Skip to product information
1 of 2

Other Websites

ဂျာနယ်ကျော်မမလေး - သွေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

၁၉၆၇ မေလ ၉ ရက်နေ့ ဖြစ်သည်။

ရန်ကုန်လေဆိပ် ဆင်းရန် ခါးပတ်ပတ်ရပြီ ဆိုကတည်းက ယုမိစံ ရင်ခုန်နေသည်။ လေယာဉ်မှန်ပေါက်မှ မြင်သမျှ၊ တွေ့သမျှ အရာတွေကို ငုံ့ကဲ၍ ကြည့်သည်။ နိမ့်၍နိမ့်၍ ကျသွားတိုင်း မြေပြင်နှင့် နီးတော့မည့် အသိဖြင့် ဖိုလိုက် လှိုက်လိုက်သည်မှာ ရင်ထဲ၌ မငြိမ်သက်နိုင်အောင် လှုပ်ခါ လျက် ရှိသည်။ လေယာဉ်ဘီးနှင့် မြေကြီးနှင့် ပွတ်ထိသွားသော အခါ၌ “ဘိရုမာ”ဟု ရင်မှ တ ဆို ခေါ်လိုက်မိသည်။ တစ်ညလုံး၊ တစ်နေ့လုံး စီးခဲ့ရသော လေယာဉ်ခရီး၏ ပင်ပန်းနွမ်းနယ်မှုများမှာ ဘယ်လိုပျောက်ပျက်သွားမှန်းပင် မသိလိုက်လျက်။ ဘယ်က ဘယ်လို ဝင်ရောက်လာ ကြမှန်း မသိနိုင်သည့် အားအင်အပြည့်ဖြင့် “ဘိရုမာ”ဟု အားရှိပါးရှိ တခေါ် မိခြင်း ဖြစ်သည်။

လေယာဉ် ရပ်လိုက်သောအခါ ယုမိစံ၏ ဖြူစင်ဝင်းပလျက်ရှိသော မျက်နှာကလေးသည် ခရီးသည်အားလုံးထက် ရွှင်လန်း ချိုမြလှသည်။

ယုမိစံမှာ အသက် ၃၀ ခန့်ရှိမည်။ ဦးထုပ်အဖြူ၊ ဂါဝန်အဖြူ၊ လက်အိတ်အဖြူ၊ ဖိနပ်အဖြူ ဆင်မြန်းထား၍ တစ်ကိုယ်လုံး ဖြူဆွတ် နေသည်။ ပန်းရည်ဖျော့ ဖျန်းပက်ထားသော မျက်နှာပေါ်၌ ဖြောင့်တန်း သည့် နှာတံနှင့် မျက်ခုံးသွယ်သွယ်တို့သည် ထင်းခနဲ မြင်မိအောင် လှပ ပေါ်လွင်လျက် ရှိသည်။

ဂျပန်အမျိုးသမီးဆို၍ အရပ်ပုသည့် အချိုးအစား မဟုတ်။ မနိမ့် မမြင့်၊ မဆူ မကြုံ၊ ကိုယ်လုံးကိုယ်ဖန် တင့်တယ် ပြေပြစ်ခြင်း ရှိသည်။ အရောင်အဆင်းထွက်၍ ရွှန်းစို တောက်လဲ့နေသော မျက်လုံးအစုံတို့သည် ထူးခြားစွာ ထင်ပေါ်သည်။

ခရီးသည်တွေ နောက်ဆုံးမှ ဆင်းလာရသည်။ လေယာဉ် အပေါက်ဝ မှ ဆီး၍ တိုက်လာသော လေညင်းကလေးသည် လတ်ဆတ်ချိုမွှေးနေသည်။ လေချိုမွှေးကို ရှိုက်၍ရှုလျက် ဟိုဟိုသည်သည် ရှုမျှော်ကြည့်ရင်း လေယာဉ် ပေါ်မှ ဆင်းလာခဲ့သည်။

