ဂျူး - မျှော်လင့်ချက်နှင့် အခြားမျက်နှာဖုံးဆောင်းပါးများ
( ၁ )
ငယ်ငယ်တုန်းက ကျွန်မမှာ ရယ်စရာကောင်းသော အိပ်မက်နှစ်ခု ရှိခဲ့သည်။ ရယ်စရာကောင်းသည် ဟု ပြောရခြင်းမှာ ထိုအိပ်မက်တို့ အကြောင်းကို တစ်စုံတစ်ယောက်အား ကျွန်မပြောမိတိုင်း ထိုသူက ရယ်မောတတ်သော ကြောင့် ဖြစ်သည်။
ပထမအိပ်မက်ကို ရောင်စုံရှုခင်းဓာတ်ပုံစာအုပ်ထဲမှာ တွေ့ရသော ပြင်သစ်နိုင်ငံရှိ ကြီးကျယ်ခမ်းနားလှ သည့် ရဲတိုက်ကြီးများအား နှစ်သက်စွာတအံ့တသြငေးမောရင်းကရခဲ့၏။ ထိုရဲတိုက်ကြီး တစ်ခုခုကို ပိုင်ဆိုင်လိုမှုပင်ဖြစ်သည်။
တစ်ခါမှာတော့ တစ်ယောက်ယောက်က “မီလျံနာသူဌေးကြီးတစ်ယောက်ကို လက်ထပ်ဖို့ ကြိုးစား ပေါ့ဟာ” ဟု ရယ်မောခဲ့လေသည်။ ထိုစကားကြောင့် ကျွန်မအတော် အောင့်သက်သက် ဖြစ်သွားခဲ့ရသည်။ ရယ်စရာချင်း အတူတူ ဘာကြောင့် “မီလျံနာသူဌေးမကြီး ဖြစ်အောင်ကြိုးစားပေါ့” ဟု သူမ ရယ်မောခဲ့တာလဲ။ ဘာကြောင့် သူဌေးကြီးကို လက်ထပ်ဖို့ကြိုးစားခိုင်းတာလဲ။ ကျွန်မ၏ အိပ်မက်သည် မိန်းကလေးတစ်ယောက်နှင့် မအပ်စပ်သော အိပ်မက်ဖြစ်နေလေ သလား။ မိန်းကလေးတစ်ယောက် ဘယ်လိုနည်းနှင့်မျှ အကောင်အထည်မဖော်နိုင်သည့် အိပ်မက်တခုမျှ ကျွန်မမက်ခဲ့မိတာ လား။
နားမလည်နိုင်မှုနှင့် ဒေါသ၊ မခံချင်စိတ်တို့ ဖိစီးလျက် ကျွန်မလပေါင်းများစွာ မကျွန်မလည်ဖြစ်ခဲ့ရဖူး သည်။ နောက်တော့ ထိုအိပ်မက်သည် တကယ်ပင် ကျွန်မထံမှ တရွေ့ရွေ့ ဝေးကွာကာ မှေးမှိန်ပျက်ပြယ်သွားခဲ့လေသည်။
နောက်အိပ်မက်တစ်ခုကတော့ စာရေးဆရာတစ်ယောက် ဖြစ်လိုမှုပါပဲ။ ထိုအိပ်မက်ကိုလည်း သူတို့ ရယ်မောခဲ့ကြလေသည်။ ။
သို့သော် ထိုအိပ်မက် အတွက်တော့ဖြင့် ကျွန်မ မနာကျည်းခဲ့ရပေ။ အိပ်မက်သည် အချိန်ကြာမြင့်လာ သည်နှင့်အမျှ ခိုင်မာစွဲမြဲလာပြီး သေချာမှု၊ ကြိုတင်ပြင်ဆင်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ မျှော်လင့်ချက်အဖြစ် တစ်ဆင့်တက်သွားသည်။
