Skip to product information
1 of 3

Other Websites

ငြိမ်းကျော် - ကိုငှက်ရိုးနှင့် သနပ်ခါးလူးခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မှားယွင်းသွားကြောင်းပါခင်ဗျာ

[ ]

           စိတ်ညစ်ညစ်ရှိတာနဲ့ ရွာဦးကျောင်းက စာချကိုယ်တော်လေးဆီ သွား၊ ဟိုစကားဒီစကား ပြောရတာပေါ့။ စကားထဲ စိတ်ရောက်နေလို့ ထင်ပါ့၊ အိမ်ကမိန်းမ မိဓါန်မတို့၊ သားသမီးတို့ကို သတိမရဖြစ်ဘူး။ စောစောက ဒေါပွနေတာလေးတွေ ပျောက်သွားပါရဲ့။ တွဲရေးခွဲရေး နောက်ကြောင်းပြန်ကိစ္စတွေထဲ၊ ကိုးဆယ့်တစ်ဌာနထဲမှာ စကားတွေ နစ်သွားတာနဲ့ အိမ်ကိုသဘောမတွေ့တာ ဘယ်ရောက်မှန်းမသိတော့ဘူး။ ညနေ နေစောင်းတော့မှ ကျောင်းကပြန်လာရင်း အိမ်ကိုမပြန်ချင်သေးဘူး။ အိမ်ရောက်ရင် မကျေနပ်တဲ့စကား ပြန်စမိဦးမယ်။ ဒါနဲ့ ရှေ့ကခြံထဲ လှမ်းကြည့်တော့ အိမ်ရှေ့မှာ စံပယ်ပင်ရေလောင်းနေတဲ့ ဘကြီးဦးကြာဖူး ကို တွေ့ရော။ ဘကြီးဦးကြာဖူးက စည်းရိုးကြခတ်တွေ ကြားကနေ

 

           “ဟကောင်၊ ခုနလေးတောင် မင်းတို့အိမ် ငါရောက်သေးရဲ့၊ မင်းမရှိလို့ ခဏတစ်ဖြုတ်ထိုင်ပြီး ပြန်လာခဲ့ရတယ်၊ လာလေကွာ၊ ပန်းပင်တွေ ရေလောင်းလို့ ပြီးပါပြီ” တဲ့။

           ဒါနဲ့ အိမ်မပြန်ချင်သေးတာနဲ့ ခြံထဲ ရွေ့ ခန်ဝင်ဖြစ်သွားရော။

[၂]

          သံဆုံလေးထဲကို ကွမ်းရွက်၊ ကွမ်းသီးစုံ အကုန်ထည့်ထောင်း ပြီး အတော်ညက်တော့မှ ပါးစပ်ထဲပက်သွင်းရင်း ပြုံးနေတဲ့ ဘကြီး ဦးကြာဖူးက...

          “မင်းမိန်းမကရော၊ ကလေးတွေကရော ပြောပါတယ်၊ မင်း စိတ်ဆိုးလို့ အပြင်သွားတာတဲ့၊ ဘာဖြစ်ကြတာတုန်း၊ မင်းတို့ဟာ တကျက် ကျက်နဲ့”

          “ပြောမရဆိုမရတာများလွန်းတော့ ကျုပ်လဲ စိတ်ထွက်လာ တာနဲ့ ထဆဲပစ်တာ ဘကြီးကိုကြာဖူးရ”

           “မင်းနှယ်.. ငှက်ရိုးနှယ်ကွာ၊ စိတ်ကို လျှော့လဟ၊ စိတ်ဆို တာ လျှော့ရတဲ့ပစ္စည်း ငါ့လူရ”