ဘိရုမာ။ ယုမိစံ ရောက်ချင်လှသော မြန်မာပြည်သို့ ရောက်လာရ ပေပြီ။ ယနေ့ညနေ နေကလေးကလည်း ချိုသာသည်။ ကောင်းကင်မှာလည်း တိမ်စင် ကင်းပလျက် ဝင်းလှနေသည်၊

ယုမိစံ ခြေနှင့် ထိလိုက်သော မြန်မာ့မြေပြင်ကြီးသည် ယုမိစံကို လှိုက်လှဲစွာ လက်ခံလျက်၊ ဆီး၍ ပွေ့ကြိုလိုက်သည့်နှယ် ရင်ဝယ် နွေးထွေး ချမ်းမြေ့သွားသည်။

လေဆိပ် အဆောက်အအုံ ရှိရာသို့ သူလျှောက်လာပုံမှာ သွက်လက် ဖျတ်လတ်ကာ မျက်လုံးအစုံသည် အထူး တောက်ပနေသည်။

နဖူးပေါ်သို့ ဖရိုဖရဲ ကျလာသော ဆံစများကို ခေါင်းပင့်၍ ဖယ်ရှား ပစ်လိုက်ကာ လေဆိပ်အဆောက်အအုံပေါ်မှ လူအုပ်ကြီးကို လှမ်းမျှော် ကြည့်လိုက်သည်။ ယောက်ျား မိန်းမ၊ လူကြီး လူငယ် ပါဝင်သော လူအုပ် ကြီးသည် သူ့ကို ဆီး၍ပဲ ကြိုနေကြသယောင်ယောင်။ သူနှင့် အလွန် နီးစပ်သော ဆွေများ မျိုးများသဖွယ် အောက်မေ့ ထင်မှတ်မိကာ၊ ခင်မင် တွယ်တာ စိတ်ထားနှင့် တစ်ခါမှ မသိ မမြင်ဖူးသူတို့ကို လှမ်း၍ ပြုံးလိုက်၊ ကြည့်လိုက်ဖြင့် လေဆိပ် အဆောက်အအုံထဲသို့ ရောက်လာခဲ့သည်။

မြန်မာပြည်သို့ ရောက်လာပေပြီ။ မြန်မာပြည်သို့ လာခဲ့လေသော သူ၏ ရည်မှန်းချက်များ အောင်မြင်ခြင်း ရှိမှသာ လာခဲ့ရကျိုး နပ်မည်ဖြစ်ကြောင်း တွေးမိ၍ ရင်တအေးအေး ဖြစ်မိသည်။ တစ်နေ့နေ့တော့ မြန်မာ ပြည်ကို ရောက်အောင်သွားမည်။ ဒီနိုင်ငံကို ရောက်ရမည်ဆိုသော ယုံကြည် ချက်သည် ၁၅ နှစ်သမီးအရွယ်က စခဲ့လေသည်။ မြန်မာပြည်မှ ရွှေတိဂုံ ဘုရားပုံတော်ကို စတွေ့ဖူးသည့်နေ့က မြန်မာပြည်သို့ ရောက်နိုင်အောင် ရွှေတိဂုံစေတီတော်၏ တန်ခိုးတော်ဖြင့် ခေါ်ယူပါရန် စိတ်၌ ဦးညွှတ်၍ ဆုတောင်းခဲ့မိဖူးသည်။

