စိုးမြင့်လတ် - ကလေးတို့စံပြုအပ်သော ပုဂ္ဂိုလ်များ
သူ့ဆန်စား၍ ရဲသော
ငထင်ငယ်
မြန်မာသက္ကရာဇ် ၉၆၉ ခုနှစ်က ဖြစ်သည်။ ထိုအချိန်က အင်းဝ၌ မဟာဓမ္မရာဇာဘွဲ့ခံ အနောက်ဘက်လွန်မင်းတရားကြီးအုပ်စိုးချိန် ဖြစ်သည်။ အင်းဝမှ ကြည်းတပ်၊ ရေတပ်တို့သည် အလုံးအရင်းဖြင့် ပြည်မြို့ကို ဝန်းရံ တိုက်ခိုက်နေချိန်လည်း ဖြစ်သည်။ ပြည်ဘုရင် ရန်နိုင်မင်း၏ မြို့စီး၊ ပြစီးတို့ ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိရာ အင်းဝတပ်များ မြို့တွင်းသို့ မဝင်နိုင်ဘဲ ဖြစ်နေကြသည်။ အကျအဆုံးမှာလည်း များလှသည်ဖြစ်ရာ နောက် ဆုတ်၍ အဝေးမှ ဝန်းရံနေသည်မှာပင် ရှစ်လတိုင်ခဲ့ပြီ ဖြစ်သည်။
တစ်နေ့တွင် အင်းဝဘုရင်က တပ်တိုင်း၌ အမိန့်တော်ထုတ်ပြန်သည်မှာ “တပ်မှူး၊ စစ်ကဲအပေါင်းတို့၊ အမှုတော်ပြီးစီးရန် အားထုတ်ကြိုးပမ်းကြလော့။ မနက်ဖြန်နံနက်တွင် ဆင်၊ မြင်း၊ စစ်သည် အလုံးအရင်းဖြင့် မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ရမည်။ အမိန့်တော်ကိုမနာခံလျှင် ကြီးစွာသော အပြစ် တော်”ဟူ၍ ဖြစ်သည်။
ဘုရင်၏ တင်းကျပ်သောအမိန့်ဖြင့် နောက်တစ်နေ့ မိုးသောက်တွင် အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်ရာ မြို့ရိုးပေါက်၍ မြို့တွင်းသို့ဝင်ကြလေ သည်။ မြို့ပျက်သော်လည်း ပြည်ဘုရင်ကား အညံ့မခံ။ နန်းမြို့တွင်းမှနေ၍ ပြန်လည်ခုခံလေသည်။ နန်းမြို့ပေါက်သော်လည်း ရာဇပလ္လင်ထက်မှနေ၍ ခုခံ လေသည်။ မှူးမတ်၊ စစ်သည်ရဲမက်အများကား လက်နက်ချ အညံ့ခံကုန်ကြလေပြီ။
ထိုအချိန်တွင် ပြည်ဘုရင် မွေးစားထားသော ဘယဂါမဏိနှင့် တူတော်သူ အိမ်တော်ပါကျွန်ဖြစ်သည့် အသက် ၁၃ နှစ်အရွယ်သာရှိသေးသော ငထင်ငယ် ကား ဘုရင်နှင့်အတူ ပလ္လင်ရင်းမှနေ၍ ခုခံတိုက်ခိုက်နေ၏။ သူ၏စိတ်တွင်ကား “အရှင်၏ကျေးဇူးကား ငါ့အပေါ်ရှိခဲ့ချေပြီ။ ယခုအခါ သူ့သစ္စာကို ငါ စောင့်သိ ရမည်။ ငါ့အသက်သေရင် သေစေတော့။ ငါ့အရှင်ကို ငါသေမှ ထိပါးရမယ်”ဟု ခံယူကာ ဓားတစ်ဖက်တစ်စင်းဖြင့် ရန်သူတို့အား ခုခံလျက်ရှိ၏။
