Skip to product information
1 of 7

Other Websites

တက္ကသိုလ်နန္ဒမိတ် - ကောင်ကင်နှင့်မြေကြီးကိုတောင်းခံသူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
နန္ဒမိတ်ရုပ်ပုံလွှာ မြသန်းတင့်

          သံတွဲသား စာရေးဆရာများထဲတွင် ကျွန်တော်နှင့်အရင်းနှီးဆုံးမှာ ကိုတင်အောင်(တက္ကသိုလ်နန္ဒမိတ်) ဖြစ်၏။ ကိုတင်အောင်သည် ကျွန်တော့်ထက် လေးနှစ်ငါးနှစ်ကြီးပြီးကျွန်တော့်ထက် တက္ကသိုလ်သို့စောရောက်သူ ဖြစ်သည်။ အစတုန်ကတော့ သိပ်မရင်းနှီးလှ။ သူကကျောင်းသားကြီး စစ်မဖြစ် ခင်ကတည်းက ၉ တန်းလား ၁၀ တန်းလား ရောက်ခဲ့သည်။ ကျွန်တော်က စစ်ပြီးမှ ၁၀ တန်းအောင်လာသူ။ သူက သထုံဆောင်တွင်နေပြီး ကျွန်တော်က ဥတ္တရဆောင် (ရွှေဘိုဆောင်)တွင်နေသဖြင့် တစ်ခါတစ်ရံသာ တွေ့ကြသည်။ ပုံပန်းသဏ္ဌာန် တ အသားဖြူဖြူ အရပ်ပြတ်ပြတ် ကိုယ်လုံးပြည့်ပြည့်။ ညိုကျဲသောဆံပင်တို့ က နဖူးပေါ်တွင် ခွေလိပ်၀ဲကျလျက် မောင်ကြည်လင်က မိတ်ဆက်ပေးသဖြင့် ဂျာနယ်ကျော်တွင် ဆောင်းပါးကလေးတွေ၊ ကဗျာကလေးတွေရေးနေသည် တက္ကသိုလ်နန္ဒမိတ်ဟု သိထားသော်လည်း ရင်းရင်းနှီးနှီးမရှိလှ။ သူ့ကိုတွေ့လျှင် ဆေးပြင်းလိပ်ကိုခဲပြီး ပြုံးနေတတ်သည်။ စကားများများ ပြောလေ့မရှိ၊ သူများ စကားပြောလျှင် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေတတ်သည်။ သူကလည်း အေးစက်စက် ကျွန်တော်ကလည်း စကားဝိုင်းတွင် စကားများများပြောတတ် သူမဟုတ်။ ထို့ကြောင့် သူနှင့် ကျွန်တော် ရင်းရင်းနှီးနှီးမရှိ။ လမ်းတွေ့လျှင် နှုတ်ဆက်ဖို့လောက်၊ ပြုံးပြရုံလောက်သာဖြစ်သည်။ သူနှင့်ကျွန်တော် မရင်းနှီးခဲ့သည့် အခြားအကြောင်းတစ်ကြောင်းမှာ သူက ထိုစဉ်ကတည်းက အရက် သောက်တတ်နေပြီး ကျွနိတော် ထိုစဉ်က အရက်မသောက်တတ်သေးသောကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ အရက်ဝိုင်းမှာတော့ လူချင်းရင်းနှီးလွယ်သည်။ “တစ်ယောက်အကြောင်းကိုတစ်ယောက် နားလည်လွယ်သည်း အရက်ဝိုင်း ကစား ဝိုင်းနှင့် ဆင်းရဲဒုက္ခတွေ့သူတွေသည် လူတစ်ယောက်၏ စိတ်ကိုဖမ်းရာတွင် အလွယ်ဆုံးနေရာများ ဖြစ်မည်ထင်သည်။ 

          ကိုတင်အောင်သည် သထုံကျောင်းဆောင်တွင်နေသည် ဆိုသော်လည်းအဆောင်တွင်မရှိ။ အပြင်တွင်သာ အနေများသည်။

          သွေးသောက်မဂ္ဂဇင်းမှာလား ဂျာနယ်ကျော်မဂ္ဂဇင်းမှာလား မသိ။ သူရေးသောကဗျာတစ်ပုဒ်ကို ကျွန်တော် ကောင်းကောင်းမှတ်မိနေသည်။ ကဗျာ အမည်က “ကောင်းကင်နှင့် မြေကြီးကို အားပေးလော့'ဆိုသည့်ကဗျာ ဖြစ်သည်။ သူ့ကဗျာမှာ လေးလုံးစပ်သက်သက်မဟုတ်၊ လွတ်လပ်ကာရံဖြစ်သည်။တစ်ခါ တစ်ရံတွင် အက္ခရာငါးလုံး၊ ခြောက်လုံးယူသည်။ တစ်ခါတစ်ရံတွင် နှစ်လုံး သုံးလုံး။