ရည်ရွယ်ချက် ကြီးမားခဲ့သည့်လျှောက် တက္ကသိုလ်ဒီဂရီများ ရရှိ ပြီးနောက်၊ ဂျပန်ပြည် အိုစကာမြို့ နိုင်ငံရပ်ခြား လေ့လာရေး တက္ကသိုလ်ကျောင်းကြီး၌ မြန်မာစာကို အဓိကထား၍ ဆက်လက် သင်ကြားခဲ့သည်။ လေးနှစ် သင်ခဲ့ရလျက် ဘီအေ အဆင့်မျိုးရှိသော ဒီဂရီကို ရရှိအောင် ကြိုးစား ခဲ့လေသည်။ ထိုတက္ကသိုလ်မှ ဒီဂရီရရှိပြီး ဘာသာဗေဒ ပညာရပ်ကို အမ်(မ်)အေ အဆင့်မျိုး အောင်သည်အထိ သင်ကြားပြီးသည့်နောက် ကျောင်းဆရာမ ခေတ္တလုပ်ရင်း ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ ဘွဲ့လွန်သင်တန်း တက်နိုင် ရန် တစ်နည်းတစ်လမ်း ကြံစည် ကြိုးစားနေဆဲတွင်၊ ကံကောင်းထောက်မ စွာဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာသင် သိပ္ပံကျောင်းမှ ဂျပန်စာပြရန် ကထိက ဆရာအလုပ်ကို ရရှိခြင်းကြောင့်၊ မြန်မာပြည်သို့ ဝမ်းမြောက်ဝမ်းသာ လာခဲ့ခြင်း ဖြစ်သည်။

ဂျပန်ပြည်မှ မထွက်မီ မြန်မာပြည်သို့ သွားရမည့် အရေးကား ယုမိစံ အတွက် မျှော်လင့်ချက်ကြီးစွာဖြင့် ရင်တဖိုဖို ဖြစ်လျက်ရှိတော့သည်။ ၁၅ နှစ်သမီး အရွယ်ကစပြီး မြန်မာပြည်သို့ ရောက်ချင်လှသော ဆန္ဒမှာ ကြီးမားလှသည့်အလျောက်၊ တစ်နေ့နေ့ကို ရောက်အောင်သွားမည်ဟု ကြိမ်းဝါးလျက်သာ နေရသည်။ ထိုတစ်နေ့နေ့သည် ယခုလောက် အဆင်ပြေ လွယ်ကူလိမ့်မည်ဟု မထင်မိခဲ့ပေ။

အင်္ဂလိပ်စကားဖြင့် လေဆိပ်အရာရှိ မေးသော မေးခွန်းကို ယုမိစံက မြန်မာစကားဖြင့် ဖြေကြားပြောဆိုသဖြင့် နိုင်ငံကူးလက်မှတ် စစ်ဆေးနေသော အကောက်အရာရှိသည် ယုမိစံ၏ မျက်နှာကို ခေါင်းမော့၍ ကြည့်မိ သည်။

ယုမိစံ၏ ပစ္စည်းများ စစ်ဆေးနေခိုက် ယုမိစံကို လာ၍ကြိုသော ဂျပန်သံရုံးမှ အရာရှိတစ်ဦး အခန်းထဲသို့ ရောက်လာသည်။ ယုမိစံသည် တစ်ခါမျှ မမြင်ဖူးသော ဂျပန်သံရုံး အရာရှိအား တစ်နိုင်ငံ၌ လာ၍တွေ့ရ

သော ကိုယ့်လူမျိုးချင်းဖြစ်၍ အားရဝမ်းသာ ခါးကလေးကို ကုန်း၍ ချိုပြုံစွာ နှုတ်ဆက်လိုက်သည်။

သံရုံးအရာရှိက ယုမိစံကို ကြိုဆိုပြီး ယုမိစံ ရောက်လာပြီဖြစ်ကြောင်း နောက်တစ်နေ့မှ မြန်မာအစိုးရ ပညာရေးဌာနသို့ အကြောင်းကြားပေးမည် ပြောဆိုကာ ၎င်းတို့ နေထိုင်ရာ အိမ်သို့ ခေါ်ဆောင်သွားသည်။

လေယာဉ်ကွင်းမှ ကားထွက်လာသည့်အခါ၌ ယုမိစံသည် သူ့ဖခင် မသေမီက ပြောသွား၍ မှတ်သားထားသော စကားလုံးများကို စိတ်ထဲက ရွတ်ဆိုကြည့်သည်။ မင်္ဂလာဒုံ၊ ပဲခူး၊ ဘုရားလေး။

