်သမားကြီးများကို သူ ထိန်းလာခဲ့ခြင်းဖြစ်သည်။

          အမျိုးသမီးက ပိုက်ဆံအိတ်ဖွင့်ပြီး နှိုက်သည်။ လက်မှတ်ဝယ်သည်။ စပယ်ယာက ပိုက်ဆံကိုလှမ်းယူရင်း- "ထိုင်လေ အစ်မ၊ ဒီခုံ လွတ်နေသားပဲ" စပယ်ယာ ပေးသည့် လက်မှတ်ကို လှမ်းယူရင်း-" ကျေးဇူးပါပဲကွယ်"ဟု ဆိုသည်။ ထိုင်ဖို့ပြောသည်ကိုမူ မသိကျိုးကျွန် ပြုလျက်။ "အစ်မဒီမှာ ခုံလွတ်ရှိတယ်လေ"စပယ်ယာ က ကျွန်တော့်နံဘေးမှ နေရာလွတ်ကို လက်ညိုးထိုးပြပြီး ဆက်လျှောက်သွားသည်။ ကျောင်းသား ကလေး၏ ကျောင်းသားလက်မှတ်ကို စစ်ဆေးပြီး ချာတိတ်ကလေးကို နှုတ်ဆက်စကား ဆိုနေသည်။ အမျိုးသမီးဘက်ကို စပယ်ယာက တစ်ချက် ပြန်လှည့်ကြည့်သည်။ အမျိုးသမီးက သူ့ကို အပေါ်စီးဆန်ဆန် စူးစူးရဲရဲပြန်ကြည့်နေ၏။ "အမျိုးသမီးတွေ ကားပေါ်မှာ မတ်တတ်ရပ် မစီးရဘူးဗျ" စပယ်ယာက ခပ်ဆတ်ဆတ် လေသံဖြင့် အော်ပြောသည်။ လမ်းတစ်လျှောက်လုံး ပျော်ပျော်ပါးပါး တာဝန် ထမ်းဆောင်လာသည့် လူရွယ်စပယ်ယာကို ကားပေါ်တွင် ကျန်ရှိသည့် အလုပ်သမ မိန်းမကြီးတွေ ဝိုင်းကြည့် နေကြသည်။ သည်သူငယ် ဘာဖြစ်သွားပါလိမ့်။

          အမျိုးသမီးက စပယ်ယာ၏ ခြိမ်းခြောက်မှုကိုရော၊ ခရီးသည်မိန်းမကြီးများကိုပါ ထီမထင်သည့်ဟန်ဖြင့် မထုံတက်သေး ဆက်ရပ်နေသည်။ အထက်တန်းလွှာမှ ဖြစ်ဟန်တူသည့် အကြင် မိန်းမငယ်ကို အများနည်းတူ ကျွန်တော် အော့နှလုံး နာလာသည်။ ကားတစ်စီးလုံးကို သူက အဖက်မတန်သလို။ စပယ်ယာကို ကြည့်ပြီး မထီမဲ့မြင် ပြုံး နေသေးသည်။ သူ့အပြုအမူအတွက် သူ ပျော်နေပုံ။ ယဉ်ယဉ်ကလေးနဲ့ လူပါးဝတဲ့ ဟာမ။ ကျွန်တော် စိတ်ချဉ် ပေါက်ပေါက် နှင့် ကျိတ်ပြီး ကျိန်ဆဲလိုက်မိ၏။

          ထိုစဉ် " လမ်းသစ်ရိပ်သာ" ဟု ရေးထားသည့် ဆိုင်းဘုတ်ကို ကျွန်တော် လှမ်းမြင်လိုက်ခြင်းဖြစ်သည်။ ခပ်သွက်သွက် ထရပ်ပြီး " မှတ်တိုင်ပါတယ် " ဟု အော်ပြောလိုက်သည်။ စပယ်ယာ က ကျွန်တော့်ကို ဘုကြည့် လှမ်းကြည့်သည်။ သူနှင့် အမျိုးသမီး ပွဲမပြီးခင် ကျွန်တော် ဆင်းသွားမည်ကို မကျေမနပ် ဖြစ်နေသည့်အလား။ အမျိုးသမီး ကို သူ ဆက်ပြီး ခဲ့လိမ့်မည်ဟု ကျွန်တော့်စိတ်ထဲ ထင်နေ၏။ ကြိုးကို လှမ်းဆွဲပြီး ကားကို ရပ်စေ လိုက်သည်။ တုံ့ခနဲ ကားကြီး ရပ်သွားသည်နှင့် ကျွန်တော် ဆင်းလာခဲ့သည်။ ကျွန်တော် ထလိုက်သည်နှင့် စောစောက အမျိုးသမီး ကျွန်တော့်နေရာတွင် ခပ်တည်တည် ၀င်ထိုင်သည်။