ထိုမျှော်လင့်ချက်သည် ကျွန်မရင်ထဲ ဦးနှောက်ထဲမှာ အဆင်သင့် အနေထားဖြင့် ဆန္ဒပြင်းပြစွာ တည်ရှိနေခဲ့၏။ အခွင့်ကြုံကြိုက်သည့် အခါ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံသာဖြစ်သည်။ ထိုခြေလှမ်းသည် ကျွန်မဘဝကို ကျွန်မအလိုရှိရာသို့ ခေါ်ဆောင်သွားလိုက်ခြင်းဖြစ်သည်။
ရယ်စရာကောင်းသည့် အိပ်မက်ကလေးတစ်ခုကို တကယ်ယုံကြည်စိတ်ချရပါသလား၊ တကယ် စွမ်းအားရှိပါသလား၊ ခြေလှမ်း လှမ်းပြီး ဘာမှခရီးမပေါက်သူတွေ မရှိဘူးလား။ အိပ်မက်ကိုလက်တွေ့ အကောင်အထည် မဖော်နိုင်သူတွေ ဘာကြောင့် ဒီလောက်များပြားနေရပါသလဲ။
ထိုမေးခွန်းများအတွက် အဖြေမှာတစ်ခုတည်းသာဖြစ်၏။ ၄င်းအမှာလည်း မေးခွန်းတစ်ခုဖြစ်သည်။
" အိပ်မက်ကို မျှော်လင့်ချက်တစ်ခုအဖြစ် တစ်ဆင့်တက်ပြီး အသွင်ကူးပြောင်းခဲ့တာသေချာပါရဲ့လား"
မျှော်လင့်ချက်၏ သန္ဓေ
အိပ်မက်သည် မျှော်လင့်ချက်၏ သန္ဓေဖြစ်ပြီး မျှော်လင့်ချက်သည် ကျန်းမာသန်စွမ်းသော ရင်သွေး ငယ် ဖြစ်သည်။ အိပ်မက်တစ်ခုကို ဖမ်းဆုပ်ယူဖို့ ခက်ခဲ၏။ ထိုအိပ်မက်တစ်ခုမှ မျှော်လင့်ချက်တစ်ခု မွေးဖွားလာဖို့ ပို၍ခက်ခဲပါ သည်။ အိပ်မက်သည် မထင်မရှား မှေးမှိန်လာရာမှ ပျက်ပြယ် ပျောက်ကွယ်သွားတတ်သည်။ သန္ဓေသည် ကိုယ်ယန်ရက်သား အရွယ်တွင် ပျက်စီးနိုင်၏။ ကိုယ်ဝန်လသားအရွယ်တွင် ပျက်စီးနိုင်၏။ မွေးဖွားစဉ်မှာလည်း ပျက်စီးနိုင်သေး၏။ မွေးဖွားပြီး ရက်သားအရွယ် လသားအရွယ်တို့တွင်လည်း ပျက်စီးနိုင်သေးသည်။
အိပ်မက်သည် ရလိုက်သောအချိန်တွင် ဘာတန်ဖိုးမှ မပေးရသော်လည်း ပျက်ပြယ်သွားသည့်အချိန် တွင် တန်ဖိုးကြီးလေသည်။ အကြောင်းမှာ အိပ်မက်တစ်ခု ပြိုကွဲဆုံးရှုံးသွားလျှင် ခံစားရမည့် နာကျင်မှုမှာ ကြီးမားလှသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မျှော်လင့်ချက်ဆိုသည်မှာ တိုင်းဆ၍ မရအောင် တန်ဖိုးကြီးသည်ဟု ဆိုကြပါစို့။ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသောအခါ လူ၏ဘဝလည်း ပျက်စီးရတတ်သည်။