ထိုအခါ ငထင်ငယ်ကိုမြင်သော ဦးရီးတော်ဘယဂါမဏိက “ဟယ် ... ငထင်ငယ်၊ မြို့ပျက်၍ တစ်မြို့လုံး သူ့လက်သို့ရောက်ချေပြီ။ တစ်ယောက် တည်း ခုခံနေ၍ ဖြစ်မည်လော။ လက်နက်ကိုချ၍ အညံ့ခံလော့'ဟု လှမ်း အော်ကာ သတိပေး၏။ သည်တော့မှ ငထင်ငယ်သည် “သူ့ဆန်စား၍ ရဲရတော့ သည်”ဟုဆိုကာ လက်နက်ကိုချလေသည်။ မြို့ကျပြီးသောအခါ အင်းဝဘုရင် သည် မင်းနှင့်တကွ အလိုရှိသူတို့ကို အင်းဝသို့ဆောင်ယူလေသည်။ ငထင်ငယ် လည်း မိမိအရှင်အပါးတွင်ခစားကာ အင်းဝသို့ လိုက်ပါလေသည်။
အင်းဝဘုရင်ကလည်း ကျေးဇူးသစ္စာကိုစောင့်သိသော လူချွန်လူမွန်ဟု ယုံကြည်လက်ခံကာ ကောင်းစွာချီးမြှောက်ထားလေသည်။ အင်းဝနေပြည်တော် ပြန်ရောက်သောအခါ မင်းကြီးက “ငါကိုယ်တော် ပြည်မြို့ကို တိုက်ခိုက် သိမ်းယူရာတွင် ရှင်တစ်ဆူနှင့် လူတစ်ယောက်သာရသည် ́ဟု မိန့်တော်မူသည်။အင်းဝဘုရင်မိန့်တော်မူသော ရှင်တစ်ဆူကား တိပိဋကလင်္ကာရ တောင်ဖီလာ ဆရာတော်ဖြစ်ပြီး လူတစ်ယောက်ကား ၁၃ နှစ်သား ငထင်ငယ်ဖြစ်လေသည်။
မြင်းသည်သိန်းနှင့် ညီမျှသော
သူရဲကောင်းလေးယောက်
မြန်မာသက္ကရာဇ် ၃၇၉ ခုနှစ်တွင် ပုဂံပြည်၌နန်းတက်သော အနော်ရထာ မင်းတွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူသော သူရဲကောင်းလေးယောက် ခစားလေသည်။
ကျန်စစ်သားမှာ လက်ရုံးရည်၊ နှလုံးရည် နှစ်မျိုးစလုံးနှင့် ပြည့်စုံသည့် သူရဲကောင်းဖြစ်သည်။ ငထွေရူးကား မြင်းမူအရပ်သားဖြစ်ပြီး ထန်းပင်တစ်ထောင် ကို အချိန်မီပြီးအောင် လှီးချနိုင်သူဖြစ်သည်။ ငလုံးလက်ဖယ်ကား ပုပ္ပားအရပ်မှ ဖြစ်ပြီး နွားအရှဉ်းသုံးဆယ်ကို ထွန်၌တပ်ပြီး ထွန်ရေးမှန်အောင် အနှံ့ထွန်နိုင်သူ ဖြစ်သည်။ ညောင်ဦးဖီးကား ညောင်ဦးအရပ်မှဖြစ်ပြီး ညောင်ဦးကမ်းပါးမှ ပြေးဆင်း၍ မြစ်ကိုကူးကာ အောင်သာဘက်ရောက်လျှင် သည်ဘက်သို့ ပြန်ကူး လာပြီး ညောင်ဦးကမ်းပါးပေါ် ပြေးတက်နိုင်သူဖြစ်သည်။