           “လျှော့ပါသော်ကောဗျာ၊ ဟို... ဆယ့်လေးငါးနှစ်နဲ့ ခုစိတ်နဲ့ ကွာပါရဲ့ ၊ ပြောမရဆိုမရတာက တစ်ကြောင်း၊ တစ်ဖက်ကပရိယေသန ရှာရဖွေရတာက တစ်ခက်၊ မနှစ်ကလဲ စပါးက အထွက်မကောင်း၊ မိုးက ခေါင်၊ ပိုးကကျ၊ ချစ်တီးကြွေးက ထပ်တက်၊ တိုင်းရေးပြည်ရေးက ခပ်လှုပ်လှုပ်၊ ဟိုပူ ဒီပင်ရနဲ့၊ ပြောစကား နားမထောင်၊ ကိုယ်ဖြစ်စေချင် သလို မနာခံတော့ သင်းတို့ကို စိတ်ဆိုးသပေါ့ဗျာ”

           ဘကြီးဦးကြာဖူးက ကွမ်းမှုန့်နှံ့ရင်း စွေစောင်းစောင်းကြည့် တယ်လေ။ ခေါင်းတဆတ်ဆတ်ညိတ်ပြီး အင်း'တဲ့၊ ရင်ခေါင်းသံနဲ့ သံရှည်ဆွဲပြီး...

           “ငါ့မှာ သားငါးယောက်၊ သမီးငါးယောက်၊ အခု မြေးဆယ့် တစ်ယောက်၊ ငါက မင်းထက် စိတ်ကြီးချင်တောင် ကြီးမယ်၊ စကားက နောက်၊ လက်ကအရင်၊ ဒါဆိုဒါ၊ ဘူးဆို ဖရုံမသီးနဲ့၊ ငါ့တုန်းက ငါ့ မိဘတွေ ပုံသွင်းသလို ငါလဲ ပုံသွင်းတာပဲ၊ ထင်သလောက်မရခဲ့ဘူး ငှက်ရိုး၊ ဒေါသူပုန်ပေါ့ ကွာ၊ လောကဓာတ်ကျောင်းထားပေးတာ ပျင်းတယ်ပြောတဲ့သူကပြော၊ ကျောင်းကထွက်ပြေး၊ ရှာရဖွေရ၊ စုံစမ်းရ၊ အဲဒီတုန်း လင်နောက်ထလိုက်တဲ့သူက လိုက်၊ မင်းတို့အရီး ဒါလောက် မျက်ကြောသေရ ကောင်းလားဆိုပြီး ဆဲဆို ကြိမ်းမောင်း၊ မှတ်မယ်။ သင်ခန်းစာယူမယ်ထင်လား၊ လူကုန်၊ ပြဿနာကုန်မှ မီးတစ်ဆက် ငြိမ်းတာမထင်နဲ့၊ လာပြန်ပြီ၊ မြေးအကြီးဆုံးက ကျောင်းပြေးတယ် ဆိုလား၊ သူ့အဖေနဲ့ ငါ့သမီးနဲ့ လင်မယား စကားများကြရော၊ မပြီးတာ ငါပြောပြတာ”

           လေအေးအေးနှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သူလို့ ဘကြီးဦးကြာဖူးကို ခေါ်ဝေါ်ထိုက်ပါပေတယ်။ အခုလည်း အေးအေးပဲ။ အသံချိုချိုနဲ့၊ အသံသာသာနဲ့ နားထောင်လို့ကောင်းပါတယ်။ တရားဓမ္မစကားလုံးသာ မပါ တာ၊ တရားသံဝေဂသဘောက ပါပြီးသား။ ဘကြီးဦးကြာဖူးနဲ့ ကျုပ်နဲ့ မတူတာတွေ အများကြီးရယ်။ ကျုပ်က အိမ်ကဟာမကြီးနဲ့ ဟာတွေကို ရွှေပေါ်မြတင်ထားတာ။ အရီးက ကိုယ်တိုင်ကောက်စိုက်ရတယ်။ ဗိန်မ က လယ်ထဲကိုထမင်းပို့တောင် မလာစေရဘူး။ အိမ်မှာ ထမင်းဟင်း ချက်ရုံပဲ။ အဝတ်လျှော်ရင် အငှားဒိုဘီမကိုအပ်။ သူ့တာဝန်က သားသမီး တွေရဲ့ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လောကဓာတ်ကျောင်းမှာ အတန်း မှန်မှန်အောင်ရေး။ ကျုပ်က စီးပွားဖိရှာတယ်။ တစ်နေ့တစ်နေ့ လယ်ထဲ ချောင်းထဲမှာ၊ နွေလသီတင်းမှာ နားမယ်မထင်နဲ့။ လယ် တစ်ပယ် တစ်ဧက နှစ်တိုင်းတိုးချဲ့ရလို့ ပြင်ရဆင်ရ။ လယ်ထဲ ကိုယ်တိုင် ဆင်း၊ နွားနဲ့ဖက် ကျုံးရုန်း။ သူရင်းငှားနဲ့ ကောက်စိုက်သမတို့ကို လယ်ကူလီနဲ့ချည်း မျက်နှာလွှဲထားကျင့်က မရှိ။ ဒီတော့ တစ်ခါတလေ ဖျားပြီဆိုရင် ကိုင်ရိုက်ထားသလား၊ မောင်းဆုံထဲ ထည့်ထောင်းထား သလား ထင်ရတယ်။ ကျုပ်ခေါင်းထဲမှာက ကိန်းဂဏန်းတွေပဲ ရှိတယ်။ ပိုင်စေ့၊ ပြားစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးပြား၊ ကျပ်ပြား၊ ရွှေဒင်္ဂါး၊ မြင်းစီးလှံထိုးနဲ့ ဆံမြိတ်ထုံးချည်း မြင်တယ်လို့ တောင် အပေါင်း အသင်းတွေက နောက်ကြ ပြောင်ကြတယ်။ ရွှေဒင်္ဂါးပြားရဲ့ ခေါင်းပန်း ပုံတွေလေ။ ဆံမြိတ်ထုံးနောက်ကိုချည်း လိုက်တယ်လို့ ဆိုလည်းဆိုကြ ပေါ့။ စားဝတ်နေရေး၊ တိုးတက်ကြီးပွားရေးက မြင်းစီးလှံထိုးမှ၊ ဆံမြိတ် ထိုး မိန်းမချောအဝိုင်းလေးတွေ ရှိမှကိုး။ ဒီတော့ သားသမီးတွေနဲ့ ကင်းကွာရကောင်းလား ပြောချင်ပြောပေါ့ ဗျာ။ ကျုပ်က မိန်းမကို ယုံကြည်ပြီးသားပဲ၊ သူ့တာဝန်ပါတဲ့။ ကလေးတွေကြောင့် ရှာရဖွေရ နောက်ဆံမငင်စေရပါဘူးတဲ့။ သူ့ပဋိညာဉ်ပဲ။ ကျုပ်ယုံတာပေါ့ ။ ယုံမိတာ စမှားပြီ။ မှားမှန်းသိတော့ နောက်ကျပြီ။ အဲဒီနှစ်က ကျုပ်လယ် အထွက်ကောင်း၊ စပါးဈေးကောင်း၊ တိုင်းပြည်ကလဲ အေးလို့။ ဒါနဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီး ဆောက်ရော၊ ဆောက်နေတုန်းပဲ သမီးအကြီးမက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ လင်နောက်ထလိုက်ရော။ ကျုပ်က သဘာဝတရား သိပါရဲ့။ “လောကတံထွာ လူတို့ရွာ၊ ဘာသာဓလေ့ သိကောင်းစေ့” ဆိုတဲ့ စကားနဲ့အညီပါ။ လောကဓာတ်ကျောင်းက အောင်လို့ ရန်ကုန် တက္ကသိုလ်ကျောင်းတိုက်ကြီးကို ပို့ထားတုန်း ထလိုက်သွားတာ။ စိတ်က ဆိုးလို့ သူရိယသတင်းစာထဲမှာ သမီးအဖြစ်က စွန့်လွှတ်ကြောင်းကြော်ငြာပစ်ထည့်လိုက်ရော၊ အဲ... ဒါပေတဲ့ မွေးဖွားခါနီး ဗိုက်တကား ကားနဲ့ ဗိန်မက တစ်ဖက်လှည့်နဲ့ ခေါ်လာတယ်လေ။ ကျုပ်အိမ်က မီးနေခန်းဖြစ်သွားရော...။