          *မှတ်တိုင်မှ ဘတ်စ်ကားကြီး ထွက်သွားပြီ။ အဖြစ်အပျက်ကြောင့် ကျွန်တော် စိတ်ဓာတ် အကျကြီး ကျကာ ပလက်ဖောင်း ပေါ်တွင် ကျန်ရစ်သည်။ စင်စစ် ကျွန်တော်သည် လန်ဒန် အရှေ့ပိုင်း၏ ဓလေ့စရိုက် များကို နှစ်သက်မြတ်နိုးသူ ဖြစ်ပါသည်။ လူတန်းစားပေါင်းစုံ နေကြသည့် ဒေသနှင့် သည်ဒေသ၏ ချစ်စဖွယ် သမိုင်း ကို ချေးခါးအူမ မကျန်ဖတ်ထားသူဖြစ်ပါသည်။ လန်ဒန်မြို့အကြောင်းကို ရှေးဟောင်းစာပေ များမှရော ခေတ်စမ်း စာပေများမှပါ ကျွန်တော် မွှေနှောက် ထားပြီး ဖြစ်ပါ၏။ ချောစာ၁ တို့၊ အီရပ်စ်မတ်စ် ၂ တို့ခေတ် လန်ဒန်ကိုပင်လျှင် စိတ်ဝင်စားသူဖြစ်ပါ သည်။ ရှေးဟောင်း လန်ဒန်ကျောက်လမ်းများပေါ်တွင် စိတ်ကူးဖြင့် လမ်းလျှောက်ကြည့်တတ်သူ ဖြစ်ပါသည်။ ဆူဇန်လောရင့်စ် အမည်ရှိ မီးသင်္ဘောဖြင့် ဗာဂျီးနီးယားပြည်နယ်သို့ ရွက်လွှင့်ပြီး အင်္ဂလိပ် ကိုလိုနီ စတင် တည်ထောင် သည့် ကပ္ပတိန် ဂျွန်စမစ် ခရီးစထွက်သည့် သိမ်းမြစ်ဆိပ်ကမ်းကို အရောက် သွားကြည့်ဖူးသူ ဖြစ်ပါ၏။

          သို့သော် တကယ့်လက်တွေ့ လန်ဒန်သည် စိတ်ကူးရုပ်ပုံထဲက ကားချပ်နှင့် လားလားမျှ မတူဘဲ လုံးဝ ရှုချင် စဖွယ် မရှိဖြစ်နေ၏။ လမ်းတွေမှာ ဆူညံရှုပ်ပွနေ၏။ ဆိုင်များရှေ့တွင် ဗုံးဒဏ်ကြောင့် ကျင်းကြီးတွေဖြစ်ကာ ခြံစည်းရိုး တွေမှာလည်း ပြိုကျ ပျက်စီးနေ၏။ လမ်းမီး စိမ်းသည်နှင့် ကုန်သည်လမ်းမှ လမ်းသစ်ရိပ်သာထဲသို့ ကျွန်တော် ချိုး၀င်ခဲ့သည်။ နာဇီဗုံးဒဏ်ကို မခံ လိုက် ရသည့် အဆောက်အအုံအချို့ ရှိသော်လည်း အိမ်တိုင်းတွင် လူရှိပုံမရ။ ကွဲနေသည့် ပြတင်းပေါက် မှန် တွေကို ကတ်ပြားများ၊ သံဖြူပြားများဖြင့် ဖာထေးထားသည်။

          နေရာတိုင်းတွင် ဖုန်တထောင်းထောင်း၊ ယင်တလောင်းလောင်းနှင့် အနံ့အသက် ကလည်း အသက်မရှူရဲ လောက်အောင်ပင်။ ပလက်ဖောင်းပေါ်တွင် အဆောက်အအုံများမှ ပဲ့စဉ် လွင့်ကျထားသည့် အုတ်ကျိုး အုတ်ပဲ့တွေ တောင်ပုံရာပုံ။ ကုန်စုံဆိုင်များမှ သားငါးနှင့် ကုန်ခြောက်နံ့က အော်ဂလီဆန်ချင်စရာ။ သီးနှံဆိုင်များမှ အကြွင်းအကျန်များ၏ အနံ့ ကလည်း လေထုထဲတွင် မင်းမူနေသေး၏။ လမ်းပေါ်တွင် လူမျိုးပေါင်းစုံ ယောက်ယက် ခတ်သွားလာ လှုပ်ရှားနေကြ၏။ အနိဋ္ဌာရုံ ပတ်ဝန်းကျင်ကို ဘယ်သူ မှ သတိထားမိပုံ မပေါ်။ ကျွန်တော်ကမူ သွားရင်းလာရင်း ပျို့ချင် အန်ချင် ဖြစ်လာသည်။ ကိစ္စ ရှိလို့သာ ခရီးဆုံးအောင် ဆက်လျှောက်နေရခြင်းဖြစ်၏။ ၁။ ဂျက်ဖရီချောစာ (၁၃၄၀-၁၄၀၀)၊ အင်္ဂလိပ်ကဗျာဆရာ။ ၂။ အီရပ်စ်မတ်စ် (၁၄၆၉-၁၅၃၆)၊ ဒတ်ချ်လူမျိုး တွေးခေါ်ရှင်။