တစ်ခါတွင် ဥဿာပဲခူးသို့ ဂျွန်းစစ်သည်များချီလာရာ ပုဂံသို့ စစ်ကူတောင်း လာ၏။ ထိုအခါ အနော်ရထာမင်းက “မြင်းသည်လေးသိန်း' စစ်ကူလာမည် ဟု မိန့်မှာလိုက်လေသည်။ တကယ်တမ်းတွင်မူ အနော်ရထာမင်းကြီးက သူ၏ လူစွမ်းကောင်းလေးယောက်ကိုသာ လွှတ်လိုက်လေ၏။ ဥဿာပဲခူးမင်းမှာ မြင်းသည်လေးသိန်း စေလွှတ်မည်ဆိုပြီး ယခု မြင်းလေးစီးသာ လာသည်ဆိုပြီး စိတ်မသက်မသာ ဖြစ်နေလေ၏။ ။
ထိုအခါ လူစွမ်းကောင်းလေးယောက်တို့က “ငါတို့အား ဤသို့ဆိုရ မည့်လော'ဟုဆိုကာ မြို့ပြင် ယာခင်း၊ သခွာခင်းတို့၌ သူတို့၏ အထူးထူးသော စွမ်းအင်တို့ကို ပြုကြလေ၏။ ဥဿာပဲခူးမင်းနှင့်တကွ ပြည်သူပြည်သားတို့မှာ အံ့အားသင့်ကာ “ဤလေးဦးကား လူမဟုတ်၊ နတ်ဖြစ်တန်ရာသည်။ တစ်ခါမှ ဤသို့မမြင်ဖူးပါ'ဟုဆိုကာ အံ့သြချီးမွမ်းကြကုန်၏။ ဥဿာပဲခူးမင်းလည်း ဝမ်းမြောက်လှသဖြင့် လက်ဆောင်ပဏ္ဏာများ ချီးမြှင့်၏။
ရာပေါင်းများစွာသော ဂျွန်းစစ်သည်တို့ ဝင်ရောက်လာသောအခါ သူရဲကောင်းလေးဦးက ဂျွန်းစစ်သည်တို့ကို လေးစုကွဲအောင် အလယ်မှဖောက်၍ တိုက်လေသည်။ လေးစုကွဲသွားသောအခါ ခေါင်းဆောင်စစ်သူကြီးလေးဦးကို အရှင်ဖမ်းယူလေသည်။ ဂျွန်းစစ်သည်တို့လည်း ခေါင်းဆောင်တို့ကျပြီဖြစ်၍ တပ်ဆုတ်ကာ ထွက်ပြေးကြလေသည်။ ဖမ်းမိသော စစ်သူကြီးများကို ဥဿာ ပဲခူးမင်းအား ဆက်သသောအခါ လွန်စွာအားရလှသဖြင့် ဆုလာဘ်များစွာ ချီးမြှင့်လေသည်။ အနော်ရထာမင်းအားလည်း ဥဿာမင်းအဆက်ဆက် ကိုး ကွယ်သော ဓာတ်တော်နှင့်တကွ သမီးတော်မဏိစန္ဒာကိုပါ ဆက်သလိုက် လေသည်။
ကျေးဇူးသစ္စာ စောင့်သိသော
ကျန်စစ်သားမင်း
ကျန်စစ်သားသည် ကျောင်းဖြူအရပ်၌ တိမ်းရှောင်နေစဉ် သက္ကရာဇ် ၄၂၁ ခုနှစ်၌ အနော်ရထာမင်း နတ်ရွာစံလေသည်။ သားတော်စောလူးမင်း နန်းတက်သောအခါ ရဟန်း၊ မှူးမတ်တို့က ပုန်းရှောင်နေသောကျန်စစ်သားကို ပြန်ခေါ်ရန် လျှောက်ထား တိုက်တွန်းကြလေသည်။ ကျန်စစ်သားရောက်လျှင် စောလူးမင်း၏ အပါးတော်၌ ခစားရ၏။ စောလူးမင်းသည် သူ၏နို့စို့ဖက်၊ အထိန်းတော်၏သား ငရမန်ကန်းကိုလည်း ဥဿာပဲခူးမြို့ကို ပေးလေ၏။