ဆရာကြီးမင်းသုဝဏ်၏ “ဘကြီးအောင်ညာတယ်” ဝတ္ထုတိုထဲမှ မျှော်လင့်ချက်ပြိုကွဲပျက်စီးသွားသော ကလေးငယ်ကို ကျွန်မဘယ်တော့မှ မမေ့နိုင်ပါ။ ထိုကလေးငယ်၏ မျှော်လင့်ချက်သည် သူ့အသက်နှင့် ထပ်တူတန်ဖိုးကြီး လှ၏။ မျှော်လင့်ချက် ပျက်စီးသွားချိန်တွင် သူ့အသက်သည် ပျက်စီးဆုံးရှုံးရလေသည်။
မျှော်လင့်ချက်နှင့် အသက်ရှင်နေကြသူများ
လူသားအားလုံးသည် ကိုယ့်ကိုယ်ကို " မျှော်လင့်ချက်နှင့် အသက်ရှင်နေသူများ” ဟု ရည်ညွှန်းလေ့ ရှိသည်။ ထို့အတူ "မျှော်လင့်တိုင်းလဲ ဖြစ်မလာဘူး ” ဟူသော စကားကိုလည်း မကြာခဏသုံးနှုန်းညည်းညူရလေ့ရှိပါသည်။
မျှော်လင့်ချက်ရှိပြီး ဘာကြောင့် အကောင်အထည် မဖော်နိုင်ရတာလဲ။ တွေးစရာရှိသည်မှာ မိမိသည် တစ်စုံတစ်ခုသော အခြေအနေကို တကယ်မျှော်လင့်ခဲ့တာမှ ဟုတ်ရဲ့ လား။ လူသားတိုင်း လက်ရှိဘဝထက် ပိုမိုတိုးတက် မြင့်မားချင်စိတ် ရှိကြသည်။ လက်ရှိအခြေအနေထက် တိုးတက်မြင့်မားချင်စိတ် ရှိကြသည်။ လက်ရှိအခြေအနေထက် တိုးတက်ဖွံ့ဖြိုးသော ဘဝတစ်ခုခုကို ဖြစ်ချင်ကြသည်။ ထိုဖြစ်ချင်စိတ်တစ်ခုတည်း သည်မျှော်လင့်ချက် ဟုတ်ပါသလား။
မျှော်လင့်ချက်ဟူသောအရာ၏ အနက်အဓိပ္ပာယ်အစစ်ကို သေသေချာချာ သဘောပေါက်နားလည်ဖို့ လိုပါသည်။ ကိုယ့်မျှော်လင့်ချက် အကြောင်းကို ကိုယ်တိုင်ဘယ်နှစ်ကြိမ်များ ခွဲခြားစိတ်ဖြာ လေ့လာခဲ့ဖူးပါသလဲ။
လူတစ်ယောက်မှာ မျှော်လင့်ချက်ရှိဖို့အတွက် ထိုလူသည် ဘာကို မက်မောတွယ်တာစွာ ချစ်ဖို့လို သည်။ ဘဝကို ချစ်မက်သူထံမှာသာ မျှော်လင့်ချက်ရှိနိုင်သည်။ သို့သော် အများစုသော လူတို့သည် ဘဝကို ချစ်မက်ကြ၏။ ထို့ကြောင့် "လူဆိုသည်မှာ မျှော်လင့်ချက်နှင့် အသက်ရှင်နေကြသည်” ဟူသောစကား ပေါ်ပေါက်လာခြင်းဖြစ်သည်။
အိမ်ရှင်မတစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။ ဝန်ထမ်းတစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။ ဆရာဝန်တစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။ ။
" အိမ်ရှင်မ တစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်”