          ၁၉၅၀ ခုနှစ်၊ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင် အတူလုပ်ကြသောအခါ သူနှင့် ပို၍ရင်းနှီးလာသည်။ ထိုနှစ်တက္ကသိုလ်မှလူငယ်စာရေးဆရာများတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင်အမှုဆောင်အရွေးခံကြသည်ခါတိုင်းနှစ်များတွင်မူ စာရေးဆရာများပါလေ့မရှိ။ ထိုနှစ်ကမူ ကျွန်တော်တို့တစ်တွေ တက္ကသိုလ် မဂ္ဂဇင်းတွင် အမှုဆောင်အဖြစ်အရွေးခံရန် စိတ်ကူးရကြသည်။ စစ်မဖြစ်မီ တက္ကသိုလ်မဂ္ဂဇင်း အိုးဝေမဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်းတို့ကို ထုတ်ဝေခဲ့ကြတုန်းက ခေတ်စမ်းစာရေးဆရာတွေ ဦးစီးခဲ့ ကြသည်။ ထိုမဂ္ဂဇင်းများမှနေ၍ စာရေးဆရာတွေ မွေးထုတ်ပေးနိုင်ခဲ့သည်။ သူတို့သည် ပြင်ပမဂ္ဂဇင်းများတွင်မရေးမီ တက္ကသိုလ်နယ် မဂ္ဂဇင်းများတွင် ကလောင်သွေးခဲ့ကြသည်။ လေ့ကျင့်ခဲ့ ကြသည်ဟု ပြောနိုင်သည်။ မြန်မာစာ ပေလောကတွင်ထင်ရှားလာမည့် စာရေး ဆရာ တော်တော်များများသည် ထိုမဂ္ဂဇင်းများမှ မွေးဖွားလာခဲ့ကြခြင်းဖြစ် သည်။ ထိုရည်ရွယ်ချက်ဖြင့် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အမှုဆောင်အဖွဲ့တွင်ကျွန်တော်တို့ အရွေးခံခဲ့ကြ ခြင်း ဖြစ်သည်။

          ကံကောင်းချင်တော့ ကျွန်တော်တို့ လျာထားတဲ့သူ တွေအားလုံး အရွေးခံကြရ သည်။ ကျွန်တော်နှင့် ကိုစံလွင်(စာပေဗိမာန်)တို့ ကအင်္ဂလိပ်စာတည်း မောင်ကြည်လင်နှင့် တက္ကသိုလ် နန္ဒ မိတ်က မြန်မာစာတည်းများ ဖြစ်ကြပြီး ကိုတင်ကြီး (တက္ကသိုလ်နီလာ)ကအလုပ် မန်နေဂျာ ကိုကျော်အောင် (စာရေးဆရာကျော်အောင်) က အမှုဆောင်အတွင်းရေးမှူးမခင်ဝင်းကြည်(နောင်တွင် ရန်ကုန်တက္ကသိုလ်၊ ပါဠိဌာနမှ အငြိမ်းစားယူသွား သည့်ဆရာမကြီး)၊ ကိုခင်မောင်ဇော်(နောင်တွင် လူထုအောင်သံရုပ်ရှင်တွင် ကိုမြကြီးအဖြစ်ပါဝင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကျော်လောက်က အမေရိကန်အသံတွင် အလုပ်လုပ်ရင်း အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်သွားခဲ့သူ)တို့ ပါဝင်ကြသည် မဂ္ဂဇင်းတွင် အလုပ်အတူတူလုပ်သည့်အခါတွင်မှ ကိုတင်အောင်နှင့် ကျွန်တော်သည် ပို၍ရင်းနှီးသွားကြသည်။ ကျွန်တော်က သူတို့ မြန်မာစာကဏ္ဍက စာမူတွေကိုလည်း ကူဖတ်ပေးသည်။ ပုံနှိပ်တိုက်သွားတော့ လည်း ကျွန်တော်တို့တစ်သိုက် တစ်စုတစ်ဝေးကြီးသွားကြသည်။ ကြော်ငြာ လိုက်ကောက်တော့လည်း ကျွန်တော်တို့အားလုံး အတူတူသွားကြသည်။ ပြင်ပက စာရေးဆရာတွေဆီ သွားတော့လည်း ကျွန်တော်တို့ အတူတူသွားကြသည်။ ကျွန်တော်တို့မတိုင်ခင်တုန်းက တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများတွင် ပြင်ပစာရေး ဆရာကြီးများ၏စာမူကို ထည့်လေ့မရှိ ကျွန်တော်တို့လက်ထက်ကျမှသာ ပြင်ပ စာရေးဆရာများ၏ စာမူများကိုထည့်ခြင်းဖြစ်သည်။ ကျွန်တော်တို့က ဒဂုန်တာရာရေးသည့် လူကိုလေ့လာခြင်ဆောင်းပါးများထဲက ဗဟိန်း၊ သို့မဟုတ် ကဗျာဆိုသည့်ဆောင်းပါးကို အင်္ဂလိပ်လိုပြန်၍ ထည့်ချင်သည်။ အပ်လိပ် သာပြန်မည့်သူကို စဉ်းစားကြသည့်အခါတွင် သူကြီးဂေဇက်ဦးခင်မောင် (တောသား) ကို ကျွန်တော်တို့ သတိရသည်။ သူကြီးဂေဇက် ဦးခင်မောင်မှာမြန်မာလိုဝတ်ပြီး စာအကြောင်း ပေအကြောင်းတွေ ပြောကြသည်။