          မီးရထား ကုန်းကျော်တံတားအောက်တွင် အနိဋ္ဌာရုံ မြင်ကွင်းကို သဘာ၀မိခင်က ဖုံးကွယ်ဖို့ ကြိုးစားနေသည့် အလား။ တောင်လိုပုံနေသည့် စွန့်ပစ်ပစ္စည်းမျိုးစုံကို မြက်ပင်ရှည်တွေက မလုံမလဲ ဖုံးအုပ်လျက်။ စပရင်မွေ့ရာ အပျက်တွေက ထိုးထိုးထောင်ထောင်။ ကလေးတစ်သိုက်မှာ အမှိုက်ပုံတွေကြားတွင် တပျော်တပါး ဆော့ကစား နေကြ၏။

          မကြာမီ လမ်းကြားကလေးတစ်ခုသို့ ရောက်လာသည်။ ကျွန်တော် ချိုးဝင်ရမည့် လမ်းကလေး။ နာမည်ကျော် "ဂရင်းစလိတ်" အထက်တန်းကျောင်းရှိရာ လမ်းသွယ် ကလေး။ ကျောင်းအုပ်ဆရာကြီး အမည်က မစ္စတာအေ ဖလောရင့်။ လမ်းကလေးအတိုင်း လိုက်ဝင်သွားလျှင် အတန်ကျယ်သော ကျောက်လမ်းကလေးကိုတွေ့ရသည်။ လမ်းတစ်ဖက်တွင် " ယောက်ျားကလေးများ" အိမ်သာ။ ဆေးစိမ်းသုတ်ထား၏။ အိမ်သာထဲ မှ ဆံပင်နက်နက်နှင့် ကျောင်းသားကလေးတစ်ယောက် ထွက်လာသည်။ အရောင်လွင့်ပြယ်နေ သည့် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ထားသည်။ ကျွန်တော့်ကို မြင်တော့ လက်ထဲမှ သောက်လက်စ စီးကရက်ကို ဝှက်ဖို့ ကြိုးစားရင်း -

          "ဘယ်သူနဲ့ တွေ့ချင်လို့လဲ" ကြောင်စီစီ အသံနှင့် ကျွန်တော့်ကို လှမ်းမေးသည်။ "ဘယ်သူ့ဆီ လာတာလဲ ကိုယ့်လူ" သူက နောက်ထပ်မေးသည်။ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် စီးကရက်က မီးခိုးတလူလူ။" ကျောင်းအုပ် ဆရာကြီးနဲ့ တွေ့ချင်လို့။ သူ့ရုံးခန်း ဘယ်နားမှာလဲ" ဆေးလိပ် ခိုးသောက်နေခြင်းကို ဖြောင် ဖုံးကွယ်နေသည့် ချာတိတ်အား ကြည့်ပြီး ကျွန်တော် ရယ်ချင်နေ သည်။ ရယ်ချင်စိတ်ကို မျိုချပြီး သူ့ကို ပြန်မေးလိုက်ခြင်းဖြစ်၏။

          "အဲဒီတည့်တည့်က လှေကားအတိုင်းတက်သွားပါ" ချာတိတ်က စီးကရက်တိုဖြင့် အမှတ်ထင် ညွှန်ပြသည်။ သူ့ကို ကျေးဇူးတင်စကား ပြောပြီး ကျွန်တော် ဆက် လျှောက် လာခဲ့သည်။ ဆရာကြီး၏ ရုံးခန်းတွင် " အဲလက်စ် ဖလောရင့်၊ ကျောင်းအုပ်ဆရာကြီး၊ တံခါးခေါက်ပြီးမှ၀င်ပါ" ဟူသည့် စာတန်းကလေးချိတ်ထားသည်။ တံခါး ခေါက်ပြီးမှ ကျွန်တော် ချီတုံချတုံ ဖြစ်နေ၏။ အတွင်းဘက်မှ ဖွင့်ထားတယ်။ ၀င်ခဲ့ပါ" ဟူသည့် အသံ ထွက်လာသည်။ စိတ်တိုမာန်တိုနှင့်ပြောသည့် အသံမျိုးများလားဟု ကျွန်တော် သံသယ ဖြစ်လိုက်မိသည်။

          ဧရာမ စားပွဲကြီးတွင် လူပုပုသေးသေးကလေးတစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏။ ဦးခေါင်းကြီးကြီး ပေါ်မှ ဆံပင်တွေမှာ ဖြူဖွေးနေပြီ။ သို့သော် သေသေသပ်သပ် ပြီးသင်ထား၏။ အသားရောင် က နေလောင် ထားသည့်နှယ်။ ပါးရိုးမြင့်မြင့်နှင့် မျက်နှာကမူ နုပျိုရွှင်ပျလျက်။ သူ့ဆံပင်တွေကို စွန့်ခွာသွားခဲ့သည့် ပျိုမျစ်နုငယ်ခြင်းသည် သိမ်းငှက်နှုတ်သီးနှင့် တူသည့် နှာခေါင်းအောက်မှ ရွှင်ချိုချို နှုတ်ခမ်းအစုံတွင် နေရာယူထား ဆဲ။ ပြူးကျယ်ကျယ် အညိုရောင် မျက်လုံးများက ထူးထူးဆန်းဆန်း အရာဝတ္ထုတစ်ခုကို ရှာဖွေတွေ့ရှိထား သလို တဖျတ်ဖျတ် လှုပ်ရှားနေ၏။