ယုမိစံက မင်္ဂလာဒုံနေရာကို မေးသဖြင့် သံရုံးအရာရှိက မင်္ဂလာဒုံ ဘက်သို့ ပတ်မောင်းသွားကာ စစ်တပ် အဆောက်အအုံများကို ပြမောင်း သွားသည်။

ယုမိစံသည် မင်္ဂလာဒုံမှအပြန် တပ်အဆောက်အအုံတွေကို ငေးမော ကြည့်လာသည်။ စစ်ကာလအတွင်း သူ့ဖခင် နေထိုင်သွားသော ဤတပ်မြေ၌ ဘယ်နေရာ ဘယ် အဆောက်အအုံ များတွင် နေထိုင်သွားပါလိမ့်ဟု မျှော်ရမ်း ကြည့်ရှု လိုက်ပါလာသည်။

ယုမိစံ၏ ဖခင် မေဂျာယူရှီးဒါးမှာ သံချပ်ကာ ကားတပ်မှ ဗိုလ်မှူး ဖြစ်သည်။ မြန်မာပြည် စစ်ကာလအတွင်း မင်္ဂလာဒုံ၌ တပ်စွဲထားခိုက်၊ ဂျပန်ပြည်ရှိသူ၏ တစ်ဦးတည်းသော သမီးကလေး ယုမိစံ ၅ နှစ်ပြည့်မြောက် အထိမ်းအမှတ်အတွက် သူ့ဓာတ်ပုံကို မင်္ဂလာဒုံ၌ ရိုက်၍ ပေးပို့လိုက်သည်။ ဓာတ်ပုံနှင့် ပူးတွဲလျက် “မင်္ဂလာဒုံမှ”အမည်ရှိ စပ်ဆိုရေးသား ပေးပို့လိုက်သော ကဗျာကလေးတစ်ပုဒ်သည် ယုမိစံ ယခု အသက်အရွယ်အထိ အသည်းစွဲအောင် အလွတ်ရတုန်းပင် ရှိသည်။

ယုမိစံသည် ဖခင် ရေးစပ်ပေးသော ကဗျာကို စိတ်ထဲက ပြန်၍ ရွတ်ဆိုကြည့်သည်။ မသိမသာ ခါးကလေး ညွှတ်ကိုင်းလျက် ဖခင် နေထိုင် သွားခဲ့ဖူးသော အရပ်ဒေသကို အရိုအသေ ပြုလိုခြင်းကြောင့် မျက်လုံးကလေး များ မှိတ်လိုက်သည်။

ယုမိစံ၏ ရှည်လျား ကော့ပျံနေသော မျက်တောင်များသည် ဖောင်းမို့ နေသော မျက်ခွံများကို မိုးယှက်သွားကာ ငြိမ်သက်စွာ တိုင်တည်ဆုတောင်း လျက် ရှိသည်။

ယုမိစံ၏ဖခင် မေဂျာယူရှီးဒါးမှာ ကဗျာစာပေနှင့် ပန်းချီအနုပညာ ဘက်တွင် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဂျပန်ပြည် အိုစကာမြို့၌ ယုမိစံကို ဖွားမြင် ပြီးပြီးချင်း ဆေးရုံပေါ်၌ပင် ယုမိစံ၏မိခင် အသက်ပျောက် သွားရခြင်းကြောင့် မိတဆိုးဖြစ်သူ ယုမိစံကို အခါလည်အရွယ်တွင် ယုမိစံ၏ အဘိုး အဘွားများထံ၌ အပ်နှံခဲ့ကာ မြန်မာပြည်သို့ စစ်ထွက်လာရသူ ဖြစ်သည်။ ရောက်လေရာ အရပ်တိုင်းမှ သမီးကလေးကို တမ်းတလွမ်းဆွတ် မိတိုင်း ကဗျာစပ်ကာ အလွမ်းဖြေတတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။