          ကိုတင်အောင်သည် ဘီအေအထက်တန်းသို့အရောက်တွင် ကျောင်းမှာ မနေတော့ဘဲ အပြင်တွင်နေပြီး တိုးတက်ရေးသတင်းစာတိုက်တွင် တိုက်ထိုင် အယ်ဒီတာ ဝင်လုပ်သည်။ ထိုစဉ်က တိုးတက်ရေးသတင်းစာတိုက်တွင် မင်းရှင် လည်းရှိသဖြင့် မင်းရှင်နှင့်ပတ်သက်ပြီး ရောက်သွားခြင်းဖြစ်သည်။ ကိုတင်အောင် သည် ကျောက်မြောင်း သီတာလမ်းက အိမ်ကလေးတစ်အိမ်မှာ တစ်ယောက် တည်း ငှားနေသည်။ မြို့ထဲသို့ရောက်လျှင် တိုးတက်ရေးသတင်းစာတိုက်က ကိုတင်အောင်ထံဝင်ပြီး ကျွန်တော်တို့ စတည်းချလေ့ရှိသည်။ တစ်ခါတလေ ညနေအလုပ်ဆင်းလျှင် ကျွန်တော်သည် ကျောက်မြောင်း သီတာလမ်းက ကို တင်အောင်၏အိမ်ကလေးသို့လိုက်သွားပြီး ညအိပ်သည်။ သူ့အိမ်ကလေးမှာ ဘာမျှမရှိ။ သောက်ရေအိုးတစ်လုံး ရေခွက်တစ်ခွက် ပန်းကန်ပြားသုံးလေးချပ်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့် စောင်တစ်ထည် နှစ်ထည်တို့သာရှိသည်။ စာအုပ်များ အရက်ပုလင်းခွံအလွတ်များနှင့် ဆေးလိပ်တိုများသာ သူ့အိမ်ကလေးကို တန်ဆာဆင်နေသည်။

          နောက်တော့ မင်းရှင်က အသံလွှင့်ရုံတွင် အလုပ်ဝင်လုပ်သဖြင့် တိုးတက် ရေးသတင်းစာက သူ့နေရာတွင် ကျွန်တော် ခဏဝင်လုပ်သည်။ တိုးတက်ရေး သတင်းစာတိုက်ပိုင်ရှင် တိုးတက်ရေးဦးစိန်(ဦးဗဂျီငို)က ကျွန်တော်တို့ နှစ်ယောက်ကိုလည်း ခေါင်းကြီးရေးခွင့်ပြုသဖြင့် ကျွန်တော်တို့နှစ်ယောက် အလျဉ်းသင့်သလို ခေါင်းကြီးပိုင်းရေးကြသည်။ ပုံမှန်ရယ်လို့တော့ မဟုတ်။ သူစိတ်ကူး ရလျှင် သူရေးပြီး ကျွန်တော်စိတ်ကူးရလျှင် ကျွန်တော်ကရေးသည်။ ကျွန်တော်တို့ ခေါင်းကြီးပိုင်းများမှာ ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့် ပတ်သက်လေ့ရှိသည်။