          စားပွဲဆီသို့ ကျွန်တော် လျှောက်သွားတော့ ဆရာကြီးက နှုတ်ဆက်ဖို့ ထ ရပ်သည်။ သို့သော် သူ့အရပ်မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ်ကထက် သိသိသာသာ မြင့်မလား။ သည်တော့မှ ဆရာကြီးမှ အရပ်ပုရုံမက ခါးပါ အနည်းငယ် ကုန်းနေကြောင်း ကျွန်တော် သတိထားမိသည်။ ၀တ်စားဆင်ယင်ပုံကမူ သေသပ်သည်။ စားပွဲနှင့် ရုံးခန်းမှာလည်း ရှင်းသန့်ပြောင်လက်ကာ ပြင်ပ၀န်းကျင်နှင့် တခြားစီ။ ဆန့်ပေးလာသည့် သူ့လက်ချောင်း များက မြူဖျော့ဖျော့နှင့် သန်မာတောင့်တင်း၏။ ပြီးမှ အပြုံးဖြင့် ပဋိသန္ဓာရ ပြုသည်။ " ဆရာ ဘရိတ်ဂိတ် မှတ်တယ်၊ ဟုတ်စ၊ ကျုပ်တို့ မောင်ရင့်ကို မျှော်နေကြတာ။ ကဲ .. ထိုင်" ဆရာကြီးသည် လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမများကို တန်းတူ တရင်းတနှီး ဆက်ဆံတတ်ကြောင်း နောင်တွင် ကျွန်တော်သိလာသည်။ ဘယ်တော့မှ ဟိတ်ကြီးဟန်ကြီး မရှိ။

          လက်ဆွဲနှုတ်ဆက်ပြီး ကျွန်တော်ဝင်ထိုင်သည်။ တရင်းတနှီး ကြိုဆိုနှုတ်ဆက်ဖော်ရ သည့်အတွက် ဆရာကြီး ကို စိတ်ထဲက ကြည်ညိုလိုက်မိ၏။ ဆရာကြီးက စားပွဲပေါ်မှ သေတ္တာကလေးကို ဖွင့်ကာ ကျွန်တော့်ကို စီးကရက်တည်သည်။ သူကိုယ်တိုင်လည်း တစ်လိပ်ယူသည်။ နှစ်ယောက်သား မီးညှိကြပြီးမှဆရာကြီးက ကုလားထိုင်နောက်ကျောကို မှီကာ စကားစသည်။

 

          "တော်တော် ရှာရသေးလား၊ ကျောင်းက ချောင်ကျတော့ တချို့မလာတတ်ကြဘူး" " ကျွန်တော်တော့ တန်းတန်းမတ်မတ် ရောက်လာပါတယ် ဆရာကြီး၊ တိုင်းပညာ၀န်ရုံးက  သေသေချာချာ ညွှန်လိုက်ပါတယ် ခင်ဗျ" "တော်သေးတာပေါ့လေ၊ ဆရာ့ကို ရတာ ကျုပ်တို့ သိပ် ၀မ်းသာနေကြတယ်၊ ဆရာလည်း ဒီကျောင်းမှာ ပျော်မယ် လို့ မျှော်လင့်ပါတယ်" " ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်တော်လည်း အဲဒီအတိုင်း မျှော်လင့်ပါတယ် ခင်ဗျ" ကျွန်တော်က ခပ်လောလော ထောက်ခံလိုက်သည်။ ကျွန်တော့် စိတ်အားထက်သန်မှုကို ဆရာကြီး ပြုံးပြီး စကားဆက်သည်။ ။ " ကဲ ပထမဆုံး ကျောင်းကို လျှောက်ကြည့်ပါလား ဆရာ၊ ပြီးမှ စကားပြောကြတာပေါ့။