မင်္ဂလာဒုံမှ ရိုက်ကူးပို့ဖူးသော မေဂျာယူရှီးဒါး၏ ဓာတ်ပုံမှာ ယုမိစံ၏ လက်ကိုင်အိတ်ထဲ၌ ပါရှိသည်။ အိတ်ထဲမှ ဓာတ်ပုံကို ထုတ်ယူ၍ ကြည့်ပြီး သံရုံးအရာရှိကို ထိုးပြလိုက်သည်။

“ကျွန်မ ၅နှစ်သမီးတုန်းက ကျွန်မအဖေ ဒီမင်္ဂလာဒုံ က ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့ ဓာတ်ပုံ"

သံရုံးအရာရှိသည် တအံ့တဩ ခေါင်းတညိတ်ညိတ်လုပ်၍ ဓာတ်ပုံကို ယူကြည့်သည်။ ဓာတ်ပုံမှာ နှစ်ပေါင်းများစွာကြာမြင့်၍ ဆေးရောင်များ မှိန်လျက် ရှိသည်။ ဟန်ပါပါ ဓားလွယ်ကိုချိတ်လျက် ဂျပန်စစ်ဝတ်စုံ အပြည့်ဖြင့် မလိုက်ဖက်လှအောင် သိမ်မွေ့နူးညံ့ထားသော အင်္ဂါရုပ်သည် ထင်ရှားပေါ်လွင်နေသည်။“အား... ခင်ဗျားအဖေက စစ်ဘက်က ပါလားနော်”

 “ဟုတ်ပါတယ်” ။

 “အခု ဂျပန်မှာပဲလား”

ယုမိစံ ဝမ်းနည်းရိပ် သမ်းနေသော မပြုံးတပြုံးလေး ပြုံး၍ “မရှိ ပါဘူး။ သေသွားပါပြီ” ဟု ပြောလိုက်သည်။

“မြန်မာပြည်မှာ သေတာလား”

 “မဟုတ်ပါဘူး၊ ဂျပန်မှာဘဲ သေပါတယ်”

သံရုံးအရာရှိသည် ဓာတ်ပုံကို ပြန်၍ စိုက်ကြည့်ပြီးမှ ယုမိစံအား ပြန်ပေးလိုက်သည်။

ယုမိစံသည် ဓာတ်ပုံကို အိတ်ထဲသို့ ပြန်၍မထည့်မီ သူ့ဖခင် နေထိုင် သွားသော အရပ်သို့ သူ ရောက်လာပြီဖြစ်ကြောင်းကို တိုင်တည်သော အကြည့်တစ်မျိုးဖြင့် စိုက်၍ကြည့်ပြီးမှ ပြန်ထည့်ထားလိုက်သည်။

အနောက်ဘက်ကောင်းကင်မှ ဝါရွှေသော နေခြည်တို့သည် မင်္ဂလာဒုံ လမ်းမပေါ်သို့ ပြေလျော ကျဆင်းနေသည်။

ကုန်းမြင့်ပေါ်၌ သစ်ပင်များ အုံ့ဆိုင်းနေသော ရွှေတဝင်းဝင်းဖြင့် ကျိုက်ကလို့ စေတီတော်ကို ရှေ့မှ တွေ့မြင်ရသည်။ ကျိုက်ကလို့တည်ရာ ကုန်းမြင့်သည် ဆိတ်ငြိမ်လျက် လွမ်းဆွတ်ဖွယ်ကောင်းသော ရှုခင်းဖြစ်သည်။ ယုမိစံသည် စကားမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာရင်း ဆန်းကြယ်သော သူ့ဘဝ အကြောင်းကို တွေးကြည့်မိသည်။