           ဗိန်မက သားသမီးချစ်တာ ခွေးသားအုပ်မ၊ ကြက်သားအုပ်မ ချစ်သလိုချစ်တာ။ ကျုပ်က သားသမီးတွေကို ဘယ်သူက ဘာဖြစ်ရမယ် ဆိုတဲ့ အမြော်အမြင်စိတ်နဲ့။ သူက ချွေးခံအိတ်ထဲက မူးစေ့၊ ဒင်္ဂါးပြားတွေ ထုတ်ထုတ်ပြီး ရော့ အင့်၊ ရော့ အင့် လုပ်နေရရင် မိဘမေတ္တာထင်နေ တာ။ သားသမီးပြောသမျှ အကုန်ယုံတာချည်း။ နံနက်ဈေးသွား၊ ဈေးခြင်း တောင်း ဆွဲပြန်လာ၊ ချက်ပေါ့။ သားသမီးတွေနဲ့ ဝိုင်းဖွဲ့ စား၊ ဟုတ်ပေ့ပဲ။ ကျုပ်ကျတော့ လယ်တောထဲကို ထမင်းပို့ နောက်ကျလို နောက်ကျ။ နံနက် ထမင်းလေးစားပြီး လယ်ထဲဆင်းရခါနီး ထမင်းမစားရ၊ စားတော် ပဲပြုတ်သည် ခေါ်မထားဖြစ်တာနဲ့.....။

           ကျုပ်ကိုယ်ကို ငွေရှာပေးတဲ့နွား၊ ငွေရှာတဲ့စက်နဲ့ နှိုင်းပြီး တန်သရွေ့ ဂရုစိုက်ဖော်ရပါလို့ အတန်တန်ပြောဖူးတယ်။ လယ်တောထဲ ဆင်းခိုင်းမယ့်နွားကို အစာရေစာမမှန်၊ မှက် ခြင်ယင် မကာကွယ်ရင်ပိန်ချုံးချည့်နဲ့မယ်။ ခိုင်းအားမကောင်းရင် အလုပ်မတွင်ကျယ်ဘူး။ ကြာကြာမခိုင်းရဘူး၊ ငွေလုပ်တဲ့စက်ဆိုရင်လည်း အင်ဂျင်ဝိုင်၊ ဓာတ်ဆီ၊ ရေနံဆီ၊ ရေ ထည့်တန်ထည့်။ ဒီလို ဂရုစိုက်တာမျိုး ရှိဖို့ပြောလည်း အလကားပါ။ ပြောရလွန်းလို့ လျှာရှည်တဲ့ဗြဟ္မာမင်းတွေတောင် ကျုပ်ကို ဆလံသသွားပါပြီ..။

           “ ဒီလောက်ပြောရလွန်းတော့ ဟံသွားပြီ၊ ဘာမှမမှတ်မိတော့ ဘူး'တဲ့၊ ဗိန်မစကား၊ သင်းစကားလေ။ ပြောလွန်းတဲ့ ကျုပ်ပဲ အပြစ် တောင်ဖြစ်အောင် လီဆယ်တာလေ။ မပြောဘဲနေခဲ့တုန်းကတော့ရော..။