          ကျောင်းကတော့ သိပ် ပုံစံမကျသေးဘူး၊ ဖြစ်သလို စခန်းသွားနေရဆဲလေ၊ ဆရာ ဆရာမ အများစုကတော့ အဲ ဘယ်လို ပြောရမလဲ၊ တော်တော်ကလေး ဒုက္ခဖြစ်နေကြတယ်။ စိတ်ကြိုက်သာ လျှောက်ကြည့်ပါ၊ အခြေအနေကို ဆရာ တွေ့ရ လိမ့်မယ်၊ အဲဒီတော့မှ ဒီကျောင်းမှာ လုပ်နိုင် မလုပ်နိုင် ဆုံးဖြတ်ပေါ့၊ နေ့လယ်စာ စားပြီးမှ ဆရာနဲ့ ပြန် တွေ့ပြီး စကားပြောကြတာပေါ့။ မကောင်းဘူးလား" ပြောပြောဆိုဆို ထ ရပ်ပြီး ကျွန်တော့်ကို တံခါး၀ထိ ပို့ပေးသည်။ စိတ်လှုပ်ရှားနေသည့် ကလေး တစ်ယောက်လို ဆရာကြီး၏ မျက်ဝန်းများက တဖျတ်ဖျတ် ကခုန်လျက်။ တံခါးကို နောက်ပြန်ပိတ်ပြီး ရုံးခန်း ပြင် သို့ ကျွန်တော် ထွက်ခဲ့သည်။ ဆရာကြီး ရုံးခန်းထဲမှ ထွက်လာပြီး လှေကားအတိုင်း ပြန်ဆင်းလာခဲ့သည်။ ခန်းမဆောင်သို့ သွားရာ လမ်း တစ်ဖက်စီ တွင် စာသင်ခန်းများ ရှိကြ၏။ ပထမဆုံးတွေ့သည့် စာသင်ခန်းတွင် ကျွန်တော် ခဏ တွေ ရပ်နေ မိ၏။ ဘာဆက်လုပ်ရမှန်း မသိသဖြင့် ခပ်ကြောင်ကြောင် ဖြစ်နေစဉ် အခန်းတံခါး ပုန်းခနဲ ပွင့်လာပြီး အရပ် မြင့်မြင့်၊ ဆံပင်နီနီနှင့် ကျောင်းသူကလေး တစ်ယောက် ပြေးထွက်လာသည်။ သူ့နောက် မှ နှစ်ယောက် အပြေးအလွှား ထွက်လိုက်လာသည်။ စကြံ လမ်းက ကျဉ်းကျဉ်းကလေးဖြစ်၍ သူတို့ သုံးယောက် ကျွန်တော်နှင့် ၀င်တိုက်မိမလို ဖြစ်သွားပြီး ရှေ့ဆုံးတစ်ယောက်မှာ တစ်ဖက်သို့ ယိုင်သွား သည်။ ကျွန်တော်က လက်မောင်းကို လှမ်းဆွဲပြီး ထိန်းပေးလိုက်ရ၏။

          ချာတိတ်မလေးက ကျွန်တော့်ကိုတစ်ချက် မော်ကြည့်ပြီး ဆောရီးဟု တောင်းပန်ကာ စကြံတစ်လျှောက် ပြေး ထွက်သွားသည်။ ကျန်နှစ်ယောက်က ကျွန်တော့်ကို ကြောင် ကြည့်နေပြီးမှ တစ်ဆက်တည်း စာသင်ခန်းထဲသို့ ပြန်ပြေးဝင်သွား သည်။ တံခါးကိုပုန်းခနဲဆောင့်ပိတ်သွား၏။ မမျှော်လင့်သည့် အဖြစ်ကြောင့် ဘာဆက်လုပ်ရမှန်း မသိဘဲ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်နေ၏။ ခဏ ရပ်စဉ်းစားပြီးမှ အခန်းအခြေအနေကို သိချင်လာသဖြင့် ၀င်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ တံခါးကို အသာခေါက်ပြီး တွန်းဝင်သွားသည်။

          အခန်းထဲတွင် လက်ပံပင် ဆက်ရက်ကျသလို ဖြစ်နေသဖြင့် ကျွန်တော် ၀င်လာသည်ကို ဘယ်သူမှ သတိ မထားမိကြ။ အတန်ကြာမှ တစ်ယောက်ချင်း ကျွန်တော့်ကို ကြည့်ကြသည်။ အတန်းထဲတွင် ဆရာနှင့် တူသူဟူ၍ တစ်ယောက်တလေမျှ မရှိ။ ကျောင်းသူ ကျောင်းသားအားလုံး လေးဆယ်ခန့် ရှိမည့် စာသင်ခန်းဖြစ်၏။ သူတို့သည် ကလေးသူငယ်များ မဟုတ်ကြတော့ပြီ။ သူတို့၏ ခန္ဓာ ကိုယ်အစိတ်အပိုင်း များကို ကြည့်ကြည့်၊ သူတို့ ၀တ်စားဆင်ယင်ထားကြပုံကို ကြည့်ကြည့် ကလေးဘ၀က လွန်မြောက်လာကြပြီဖြစ်ကြောင်း သိသာနေ၏။

          သူတို့သည် အခန်းထဲတွင် ဟိုတစ်စု၊ သည်တစ်စု စုပေးကာ အေးအေးလူလူ စကားတွေ ဖောင်ဖွဲ့ နေကြ၏။ အချို့က အခန်းထောင့်ရှိ မီးဖိုနားတွင် ရပ်လျက်။ အချို့က ကုလားထိုင်တွေ၊ စားပွဲတွေပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လျက်။ အများစုက ကျောင်းယူနီဖောင်းကို ၀တ်မထားကြ။ မိန်းကလေးများက ခန္ဓာကိုယ်အပေါ်ပိုင်းကို အတတ်နိုင် ဆုံးပုံပေါ်အောင် ကိုယ်ကျပ် ဆွယ်တာများ ၀တ်ထားကြ၏။ ဆံပင်ကို အမျိုးမျိုး အဖုံဖုံ ထုံးဖွဲ့ ထားကြ၏။ သို့သော် တစ်ကိုယ်ရေ သန့်ရှင်းမှုကိုတော့ သိပ်ဂရုစိုက်ကြပုံ မပေါ်။ ယောက်ျားလေးများက တီရှပ်ကို အင်္ကျီ ကြယ်သီး မတပ်ဘဲ ဂျင်းဘောင်းဘီကိုယ်စီဖြင့်။ မျက်နှာပြားပြား၊ နှဲယင်း သဲ့သဲ့နှင့် ကျောင်းသူတစ်ယောက် သူတို့အထဲမှ ထလာပြီး ကျွန်တော့်ဆီ လျှောက်လာသည်။