တစ်ခါတွင် ဥဿာစား ငရမန်ကန်းသည် စောလူးမင်းအား ပုန်ကန်သဖြင့် စောလူးမင်းသည် ကျန်စစ်သားနှင့်အတူ သွားရောက်နှိမ်နင်းရာ အရေးနိမ့်ပြီး ငရမန်ကန်းလက်တွင်း ကျရောက်၏။ ငရမန်ကန်းကား မြင်းကပါအရပ်တွင် တပ်စွဲကာ အခိုင်အခန့်နေလေ၏။
ထိုသတင်းကိုကြားသိလျှင် ကျန်စစ်သားသည် တောင်ခွင်အရပ်မှနေ၍ တစ်ညဉ့်လုံး မြင်းစိုင်းခဲ့ရာ ပုဂံသို့ မိုးသောက်မှရောက်၏။ ပုဂံသို့ရောက်လျှင် မှူးကြီးမတ်ရာတို့က “စောလူးမင်းလည်း မရှိပြီ။ ပုဂံကိုအုပ်စိုးထိုက်သူကား အရှင်မင်းကြီးမှတစ်ပါးမရှိပြီ' ဟုဆိုကာ မင်းမြောက်တန်ဆာငါးပါးကို ဆက်သလေ၏။
ကျန်စစ်သားကား သစ္စာတရားကို ဦးထိပ်ထားသူပီပီ “ငါ့အရှင် ရှိ၊ မရှိ စုံစမ်းဦးမည်။ ရှိခဲ့သော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်” ဟုဆိုကာ မင်းမြောက် တန်ဆာငါးပါးကို ရွှေစည်းခုံစေတီတွင် ထားခဲ့လေ၏။ ကျန်စစ်သားလည်း ရန်သူ့လက်ထဲမှ စောလူးကို ပခုံးတွင်ထမ်းကာပြေး၏။ စောလူးကား “ကျန် စစ်သားသည် ငါ့ခမည်းတော် အမျက်ရှဖူးသူဖြစ်၏။ ငါ့ကိုသတ်လို၍ ခိုးသည် ထင်၏။ ငရမန်ကန်းကား ငါ့အထိန်းတော်၏သား၊ ငါနှင့်နို့စို့ဖက်ဖြစ်၍ ငါ့ကို မသတ်တန်ရာ'ဟုတွေးမိ၍ “ကျန်စစ်သား ငါ့ကိုခိုးယူလေပြီ”ဟု ဟစ်အော်လေသည်။ ထိုအခါ ကျန်စစ်သားလည်း “မင်းဆိုးမင်းညစ် ... ခွေးသေ၊ ဝက်သေ သေရစ်ပေတော့ ́ဟုဆိုကာ ပစ်ခဲ့လေသည်။ စောလူးအော်သံကြား၍ ငရမန်ကန်း၏စစ်သည်များ ဝိုင်းလာသောအခါ ကျန်စစ်သားလည်း ရေသို့ဆင်း၍ အနောက်ဘက်သို့ ကူးပြေးရ၏။
ငရမန်ကန်းကား ကျန်စစ်သားပစ်ထားခဲ့သော စောလူးမင်းကို တွေ့သော အခါ အမျက်ထွက်၍ အနုရာဓအရပ်၌ ကွပ်မျက်လေသည်။ ကျန်စစ်သားကား နန်းစည်းစိမ်ကို အလွယ်တကူရသော်လည်း ကျေးဇူးသစ္စာကိုစောင့်သိလျက် မိမိအရှင်ကို ထီးနန်းပြန်တင်ရန် ကြိုးပမ်းအားထုတ်ခဲ့သော သစ္စာရှိသူရဲကောင်း တစ်ဦးပေတည်း။