ဆို၌ အိမ်ရှင်မ၏မျှော်လင့်ချက်ကို လေ့လာကြည့်ရန် လိုပါသည်။ အိမ်ရှင်မ၏ မျှော်လင့်ချက်က ဘာလဲ၊ နေ့စဉ် အိမ်သားများစားသောက်ရန် ချက်ပြုတ်ရေးတာဝန်ဖြင့် ဈေးသွား နေရသည့် အိပ်ရှင်မသည် ဘာကို မျှော်လင့်ပါသလဲ။
ကုန်ဈေးနှုန်းကျဆုံးဖို့ မျှော်လင့်သလား။ လုံးဝမဟုတ်ပါ။ ကုန်ဈေးနှုန်း ကျဆင်းဖို့သူတို့မှာ မျှော်လင့် ချက်မရှိပါ။ ဈေးသည်တို့၏ ချိုသာစွာဆက်ဆံမှု၊ အလေးချိန်မှန်ကန်မှု တို့ကို မျှော်လင့်သလား။ လုံးဝမဟုတ်ပါ။ မိမိခင်ပွန်း ဝင်ငွေ ပို၍ကောင်းမှုကို မျှော်လင့်သလား၊ လုံးဝမဟုတ်ပါ။
မိမိ၏ ပြုပြင်မှုဖြင့် မပြောင်းလဲနိုင်သောအရာများကို စိတ်ကူးယဉ်တမ်းတခြင်းသည် မျှော်လင့်ချက် မဟုတ်ပါ။ ဒါဖြင့် သူတို့၏မျှော်လင့်ချက်ကဘာလဲ။ နေ့စဉ် အသုံးစရိတ်ကို တစ်နေ့ထက်တစ်နေ့ ပို၍ စနစ်ကျစွာမှန်ကန်စွာ သုံးစွဲနိုင်အောင်၊ အဖိုးနည်း ဝန်ပါသဘောတရားကို အသုံးချနိုင်အောင် အားထုတ်ကြိုးစားခြင်း၊ ရလဒ်ကိုလည်း ယုံကြည် စိတ်ချခြင်း။ ၄င်းသည် သာမာန်အိမ်ရှင်မတစ်ဦး၏ မျှော်လင့်ချက်ဖြစ်သည်။
ဝန်ထမ်းတစ်ယောက်၏ မျှော်လင့်ချက်ကဘာလဲ၊ ဝန်ထမ်းအားလုံး ယေဘုယျ လစာတိုးဖို့လား၊ လုံးဝမဟုတ်ပါ။ ထို့ပြင် လစာတိုးခြင်းသည် သူတို့၏စားဝတ်နေရေး ပြေလည်မှုအတွက် အမြဲမှန်ကန်သော အကြောင်းတရား မဟုတ်။ လစာအနည်းငယ်တိုးမည့် အရိပ်အယောင်ဖြင့်ပင် ကုန်ဈေးနှုန်းများ ပြုန်းခနဲ မြင့်မားလာလေ့ရှိကြောင်း သူတို့သိပြီး ဖြစ်သည်။
ဝန်ထမ်း၏မျှော်လင့်ချက်သည် မိမိကိုယ်တိုင် ရာထူးတိုးတက်ဖို့ဖြစ်သည်။ ရာထူးတိုးလိုခြင်းသည် လစာတိုးဖို့ဆန္ဒ သက်သက်မဟုတ်၊ လုပ်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်လိုသောဆန္ဒ ကြောင့်လည်းဖြစ်သည်။
ဝန်ထမ်းတစ်ယောက်၏ မျှော်လင့်ချက်ဆိုသည်မှာ ပိုမိုမြင့်မားသောရာထူးနှင့် အခွင့်အာဏာ ရယူရေး အတွက် အားထုတ်ရင်း၊ အခွင့်အရေးကို အဆင့်သင့် အကဲခတ်နေခြင်း ဖြစ်သည်။