          "ဆရာဟက်ကမန်းရဲ့ ဧည့်သည်လားဟင်၊ ဆရာတွေ အခန်းထဲမှာရှိမယ်ထင်တယ်။ ဆရာက မှာထားတယ်၊ ကျွန်မတို့ အားလုံး ငြိမ်ပြီဆိုမှ သူ့ကိုလာခေါ်တဲ့" ပြောရေးဆိုခွင့် ရှိသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ရွေးချယ်တင်မြှောက်ပြီး ရှင်းပြနေသည့် ကျောင်းသူကို အားလုံး က ထောက်ခံသည့် သဘောဖြင့် မိန်းကလေးနောက်မှ ပိုင်းလိုက်လာပြီး ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် စုရုံး လိုက်ကြသည်။ သူတို့အမူအရာက ထီမထင်သည့် ကျောင်းတော်သူ ကျောင်းတော်သားများပုံစံ။ ကျွန်တော် ဘုရားတလိုက်မိ၏။ လွယ်ပါလား။ တစ်ပြိုင်တည်းတွင် ကြွက်စီကြွက်စီနှင့် နားထောင်သူမရှိဘဲ အလုအယက် ပြောကြပြန်သည်။ ပြီးတော့ ရုတ်ခြည်း ရပ်သွားကာ ကျွန်တော့်ကိုအလောတကြီး ဝိုင်းမေးကြသည်။

          " ခင်ဗျားက ဆရာအသစ်လား"

          "ဆရာဟက်ကမန်းနေရာကို ၀င်မှာလား"

          "ဆရာ ဟက်ကမန်းက တကယ်သွားတော့မှာလားဗျ"

          ပထမဆုံး မိန်းကလေး၏ မေးခွန်းကိုသာ ကျွန်တော်ပြီး-" ကဲ ဆရာတွေအခန်းကို သွားလိုက်ဦးမယ်"ဟု ပြောကာ သူတို့အခန်းထဲမှ လစ်ထွက်ခဲ့၏။ သည်အတွေ့အကြုံ ကြောင့် ကျွန်တော် တုန်လှုပ်ချောက်ချားသွားသည်။ ကျွန်တော့် စိတ်ကူးရုပ်ပုံထဲမှ အတန်း သည် ခု ကျွန်တော် တွေ့ခဲ့သော တိရစ္ဆာန်လှောင်အိမ်နှင့်တူသည့် အတန်းမျိုး မဟုတ်ပေ။ စားပွဲ၊ ကုလားထိုင်တွေ စီစီညီညီနှင့်။ အတန်းထဲမှ ကျောင်းသူ ကျောင်းသားတွေက သိမ်သိမ်မွေ့မွေ့ ကလေးတွေ၊ ဗိုင်းကောင်းကျောက်ဖိ ကလေးတွေ။ ဆရာ ဟက်ကမန်းဆိုသူသည် ဘယ်လိုလူလဲ၊ သည်လို အတန်းမျိုးကို သည်းခံနိုင်သည့် ဆရာသည် ဘယ်လိုဆရာမျိုးလဲ။ သည်ကျောင်းကကော သည်လို အဖြစ်မျိုးကို လက်ခံထားသည်လား၊ သည်အသိုက် အ၀န်းတွင် ကျွန်တော် ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်နေနိုင်ပါမည်လား။