မြန်မာပြည်၌ ရှိနေသော သူ့သွေးက သူ့ကို ဒီနေ့ဒီရက် အရောက် လာဖို့ရန် ခေါ်နေ၊ စောင့်နေသကဲ့သို့ပင် သူ့စိတ်၌ ထင်မိသည်။ မြန်မာပြည်ကို ရောက်လာရလို့မှ သူ့သွေးနှင့် သူ မတွေ့ရဘူးဆိုလျှင် ခံပြင်းစရာ အလွန်ကောင်းတော့မှာပဲဟု အောက်မေ့မိပြန်သည်။ မြန်မာပြည်၌ ရှိနေသည် ဆိုသော သူ့သွေးကို သူတွေ့အောင် ဘယ်ပုံဘယ်နည်း ရှာဖွေရပါမည်နည်း။

ယုမိစံသည် မြန်မာပြည်သို့ မရောက်ရောက်အောင် ကြိုးစား၍ လာခဲ့ ရလေသောကြောင့် သူ့အား စီမံမည့် ကံကြမ္မာကို တဝေ့ဝေ့ တွေးရင်း၊ စဉ်းစားရင်း လိုက်ပါလာသည်။

သံရုံးအရာရှိသည် အဆောက်အအုံ တစ်ခုဘက်သို့ ကွေ့ချိုးမောင်း သွားကာ ကားကို ထိုးရပ်လိုက်သည်။

“ဒါ... ခင်ဗျား စာသင်ရမယ့် နိုင်ငံခြားဘာသာသင် သိပ္ပံကျောင်းပဲ။ အခုတော့ ကျောင်းပိတ်ထားသေးတယ်” ။

ယုမိစံသည် ကားပေါ်မှ ဆင်းသက်လိုက်သည်။ သူ စာပြရမည့် ကျောင်းကို အပြင်မှရပ်၍ ကြည့်သည်။ ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ် အေးချမ်းနေသည်။ စိမ်းမြသော မြက်ခင်းကို မျက်နှာစာပြုလျက် ရှည်လျားစွာ ဆောက်လုပ်ထားသော နှစ်ထပ်တိုက် အဆောက်အအုံ ဖြစ်သည်။

ဤကျောင်း အဆောက်အအုံထဲ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ တရုတ်၊ ရုရှနှင့် အင်္ဂလိပ်စာပေ ဘာသာစကားများ ပို့ချပေးခြင်းကြောင့် နိုင်ငံပေါင်းစုံ ယဉ်ကျေးမှုအမြုတေ ဗိမာန်သဖွယ် တင့်တယ်သော ဂုဏ်ကျက်သရေတို့ဖြင့် ပြည့်စုံနေသောကျောင်း ဖြစ်သည်။

ယုမိစံသည် ကျောင်းဝင်း အနေအထားနှင့်တကွ ကျောင်း အဆောက် အအုံ ပုံသဏ္ဌာန်ကို မြင်ရုံဖြင့် နှစ်သက်သွားသည်။ ထုထည် ကြီးမားစွာဖြင့် ရှေးကျသော ဧရာမ အဆောက်အအုံကြီးကို တွေ့ရလျှင် တစ်မျိုး ဖြစ်ဦးမည်။ ယခုသော် ကျောင်းအဆောက်အအုံမှာ သပ်ရပ်ခန့်ညားလှပလျက် ခေတ်ဆန် သည့် အသွင်လည်းပေါ်ကာ ငြိမ်းချမ်းသော ရိပ်သာ အဆောက်အအုံကဲ့သို့ စိတ်၌ ထင်မှတ် နှစ်ခြိုက်သွားခြင်း ဖြစ်သည်။

ဤသိပ္ပံကျောင်း၌ ဂျပန်စာပေ၊ ဂျပန်စကား သင်ကြားကြမည့် မြန်မာ ကျောင်းသူကျောင်းသားများကို ယခုပင် တွေ့ချင်မြင်ချင်စိတ်များ ပြင်းပြသွားသည်။