ဆရာဝန်တစ်ယောက်၏ မျှော်လင့်ချက်က ဘာလဲ။ မိမိ၏ကုသမှုဖြင့် လူနာများ ရောဂါပျောက်ကင်း အောင် အားထုတ်ခြင်း၊ ထိုမှ မိမိကို အားကိုးသောလူနာများ ပို၍ပို၍များလာကာ ထိုလူနာများ၏ ရောဂါပျောက်ကင်း သက်သာမှုကြောင့်ပင် မိမိ၏ကျော်စောမှု၊ဩဇာနှင့် ဘဝအဆင့်အတန်း မြင့်မားရေးဖြစ်သည်။
အိမ်ရှင်မ၊ ဝန်ထမ်း၊ ဆရာဝန် စသူတို့သည် ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ် ကန့်သတ်ခဲ့ပြီးသူများ ဖြစ်သောကြောင့် ၄င်းတို့၏ မျှော်လင့်ချက်သည် "ရွေးချယ်ပြီးသူများ "၏ "အကန့်သတ်ခံ မျှော်လင့်ချက် "ဖြစ်သည်။
အိမ်ရှင်မအဖြစ် မိမိဘဝကိုရွေးချယ်ကာ ရောင့်ရဲခဲ့ပြီးသူတစ်ယောက်အဖို့ မျှော်လင့်ချက်သည် ရုပ်ရှင် မင်းသမီးဘဝ မဟုတ်နိုင်ပေ။ ဆရာဝန်အဖြစ် မိမိဘဝကိုရွေးချယ်ခဲ့ပြီးသူ တစ်ယောက်အဖို့လည်း မျှော်လင့်ချက်သည် လေယာဉ်ပိုင်းလော့ဘဝ မဟုတ်နိုင်ပေ။
ဤအချက်များအရ ထင်ရှားသည်မှာ မျှော်လင့်ချက်သည် ဖြစ်ချင်မှုဆန္ဒတစ်ခုတည်းမဟုတ်။ မျှော်လင့်ချက်ဆိုတာ ဘာလဲ။
ဘာလဲဟူသော အကိုမရှာမီ မျှော်လင့်ချက်ဆိုတာ "ဘာ" မဟုတ်ဘူးလဲ ဟု အဖြေရှာကြည့်ရန် သင့်တော်ပါလိမ့်မည်။
မျှော်လင့်ချက်မဟုတ်သော ဆင်တူရိုးမှား စိတ်ဆန္ဒများ
လူတစ်ယောက် ထီငါးဆယ်ကျပ်ဖိုးထိုးပြီး သိန်းငါးဆယ် ထီပေါက်ခဲ့ရင် ဟု စိတ်ကူးယဉ် တွေးတောနေခြင်းသည် မျှော်လင့်ချက် ဖြစ်သလား။
မျှော်လင့်ချက်သည် ကံကြမ္မာအပေါ်မှာအားကိုးနေရသည့် "အနာဂတ်ကို စိတ်ကူးယဉ်မှု” မဟုတ်ပါ။
ဉာဏ်ရည်လည်း နိမ့်ကျ၊ ကြိုးစားအားထုတ်မှုလည်းမရှိ၊ ပေါ့တီးပေါ့ဆ ကျောင်းသားတစ်ယောက်က ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူးရခဲ့လျှင်ဟု စိတ်ကူးယဉ် တွေးတောနေခြင်းသည် မျှော်လင့်ချက်ဖြစ်သလား။
ကိုယ်တိုင်အားထုတ်မှု မပါဝင်သော ဖြစ်ချင်စိတ် သက်သက်သည် မျှော်လင့်ချက်မဟုတ်ပါဆိုပါစို့။ ယခုလက်ရှိ အခြေအနေအရ ကင်ဆာရောဂါတိုင်းသည် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်။ အိတ်(ဒ်)(စ်) ရောဂါသည် ကုရာ နတ္ထိဆေးမရှိ။ ထိုရောဂါများ၏ ကုထုံးများအတွက် လူသားသည် အချိန်၏ဖန်တီးမှုကို စောင့်ဆိုင်းနေသင့်ပါသလား။ နောက် တစ်နှစ်ကျရင်တော့ တစ်ယောက်ယောက်က ကုထုံးကုနည်း ရှာတွေ့ကောင်းပါရဲ့။ နောက် ဆယ်စုနှစ်ကျရင်တော့ တွေ့ကောင်းပါရဲ့ ။ နောက်ရာစုနှစ်ကျရင်တော့ တွေ့ကောင်းပါရဲ့ စသည်ဖြင့် မိမိကိုယ်တိုင် ကြိုးစားရှာဖွေဖို့ စိတ်မဝင်စားဘဲ အချိန် ကို စောင့်ဆိုင်းတမ်းတခြင်းသည် မျှော်လင့်ချက်ဖြစ်သလား။
" အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ် ”
ထိုစကားကို မကြာခဏသုံးစွဲတာ တွေ့ဖူးပါသည်။ ချွင်းချက်ဖြင့်သာ လက်ခံသင့်သည့် စကားဖြစ် သည်။ ဖြစ်ပြီးသွားသော၊ ပြုပြင်မရနိုင်တော့သော ကိစ္စအတွက် မိမိက ထိုအဖြစ်ကို တည်ငြိမ်စွာလက်ခံနိုင်ဖို့ အချိန်၏ အဆုံးအဖြတ်ကို စောင့်ကောင်း စောင့်ကြရပေလိမ့်မည်။ သို့သော် မဖြစ်သေးသော တစ်စုံတစ်ခု ဖြစ်လာဖို့ ကိစ္စမှာတော့ အချိန်က ဘာမျှအဆုံးအဖြတ်မပေးနိုင်ပါ။
အချိန် ဘယ်လောက်ကြာကြာ ဖြစ်လာအောင် မကြိုးစားသရွေ့တော့ မည်သည့်အရာမျှ ဖြစ်မလာနိုင် ပါ။ အချိန်နှင့် အနာဂတ်ကို ကိုးကွယ်ခြင်းသည် မျှော်လင့်ချက်မဟုတ်ပါ။ လူအများယူဆနေကြသလို အလိုဆန္ဒများ၊ ဖြစ်ချင်စိတ်များ ရှိနေခြင်းကို မျှော်လင့်ချက်ဟု ခေါ်နိုင်ပါသလား။ ဤသို့ ခေါ်မည်ဆိုလျှင် ကားတွေ၊ အိမ်တွေ၊ မြေတွေ ပို၍ ပို၍ ပိုင်ဆိုင်ရန် ဆန္ဒရှိသူများကို မျှော်လင့်ချက်နှင့် အသက်ရှင်နေသူများဟု သတ်မှတ်နိုင်သလား။ တကယ်တော့ ထိုသို့မဟုတ်ပါ။ ၄င်းတို့သည် သုံးဖြုန်းမှုပမာဏ ပိုမိုများပြားနိုင်ရန် ဆန္ဒပြင်းပြစွာ ဖျတ်လတ်နေသူများသာ ဖြစ်သည်။ မျှော်လင့်ချက်ရှိသောသူများမဟုတ်။
မျှော်လင့်ချက်၏ ပန်းတိုင်၊ သို့မဟုတ် အပြုလုပ်ခံကံသည် အရာဝတ္ထုမဟုတ်။ ပို၍ပြည့်ဝသော ဘဝ တစ်ခု ဖြစ်သည်။ ပို၍ရှင်သန်သော၊ ပို၍လွတ်လပ်သော အခြေအနေတစ်ခုဖြစ်သည်။ ၄င်းကို ဘာသာရေးဝေါဟာရဖြင့် သုံးနှုန်းလျှင် (အပြစ်တို့မှ) "သက်သာအောင်ကယ်တင်ခြင်း” ဟုပြောနိုင်သည်။ သို့မဟုတ် နိုင်ငံရေးဝေါဟာရဖြင့် သုံးနှုန်းလျှင် "တော်လှန်ရေး"ဟုပြောနိုင်သည်။ ထိုစိတ်အခြေအနေဖြစ်ပေါ်မှ မျှော်လင့်ချက်ဟု ပြောနိုင်သည်။