          သည်အတွေးပေါင်းစုံဖြင့် ဆရာများအခန်း ရှိမည်ထင်ရာသို့ ကျွန်တော် ဆက်လျှောက်လာခဲ့၏။ စကြံလမ်းတွင် စောစောက ပြေးထွက်သွားသည့် ကျောင်းသူကလေး ပြန်ပြေးဝင်လာသည်။ မြင်းမြီးဆံပင် နီကြန်ကြန် ဦးခေါင်းပေါ်တွင် လှုပ်ကာ ဝဲကာဖြင့်၊ ဖွံ့ဖြိုးစတင်ကြီးနှစ်လုံးက နိမ့်တုံမြင့်တုံ။ စောစောက သဘောမပေါက်ခဲ့သည့် ဆရာကြီး၏ မှတ်ချက်ကို ကျွန်တော် တဖြည်းဖြည်း ရိပ်မိစ ပြုလာပြီ။ တစ်ကျောင်းလုံးရဲ့ ပုံစံကိုက တစ်မျိုးပါလား။ ဆရာများအခန်းမှာ စကြံထိပ်တည့်တည့်တွင် ဖြစ်သည်။ လှေကားထစ် အနည်းငယ်ကို တက်ရသေး၏။ အခန်းတံခါး ပွင့်လျက်သား တွေ့ရသည်။ ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် အလောင်းကောင် တစ်ခု လို အစန့်သား ထိုင်နေသည့် လူရွယ်တစ်ယောက်ကို လှမ်းမြင်ရ၏။ ဆံပင်ထူထူ၊ ဗလကောင်းကောင်း၊ ၀တ်ပုံ စားပုံက မသေမသပ်နှင့်။ ဂျာကင်အကျီအဟောင်းကို တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တွင် သားရေချပ် များဖြင့် ဖာထေးထားသည်။ ကျွန်တော် ၀င်သွားတော့ သူက ခေါင်းထောင်ကြည့်ပြီး"သားသတ်ရုံထဲကို သိုးတစ်ကောင် ၀င်လာပြန်ပါပြီဗျာ၊ အဲဒီသိုးကတော့ သိုးမည်းလို့ ပြောရမယ်" သူ့ကိုယ်ပိုင် တင်္ခဏုပ္ပတ္တိဉာဏ် အတွက် သူ့ဘာသာသူ သဘောကျပြီး သွားတွေအားလုံး ပေါ်လုနီးပါး ပြုံးလိုက်၏။ သွားတွေက မညီမညာ၊ ဝါကြန့်ကြန့်။ ကျွန်တော်သည် ပင်ကိုအားဖြင့် စိတ်ဆက်သူဖြစ်ပါသည်။ ယင်နားခံချင်သူမဟုတ်ပါ။ သို့သော် စိတ်ရှည်ရှည် ထားဖို့၊ စိတ်ကိုထိန်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်မှာ နှစ်အတန်ပင် ကြာခဲ့ပြီ။

          ထို့ကြောင့် ကျွန်တော့်အား မြင်မြင်ချင်း ဆောက်နှင့်ထွင်းသည့် အမှီသကောင့်သား အားနကမ္ပတိပြန်ကြည့်ရင်း-

          " ကျုပ်နာမည် ဘရိတ်ပိတ်၊ တိုင်းပညာရေးရုံးက လာခဲ့တာ "

          " ဪ ... လက်စသတ်တော့ ဆရာသစ်ကိုး၊ အင်း ... ပေါက်လွတ်ပဲစားတွေကို ထိန်းတဲ့နေရာမှာ ဟက် ကမန်း ထက် ကံကောင်းပါစေလို့ ဆုတောင်းရမှာပေါ့လေ "

           " ကျုပ်က ခင်ဗျားကို ဟက်ကမန်းအောက်မေ့နေတာ၊ ကလေးတွေက ဆရာဟက်ကမန်း ဒီအခန်းထဲမှာ စောင့်နေတယ်လို့ ပြောလိုက်လို့"

          " လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်အထိတော့ ရှိတယ်၊ ခုတော့ အမြီးကုပ်ပြီး လစ်သွားပြီး၊ ခုလောက်ဆို တိုင်းရုံးမှာ သူ့ဝေဒနာတွေကို ကြေညာနေလောက်ပြီ"

          သူက ခပ်ပြုံးပြုံး ပြောနေခြင်းဖြစ်၏။

          "ဒါဆို သူ့အတန်းကို ဒီအတိုင်း ပစ်ထားခဲ့တာပေါ့။ ဟုတ်လား"

          ကျွန်တော့်အမေးကို သူကအော်ရယ်ပြီး ဖြေသည်။

          "ကျုပ် တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်စေရမယ်၊ အဲဒီ အတန်းဟာ ခင်ဗျားအတွက်ပဲ ဖြစ်ရမှာပေါ့”

          ထိတ်လန့်အံ့ဩစရာ သတင်းကို ကျွန်တော့်အား ပေးပြီး သူ ထွက်သွားတော့၏။ အပြန်ပြန် အလှန်လှန် စဉ်းစားရင်း အခန်းထဲတွင် ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်သည်။ သူ ထွက်သွားပြီး အတန်ကြာအောင် တံခါးပေါက်ကို ငေးကြည့်နေမိ၏။ ကျွန်တော့်အတွက် အားလုံးသည် မှန်းချက် နှင့် နှမ်းထွက် တခြားစီချည်း ဖြစ်နေပါကလား။ သို့သော် ကျွန်တော်သည် လွယ်လွယ်နှင့် လက်မြှောက် အရှုံးပေးတတ်သူကားမဟုတ်ပါ။ သည်ငတိကို စာရင်းထဲ ထည့်တွက်ဖို့ မလိုပါ။ သူ့ကြောင့် ကျွန်တော့် မျှော်လင့်ချက်တို့ ရေအဖြစ် မခံနိုင်ပါ။ အခန်းတံခါး ပွင့်လာသည်။ အရပ်မြင့်မြင့်၊ ရွှေရောင်ဆံပင်နှင့် ခပ်ချောချော ဆရာမတစ်ယောက် ၀င်လာ သည်။ နဂိုလှသည့် ကိုယ်နေဟန်မှာ ခပ်ကျပ်ကျပ် ၀တ်ထားသည့် ဘောင်းဘီကြောင့် ပို၍ ပေါ်လွင်နေ၏။ မျက်နှာတွင် ကျက်သရေအရှိဆုံးမှာ မီးခိုးရောင် မျက်လုံးများနှင့် သေသပ်လှပသည့် ပြုံးယောင်ယောင် နှုတ်ခမ်းများဖြစ်၏။ ဆံပင်ကိုမူ လူကြီးဆန်ဆန် ရိုးရိုးယဉ်ယဉ် ခွေထုံးထားသည်။ ကျွန်တော့်ဆီကို တန်းတန်း မတ်မတ် လျှောက်လာ၏။ လက်တစ်ဖက်ကို ဆန့်တန်းလျက် နဂိုပြီးနှုတ်ခမ်းများကို ပိုပြီးလျက်-