ယုမိစံသည် သံရုံးအရာရှိကို ရွှေတိဂုံစေတီတော်သို့ ယနေ့ပင်လိုက်ပို့ ပေးပါရန် ပြောလိုက်သည်။ မြန်မာပြည်ကို စိတ်ဝင်စားရသည့် ၁၅ နှစ်သမီး အရွယ်၌ ရွှေတိဂုံစေတီတော်၏ ပုံတော်ကားကို ရှေးဦးစွာ တွေ့မြင်ခဲ့ဖူးခြင်းကြောင့် မြန်မာပြည်သို့ သူရောက်သည့်နေ့၌ပင် ရွှေတိဂုံစေတီတော် သို့ သွားရန် အားခဲလာခဲ့သည်။ သံရုံးအရာရှိက တစ်ဆက်တည်း ခေါ်ဆောင် သွား၍ ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်ပေါ်သို့ ရောက်သွားသည်။

စေတီတော် ရင်ပြင်၌ ဘုရားဖူးများ ထူထပ် စည်ကားနေသည်။ ပြာလဲ့လဲ့ကောင်းကင်ကို နောက်ခံထားလျက် ရွှေတိဂုံစေတီတော်ကြီးကို ထက်ကောင်းကင် အလယ်၌ မားမားကြီး ဖူးတွေ့ရသည်မှာ မည်မျှ ကြည်ညို ဖွယ်ရာ ကောင်းကြောင်းကို ယုမိစံ သိရလေပြီ။ ရွှေတွေပုံ၍ ထပ်ထားသော ရွှေတောင်ကြီးအသွင်၊ လွန်စွာမှ သပ္ပာယ်တင့်တယ်ခြင်းရှိသဖြင့် စကားမပြော နိုင်လောက်အောင် ကြက်သေသေကာ ငြိမ်သက်ရှုမော ဖူးမြှော်မိသည်။

- “ယုမိစံကို ခေါ်ယူသော ရွှေတိဂုံစေတီတော်ဘုရား၊ ယုမိစံ ယနေ့ ရောက်လာပါပြီ၊ ကန်တော့ပါပြီ၊ ယုမိစံ အလိုဆန္ဒအားလုံး အောင်မြင်ရန် ဆက်လက် စောင့်ရှောက် ကူညီပါဘုရား”

ယုမိစံသည် ငြိမ်သက်စွာရပ်နေရာမှ သူ့ခေါင်းထဲ၌ ဖြစ်ပေါ်လာသော ထိုဆုတောင်းကို မြန်မာစကားလုံးဖြင့် စီကာစဉ်ကာ စိတ်ဖြင့် ရွတ်ဆိုကြည့် သည်။ မြန်မာပြည်သို့ သူ ရောက်လာသောနေ့၌ ရွှေတိဂုံစေတီတော်ကြီး ကို လက်ယှက်မိုး၍ ပထမဦးဆုံး မြန်မာစကားဖြင့် လေ့ကျင့်ရှိခိုး ဆုတောင်း ကြည့်ခြင်းလည်း ဖြစ်သည်။

စေတီရင်ပြင်တော်ကို တစ်ပတ်ပတ်၍ ကြည့်ကြသည်။ မြန်မာတို့၏ အနုပညာ ပန်းပုလက်ရာတို့သည် ယုမိစံ အံ့ဩ၍ မကုန်နိုင်အောင် ကြည့် စရာ၊ ရှုစရာများ တစ်ကုန်းတော်လုံး ပြည့်နှက်နေတော့သည်။ ပန်းပုလက်ရာ တို့ကို ပြောင်မြောက်လှပါဘိဟု အထူးနှစ်သက်မိသည်။ မြင်မြင်သရွေ့ မြန်မာ့အနု ပန်းပုလက်ရာများကို လျှောက်ကြည့်လေသည်။ ကြွကြွရွရွ ရှိလှသော ကနုတ်ပန်း ရုပ်လုံးကြွများကို လည်းကောင်း၊ စုလစ်မွမ်းချွန်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)