သို့သော် အပြုပြင်ဖန်တီးခံသဘော (Passiveness) နှင့် စောင့်ဆိုင်းမှုသဘော (Waiting for) ပါဝင် နေပြန်လျှင်လည်း ၄င်းကို မျှော်လင့်ချက်ဟု မသတ်မှတ်နိုင်ပေ။ ၄င်းသည် သည်းခံလက်လျှော့မှု ပါဝင်သော ဆန္ဒတစ်ခုပင် ဖြစ်နေပေလိမ့်မည်။
ထိုကဲ့သို့ သည်းခံလက်လျှော့မှုပါဝင်သော ဆန္ဒအမျိုးအစားတစ်ခု အကြောင်းကို ဂျာမန်စာရေးဆရာ ကပ်ဖ်ကာ က ပုံဝတ္ထုတစ်ခုဖြင့် လှပစွာသရုပ်ဖော်ခဲ့ဖူးသည်။ ၄င်းမှာ တရားဥပဒေ၏ ရှေ့မှာ ဆိုသည့် ပုံဝတ္ထုဖြစ်သည်။
ကောင်းကင်ဘုံ သို့မဟုတ် တရားဥပဒေဆီသို့ သွားရာတံခါးပေါက်တစ်ခုသို့ လူတစ်ယောက် ရောက် လာပြီး တံခါးစောင့်ထံမှ ဝင်ခွင့်ကိုတောင်းခံလေသည်။ တံခါးစောင့်က ဝင်ခွင့်မပေးသေးပါဟု ငြင်းဆိုသည်။ ထိုတံခါးသည် ပွင့်နေပြီးဖြစ်သော်လည်း ထိုလူသည် ဝင်ခွင့်ရရှိရန်အတွက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်သူသည် နေ့ပေါင်းများစွာ နှစ်ပေါင်းများစွာ ထိုင်၍ စောင့်လေသည်။ မကြာခဏပင် မိမိအားဝင်ခွင့်ပြုပါရန် တောင်းဆိုခဲ့သော်လည်း ဝင်ခွင့်မပေးနိုင်သေးပါဘူး ဟုသာ ငြင်းပယ်ခံရသည်။ ထိုနှစ်ကာလများ အတွင်း သူသည် တံခါးစောင့်အား အဆက်မပြတ်လေ့လာလေသည်။ သားမွှေးကော်လာပေါ်မှာ တွယ်ကပ်နေသော မွှားကောင်ကလေးများကို သိလာသည် အထိပင်ဖြစ်သည်။ နောက်ဆုံး သူအိုမင်းလာပြီး သေဖို့ရာ နီးကပ်လာသည်။
ပထမဆုံးအကြိမ်အဖြစ် သူက တံခါးစောင့်အား မေးခွန်းတစ်ခုမေးလိုက်သည်။ " အခုလောက်နှစ် တွေ ကြာလာခဲ့တာတောင်မှ ဒီတံခါးကို ကျွန်တော်ကလွဲပြီး ဝင်ခွင့်လာတောင်းတဲ့သူ ဘယ်သူမှမရှိပါလား၊ အဲဒါ ဘယ်လိုဖြစ် တာလဲ” ထိုအခါ တံခါးစောင့်က ဖြေလိုက်သည်။
" ခင်ဗျာလွဲပြီး ဘယ်သူမှ ဒီတံခါးကို ဖြတ်သန်းဝင်ရောက်ခွင့် မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီတံခါးဟာ ခင်ဗျားအတွက် ရည်ရွယ်ထားတာဖြစ်လို့ပဲ။ အခုတော့ ကျပ်ဒီတံခါးကို ပိတ်လိုက်ပြီ ”