          ကိုတင်အောင်၏ပထမဦးဆုံး ဝတ္ထုရှည်ဖြစ်သော “နန္ဒာပုလဲ”ဝတ္ထုရှည် မှာ ထိုအချိန်လောက်တွင်ရေးပြီး ပုံနှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ သူ့ဇာတ်လိုက် ကိုဘသင်းမှာ ကိုတင်အောင်၏ကိုယ်ပွားဟု ဆိုနိုင်သည်။ တွေးခေါ်ပုံ၊ ပြုမူ ဆက်ဆံပုံတို့တွင် ကိုဘသင်းနှင့် ကိုတင်အောင်သည် အတူတူဖြစ်နေသည်။ သူ့ဇာတ်လိုက်မင်းသမီးက ကဗျာဆရာမ ပုလဲ။

          ကဗျာဆရာမ ပုလဲသည်လည်း သူချစ်နေသည့် သစ်စကဗျာဆရာမ လေးတစ်ယောက်၏ပုံတူ ဖြစ်သည်။ “နန္ဒာပုလဲ”သည် ဒဿနဆရာကိုဘသင်း နှင့် ကဗျာဆရာမပုလဲတို့၏ အချစ်ဇာတ်လမ်းဖြစ်သော်လည်း ထိုစဉ်က မြန်မာ နိုင်ငံရေး နောက်ခံကားပေါ်တွင်ရေးထားခြင်ဖြစ်သဖြင့် ဖဆပလအစိုးရက သူ့ဝတ္ထု စာအုပ်ကို ဖြန့်ချိခွင့်မပြုဘဲ ပိတ်ပစ်လိုက်သည်။

          ၁၉၅၂ ခုနှစ်လောက်တွင် ကျွန်တော်တို့ စာရေးဆရာတစ်သိုက် ကိုသန်းတင်(စာပေသစ်မဂ္ဂဇင်းထုတ်ဝေ သူနှင့် နောင်တွင်ပညာတန်ဆောင် အယ်ဒီတာ)၏အိမ်တွင် စုဝေးနေကြသည့်အခါ ကိုတင်အောင်လည်း ကျွန်တော်တို့ ဆီ ရောက်လာသည်။ ကိုသန်းတင်၏အိမ်တွင် အမြဲတမ်းနေသူများမှာ ကျွန်တော် အောင်လင်း မင်းရှင်၊ တက္ကသိုလ်နန္ဒမိတ်နှင့် မောင်ကြည်လင်တို့ ဖြစ် သည်။ သူ့အိမ်မှာ စာရေးဆရာတွေ၊ ဂီတသမားတွေ၊ လူစုံလာကြသည်။ သော်တာဆွေမှာ အိမ်နှင့်စိတ်ဆိုးပြီး ကျွန်တော်တို့နှင့်အတူ ကိုသန်းတင်၏ အိမ်တွင် တစ်နှစ်လောက်လာနေသွားသည်။ လေးငါးရက်လောက် တစ်ပတ် ထောက်လာနေသည့် ဧည့်သည်များမှာ မင်းရှင်၊ နောင်၊ မိုးဝေ၊ သန်းဆွေ၊ ဂီတတနက်သန် ကိုစောငြိမ်း စန္ဒရားအောင်ခင်၊ အဘဦးသန်းမြင့်၊ တင့်တယ်။ ကျွန်တော် မမှတ်မိသူတွေလည်း အများကြီးရှိဦးမည်။