          "တိုင်းရုံးက ပို့လိုက်တဲ့ ဆရာအသစ် ဟုတ်ပါတယ်နော်"

          "ဟုတ်ကဲ့ ... ကျွန်တော့်နာမည် ဘရိတ်ပိတ်ပါ"

          "ကျွန်မက မစ္စက် ကရော့စ်ဒေးလ်အီဗန်ပါ။ အဘိုးကြီးနဲ့ တွေ့ပြီးပြီလား"

          အမျိုးသမီး၏ အသံက ခပ်တိုးတိုး။ သို့သော် ရွှင်သည်၊ လွင်သည်။

          "မစ္စတာ ဖလောရင့်ကို ပြောတာပါလားခင်ဗျာ၊ ကျွန်တော် တွေ့ပြီးပါပြီ၊ ဆရာကြီးက

ကျောင်းရဲ့ အခြေအနေကို အကဲခတ်ဖို့ ကျွန်တော့်ကို လျှောက်ကြည့်ခိုင်းထားပါတယ် ဆရာမ"          

          "ကလေးတွေကိုရော ဆရာ တွေ့ပြီးပြီလား"

          " ဒီဘက်ကို လျှောက်လာရင်း မစ္စတာ ဟက်ကမန်းရဲ့ အတန်းကို ခဏ၀င်ကြည့်ခဲ့ပါတယ်"

           " ဟုတ်လား ခပ်ဆိုးဆိုးကလေးတွေလို့ ဆရာ မထင်ဘူးလား၊ ကျွန်မက အဲဒီအတန်းမှာ အိမ်တွင်းမှုသိပ္ပံ သင်ရတယ်၊ သိပ္ပံနည်းကျကျ သင်လို့ မရပါဘူး ဆရာ၊ အိမ်တွင်းမှုဆန်ဆန်ပဲ သင်ရတယ်လေ"          

          စကားပြောနေရင်း သူ့လက်က ဇယ်ဆက်သလို အလုပ်ရှုပ်နေ၏။ မီးလင်းဖိုပေါ်တွင် တချို့၊ ပြတင်းပေါက် ပေါင်ပေါ်တွင် တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲနေသည့် လက်ဖက်ရည် ပန်းကန်တွေကိုစုပြီး အခန်းထောင့်မှ လက်ဆေးကြွေကန်ထဲ ထည့်နေသည်။

          ကြွေကန်ပေါ်မှ ရေနွေးပိုက်ခေါင်းကို ဖွင့်ချပြီး ပန်းကန်တွေ ဆေးနေရင်း ဆရာမ စကားဆက်ပြောသည်။ ပန်းကန်ချင်း ထိသံတွေ တချွင်ချွင်ဖြင့်။

           " တချို့ ဆရာတွေက ကလေးတွေထက်တောင် ဆိုးကြသေးတယ် ဆရာရဲ့။ ကြည့်လေ။သောက် တဲ့ နေရာမှာ ပန်းကန်တွေကို သည်အတိုင်း ချသွားတာပဲ။ ဪ .. ဆရာ၊ ထိုင်လေ"

          ကျွန်တော် ၀င်ထိုင်လိုက်၏။ ဆေးပြီးသား ပန်းကန်တွေကို အ၀တ်နှင့် သုတ်နေသည့် ဆရာမကို ငေးကြည့်နေမိသည်။

          " ဆရာလုပ်သက် တော်တော်ရပြီလား"

          " ဟင့် အင်း ... ဒါ ကျွန်တော် ပထမဆုံးရတဲ့ အလုပ်ပါ ဆရာမ"

          " အို ... "

          ဆရာမ မျက်ခုံးတွေ မြင့်တက်သွားပြီး

          "ဒါဖြင့် အရင်ဘာလုပ်သလဲဟင်"

          " ကျွန်တော် လေတပ်က ထွက်လာတာပါ၊ ဘာပြုလို့ပါလဲ ဆရာမ"

          " အို ... ဘာရယ်လို့ မဟုတ်ပါဘူး၊ ရှင့်ကြည့်ရတာ တစ်မျိုး ထူးခြားနေလို့ပါ။ နေ့လယ်စာ စားပြီးမှ ပြန်မှာ မဟုတ်လားဟင် "

          " ဗျာ .. ကျွန်တော့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး၊ ဆရာမတို့ စားတဲ့

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)