           “ပြောမှသိမှာပေါ့၊ နဖူးမှာ ကျောက်သင်ပုန်းရှိတာမှ မဟုတ်ဘဲ” တဲ့..။

           ဒါနဲ့ အိမ်မှာ သားခြောက်ယောက်၊ သမီးခြောက်ယောက်က တစ်ပြဿနာပြီး တစ်ပြဿနာ။ ရည်းစားစာခိုးရေးတာ ကျုပ်တွေ့လိုတွေ့ရ။ ညခုနစ်နာရီ ဘုရားရှိခိုးရမယ်ဆိုတဲ့ ကျုပ်ရဲ့ မဟာဒါန် သံမဏိ စည်းကမ်းဥပဒေသကြီးကလည်း ပျော့စိပျော့စိဖြစ်လာပြီ။ ဗိန်မက ဘာမဆို စိတ်လိုစိတ်ရ ဘုရားရှိခိုးမယ်ဆိုရင်လည်း ရှိခိုးနေပြန်ရော။ တစ်ခါတလေပျက်တာများ လန့်နှစ်နဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှားရှိရင် “.. ဒါယိကာမ၊ သင်ကား မည်သူနည်း”လို့ မမှတ်မိနိုင်တဲ့အထိ စိမ်းခဲ့တာ...။

           ကျုပ်နဲ့ ယူခါစက စာပေ ပရိယတ္တိဖတ်တယ်။ မြန်မာ့အလင်း မဂ္ဂဇင်းတို့၊ သူရိယသတင်းစာ၊ သံတော်ဆင့်သတင်းစာ၊ ဟံသာဝတီ မဂ္ဂဇင်းတို့ ဖတ်တယ်။ နံပတ်တစ်ရာ့နှစ်ဆယ် ပြဇာတ်ဘုတ်အုပ်တွေ၊ တရားစာတွေ ဖတ်သဗျ။ အထင်ကြီးစရာကြီးရယ်။ ကျုပ်နဲ့ရလို့ သုံးနှစ် သုံးမိုးလည်း နေရော၊ ပျင်းကြောထူလာတာ ဗိုက်ခေါက်နဲ့ အမျှပါပဲ။

           ဇာတ်ပွဲလက်ကမ်းစာရွက်တို့၊ ဆေးအညွှန်းစာရွက်တို့လောက်တောင် ကြည့်ဖော်မရသလောက်...။ ။

           သားသမီးတွေကို တိုးတက်ထွန်းကားစေချင်တဲ့ စေတနာ မေတ္တာနဲ့ ချစ်တာမှမဟုတ်ဘဲလို့ ကျုပ်ဖြင့် ထင်လာတယ်။ ကလေးတွေ က ပြောရဆိုရ ကျပ်ကျပ်လာတယ်။ ကျုပ်က ကောင်းတယ်ဆိုတဲ့ဟာ ဆိုရင် ကောင်းတယ်မထင်ဘူး။ ကျုပ်စကား မအောင်တော့သလိုလို ဖြစ်လာတော့ စိတ်လဲပျက်၊ ဒေါလဲပွလာတာပေါ့၊ ကြာပြီ..။

           “ ဒါတော့ဒါပေါ့ ဘကြီးရာ၊ အိမ်မှာက အကြိုက်ချင်းမတူကြ တာက တစ်နေ့ထက်တစ်နေ့ ပိုပိုသိသာလာတယ်၊ ဥပမာဗျာ.. အဖိုးတန် သက္ကလတ်အင်္ကျီကို ရိုးကုမ္ပဏီက ကျုပ်ဝယ်ပေးတယ်၊ မဝတ်ချင်ကြဘူး၊ကော်လံတိုတို ပခုံးချပ်ချပ်၊ ဆင်းရဲသားတွေဝတ်တာမျိုးမှ သဘောကျ တယ်၊ ဈေးကတော့ ဘလေဇာကုတ်ထက် ကြီးပါရဲ့။ အကြိုက်က တစ်မျိုးစီ၊ ဓာတ်ပြားသီချင်းကအစ သူတို့က ခေတ်ဆန်းတီးလုံးမှ၊ ဗောက်ပြားမှ၊ ခက်သားကသား”

           “အလတ်ကောင်က ကုန်သည်လုပ်ချင်တယ်ဆို” ကျုပ်က ဘကြီးကို ခေါင်းညိတ်ရင်း...