          ထိုစဉ်က ကိုသန်းတင်၏အိမ်သည် စစ်ပြီးခေတ် လူငယ်စာရေးဆရာများ ထားသည့်အိမ် ဖြစ်သည်။ ညနေတိုင်လျှင် စာပေပိုင်း၊ အရက်ဝိုင်း ဂီတဝိုင်းတစ်ခုခုတော့ အမြဲရှိတတ်သည်။ ဂီတနက်သန်ကိုစောငြိမ်း၏ မိုးသက်လေနှင် နှင့် စိမ် စသည့်သီချင်းများမှာ ထိုစဉ်ကစပ်သည့်သီချင်းများ ဖြစ်သည်။ စောငြိမ်းက တယောထိုး အောင်လင်းက ပတ္တလားတီး ကျွန်တော်က မင်ဒိုလင်တီး၊ သန်းဆွေနှင့် မင်းရှင်ကဆိုပြီး ဂီတဝိုင်းဖွဲ့ကြသည်။ နန္ဒမိတ်ကမူ အရက်ကလေးနည်းနည်း၀င်လာလျှင် ပုဆိုးကိုစွန်တောင်ဆွဲပြီး သူ့သီချင်းနှင့်သူ ကလေ့ရှိသည်။ ဆိုသည့်သီချင်းမှာ ဝိုင်အမ်ဘီအေဆရာတင်၏သီချင်း ထင်သည်။ “သည်အချိန် ရောက်လာလျှင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ်။ ဘယ်လိုပင်စိတ်ကို ကြိတ်မျိုမရ ချာချာလည်”နောက်တော့ နန္ဒမိတ်သည် တိုးတက်ရေးသတင်းစာမှထွက်၍ သံတွဲ သို့ပြန်သွားပြီး ကျောင်းဆရာလုပ်နေသည်း သည်တစ်ခေါက် ရန်ကုန်ပြန်လာ သည့်အခါတွင် နန္ဒမိတ်တစ်ယောက်တည်းမဟုတ်တော့ သူ့ဇနီး မအမာ ပါလာ သည်။ သူတို့နှစ်ယောက် လှည်းတန်းထိပ်က အိမ်ခန်းကလေးတစ်ခန်းမှာ နေကြသည်။ သူ့အိမ်သည် ကျွန်တော်တို့ စားအိမ်၊ သောက်အိမ် ဖြစ်လာသည်။ သူ့ဇနီး မအမာကလည်း သူ့ယောက်ျား၏ အပေါင်းအသင်းတွေအပေါ်တွင် သည်းခံနိုင်သည်။ နန္ဒမိတ်သည် အချိန်ပြည့် စာရေးဆရာတစ်ယောက်အနေဖြင့် ရပ်တည်ရန်ကြိုးစားသည်။ ဝတ္ထုတိုတွေ ဝတ္ထုရှည်တွေ အများကြီးဖြစ်သည် ထင်သည်။ သို့ရာတွင် ထိုခေတ်က စာမူခမှာဘာမျှမရ။ဝတ္ထုတိုတစ်ပုဒ်ကို ရာကျော်ရသည့်စာရေးဆရာဆို၍ အင်မတန်ရှားသည်။ အများအားဖြင့် ဂဏန်း သုံးလုံးအောက်မှာသာ ရကြသည်။ နောက်တော့ နန္ဒမိတ်သည် မြဝတီမှာ ဝင် လုပ်သည်ဟု ကြားရ၏။ သည်တုန်းက ကျွန်တော်အပြင်မှာမရှိဘဝတက္ကသိုလ် တွင်ရောက်နေသည်။ ကျွန်တော့်ဝတ္ထု အဟောင်ကလေးတွေကို မဂ္ဂဇင်းထဲ ထည့်ပေးပြီး ကျွန်တော့်အိမ်ကို တတ်နိုင်သမျှရောက်သည်။ ထို့အတွက် သူ့ကို အငြိုငြင်ခံရသည်ဟု ကျွန်တော်ကြားရသည့်အခါတွင် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါသည်။

          နန္ဒမိတ်သည် ဘယ်နေရာမှာမှ ကြာကြာမလုပ်။ သူက လွတ်လပ်မှုကို ကြိုက်သည်။ ပျော်ပျော်ပါးပါး နေချင်သည်။ သူမပျော်လျှင် လခတွေ ဘယ်လောက်ပဲရရ မလုပ်။ စိတ်ညစ်မခံ။ သူက အရက်ကလေးသောက်လိုက်၊ စာကလေးရေးလိုက်၊ မိတ်ဆွေများနှင့် စကားပြောလိုက်ဖြင့် လွတ်လပ်စွာနေချင်သည်။ ရုံးခန်းအဆောင်အယောင် စားပွဲ၊ ကုလားထိုင်တို့ကို မက်မောသူမဟုတ်။

          မကြာခင် မြဝတီမှထွက်သွားပြီး နဝဒေးမဂ္ဂဇင်းတွင် အယ်ဒီတာဝင်လုပ် နေသည်ကို တွေ့ရသည်။ နဝဒေးမဂ္ဂဇင်သည် သြဇာရှိသည့် စာပေမဂ္ဂဇင်း ကြီးတစ်စောင် ဖြစ်လာခဲ့သည်။ ဘာ့ကြောင့်မှန်းမသိ။ နဝဒေးမဂ္ဂဇင်း ရပ်သွား သည့်အခါတွင် သူသည် စုံထောက်မဂ္ဂဇင်းတွင်ဝင်လုပ်သည်ဟု ကြားရသည်။ ထိုအခါတွင် ကျွန်တော်နှင့် သိပ်မတွေ့ဖြစ်တော့ကျွန်တော်က စုံထောက်ဝတ္ထုတို့ ဘာတို့ကို မရေးတတ် ကျွန်တော် ဘဝတက္ကသိုလ်သို့ နောက်တစ်ကြိမ်သွားသည့်အခါတွင် သူနှင့် ဝေးသည်ထက် ဝေးသွားတော့သည်။