ထိုစကားကို နားမလည်နိုင်တော့လောက်အောင် သူအိုမင်းခဲ့ပြီ။ သို့သော် သူအသက်ငယ်ရွယ်သေး လျှင် နားလည်ချင်မှ နားလည်နိုင်ပါလိမ့်မည်။ သူ့လိုလူစားမျိုးသည် ဗြူရိုကရက်တို့၏ စကားကို မပယ်ရှားနိုင်ပေ။
အကယ်၍သာ သူ့တွင်စောင့်ဆိုင်းမှုကဲသော အပြုပြင် ဖန်တီးခံတို့၏ ဆန္ဒထက် နည်းနည်း ပို၍ ခွန်အားသတ္တိရှိခဲ့မည်ဆိုလျှင် ရိုကရက် တို့ကို အာခံရဲသည့်သတ္တိဖြင့် သူသည် လွတ်မြောက်ရာ ကောင်းကင်ဘုံ၊ တောက်ပသောနန်းတော်ဆီသို့ ရောက်ရတော့မည် ဖြစ်သည်။ ယခုတော့ သူ့လိုလူမျိုးသည် တစ်စုံတစ်ယောက်က မီးစိမ်းပြလာမည့် ကာလကို စောင့်မျှော်ရင်း စောင့်ရင်း စောင့်ရင်း အချိန်တွေကုန်ခဲ့ရတော့သည်။
ကပ်ဖ်ကာ၏ လူအိုကဲ့သို့လူမျိုးများ လောကတွင် များပြားလှသည်။ ၄င်းတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်သော မပြောနိုင်ပေ။
မျှော်လင့်ချက်၏ အဓိပ္ပာယ်
မျှော်လင့်ချက်ဆိုသည်မှာ အမှန်တရားနှင့် ဆိုင်သည်။ ပြုပြင်ဖန်တီးခံ စောင့်ဆိုင်းမှု မဟုတ်သလို မဖြစ်ပေါ်လာ နိုင်သေးသည့် အခြေအနေတစ်ခုတွင် ဇွတ်အတင်း မမှန်မကန် အားထုတ်ခြင်းလည်းမဟုတ်။ ခြေကုန်လက်ပန်း ကျနေသော ပြုပြင်ပြောင်းလဲရေး ဝါဒလည်းမဟုတ်။ အခြေခံမကျသည့် အစွန်းရောက်စွန့်စားမှု ဝါဒတစ်ခုလည်းမဟုတ်ပေ။
မျှော်လင့်ချက်သည် ငြိမ်သက်စွာဝပ်၍ ချင်းမြောင်းနေသော ကျားတစ်ကောင်ဖြစ်သည်။ ကျားသည် မိမိ ခုန်အုပ်ရမည့်အချိန်ကို အတိအကျရောက်မှာသာ ခုန်အုပ်လေသည်။
မျှော်လင့်ချက်ရှိရန်ဆိုသည်မှာ တည်ရှိဖြစ်ပေါ်မှု အခြေအနေတစ်ခုဖြစ်သည်။ မိမိကိုယ်တွင်းမှာ တည်ရှိသောပြင်းပြသည့် အဆင်သင့်ဖြစ်မှုတစ်ခုဖြစ်သည်။ လိုအပ်သည့်အခါ လှုပ်ရှားမှု ခွန်အားကို အသုံးပြုနိုင်ရန် အဆင် သင့်ရှိသော သတိပြုမှု တစ်ခုဖြစ်သည်။
၄င်းသည် ဘဝတည်ဆောက်မှုများအတွက် အတွင်းပစ္စည်းတစ်ခုဖြစ်သည်။ လူ့စိတ်ဝိဉာဏ်၏ဖြတ်လတ် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ မျှော်လင့်ချက်သည် လူ့ဘဝ၏ အခြားသော အတွင်းပစ္စည်းတစ်ခုနှင့် ဆက်သွယ်လျက်ရှိသည်။ ၄င်းမှာ ယုံကြည်မှု ဖြစ်သည်။