           “ ဂုဏ်သရေရှိတဲ့ အရာရှိ အရာခံဖြစ်စေချင်လို့ ကျုပ်ပဲ ကျုံးရုန်း ရှာပေးနေတာပေါ့၊ ဒါကြောင့် အတန်းကျောင်းထားတာပေါ့ ”

           “သူတို့က အတန်းကျောင်းဆိုလဲ အင်္ဂလိပ်ကျောင်းစစ်စစ်မှာပဲ တက်ချင်တယ်ဆိုလားပဲ”

           “ ဒါတော့ မဖြစ်ဘူး ဘကြီး၊ ဘိုဆံတောက်နဲ့ ရိုးရာမဟုတ်တာ တော့ အားမပေးဘူးဗျာ”

“မင်းမလဲ ဟိုလူ ဟိုလိုဖြစ်စေချင်၊ ဒီလူ ဒီလိုဖြစ်စေချင်နဲ့ မိသားစုသောက တယ်လဲများတာပဲ ငှက်ရိုး”

           “ သူတို့အတွက်ပါ ဘကြီးရဲ့ ”

           “ သူတို့အတွက်ဆိုပေတဲ့ ကုန်ကူးသန်းရောင်းဝယ်တာကို ဝါသနာပါတဲ့ကောင်ကို မင်းက ကျောင်းပဲနေရမယ်ဆိုပြီး အတင်းပြန် ထားတော့ သူ့အလို ကိုယ့်အလို ကဏ္ဍကောစဖြစ်ကုန်ရော ”

           “ ကောင်းတာစီစဉ်ပေးတာပဲ ဘကြီးရာ ”

 “ မင်းလို ငါကြုံခဲ့ ၊ တွေ့ခဲ့ဖူးတာပဲ ငှက်ရိုး၊ ကိုယ်ပြုပြင်စီရင် သလို ဖြစ်ချင်မှဖြစ်တာ ”

           “ အဲဒီစကားကို လက်ခံဖို့ ကျုပ်မှာ အတော်အခက်သားဗျ” ဘကြီးဦးကြာဖူးက တစ်ချက်ရယ်၏။ ထို့နောက်...

           “ ငါအသက်ခြောက်ဆယ်အထိ မင်းအခုပြောတာမျိုးပြောခဲ့သေး တယ်၊ ခြောက်ဆယ်စွန်းစမှာပဲ ဖြစ်ချင်သလို ဖြစ်ချင်မှဖြစ်တာလို့ သိလာတာဟ၊ ညှပ်ပုံနဲ့ ဒင်္ဂါးပြား ပုံသွင်းသလို လူတိုင်းကို၊ အိမ်ထောင် တိုင်းကို ရကိုရရစေ့မယ်ပေါ့၊ ရွှေငွေသစ်သားလို၊ ရွှံ့လိုဟာကိုတော့ဆောက်ဖြတ်၊ ရွေပေါ်ထိုး၊ လှီးဖြတ်ဖဲ့ရတာပေါ့ ငှက်ရိုး၊ လူကျတော့ ခက်သားကွ၊ ဘီအေအုပ်ပေါင်းတဲ့၊ တိုက်ပုံတဲ့၊ တွေ့လား ခေတ်က၊ လက်ရှည်ကနေ လက်စကတဲ့၊ ဇာဘော်လီမှာဇာနားဇာတွန့်တဲ့၊ အမျိုးသမီး ဝတ်အသင်းတဲ့၊ သခင်မတဲ့၊ ဘုရင်ခံနဲ့ အတွင်းဝန်ရုံးကို ဝိုင်းဟယ် ပြုဟယ်တဲ့၊ မျက်စိအောက်တွင် ခုတစ်မျိုး တော်ကြာတစ်မျိုး၊ စကြာမင်း တဲ့၊ စကြာမင်း အလိုမရှိတဲ့၊ ဘာတတ်နိုင်မှာလဲကွာ၊ စဉ်းစားနော်.. စဉ်းစား... "

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)