          “ဘဝတက္ကသိုလ်တွင် အတော်ကြာကြာနေပြီး ကျွန်တော် ပြန်ရောက် လာသည့်အခါတွင် နန္ဒမိတ်သည် သံတွဲသို့ ပြန်ရောက်သွားပြီး ကျောင်းဆရာလုပ်နေသည်။ သူ့ဇနီး မအမာလည်းဆုံးသွားပြီး နောက်အိမ်ထောင်ပြုသည်ဟု ကြားသည်။ လူချင်းကား မတွေ့ဖြစ်။

          သူနှင့်ကျွန်တော် နောက်ဆုံးတွေ့ လိုက်သည်မှာ ၁၉၈၀ ပြည့်နှစ်လောက်ဟု ထင်သည်။ မိုးတွေရွာနေသော ညတစ်ညတွင် သူ ကျွန်တော့်ထံပေါက်လာသည်။ သူ့ကိုကြည့်ရသည်မှာ ခါတိုင်းလို ရွှင်ရွှင်လန်းလန်းမရှိလူကလည်းအရင်တုန်းကလောက်ဝဖိုင့်ခြင်းမရှိတော့ဘဲကိုယ်စစ်သွားသည်ထင်ရသည်။

          “ကျွန်တော် ရန်ကုန်ကို ပြောင်းလာတယ်။ ရေးပြီးသားစာမူ ၃ ၄ ပုဒ် က ကိုယ်တိုင်ရေးတာ။ နှစ်ပုဒ်က ဘာသာပြန်တာ။ အဲဒါ ထုတ်ဝေသူရှာပေးစမ်း ပါ။ ခင်ဗျားက ရန်ကုန်မှာနေတော့ အဆက်အသွယ်မပြတ်ဘူး မဟုတ်လား ပြီးတော့ ဝီလျှံစလင်းရဲ့ “မြန်မာပြည်စစ်မြေပြင်”ကိုလည်း ပြန်ရိုက်ချင်တယ်။ထုတ်ဝေသူရှာပေးစမ်းပါ”

          ကျွန်တော်က ထုတ်ဝေသူ တစ် ဦးနှင့် ဆက်သွယ်ပေးသဖြင့် သူ့စာအုပ်တစ် အုပ် တော့ရိုက်ဖြစ်သွားသည်။

          နောက်စာအုပ်များ ရိုက်ဖြစ်သလား၊ မရိုက် ဖြစ်သလား ကျွန်တော်မသိ။ သူနှင့်လည်း နောက်ထပ် မတွေ့တော့ သံလျင်သို့ပြောင်းသွားသည်ဟုသာ ကြားလိုက်ရ သည်။ သူကလည်း သူ့ကိစ္စနှင့်သူမို့ ရန် ကုန်ဘက်ကို သိပ်ရောက်ဟန်မတူး ကျွန်တော်ကလည်း မျက်စိမှုန်လာသဖြင့်အဖော်တစ်ယောက်မပါဘဲ အပြင်မထွက်သည်လိုနှင့်ပင် သူနှင့် ကျွန်တော်အနေဝေးသွားခဲ့ကြသည်။ အင်းစိန်သို့ပြောင်းသွားသည်ဟု ကြားရပြီးနောက် မတွေ့တော့။သူဆုံးပြီဟု ကြားလိုက်ရသည့်အခါတွင် သဂြိုဟ်ပြီးနေပြီ။ သူ့ အသုဘ ကိုပင် လိုက်မပို့ဖြစ်ခဲ့။ ကမ်းသာယာမဂ္ဂဇင်းအတွက် စာရေးမည်ဆိုသည့်အခါ သူ့အကြောင်း နန္ဒမိတ်နှင့် သူ၏နန္ဒာပုလဲတို့ကို ကျွန်တော် သတိရလာကာ လှိုက်ဖိုစွာခံစားနေရသည်။

မြသန်းတင့်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)