ချစ်ဦးညို - ရှင်စောပု
(၁)
လွှ တ် ဦးသဘင် ၊စံ ညာခွင် က ၊ပလ္လင်ပြောင် ရွှန်း၊ မြူရိပ်စန်းထက်၊ တစ်သန်းနေနှင့်၊ လနှယ် မှန်ကင်း၊မြတ်ရှင် ရင်း၊ညင်းညင်းပျပျ၊ယုယ ခွေညောင်း၊ ညွတ်ညွတ် ပျောင်းမျှ၊ ယုံကြောင်း ယုံဖွယ်၊ အသွယ်သွယ်ကို ၊ နားဝယ်မြမြ၊ ဆိုမော လှလျက် ... ။
တင်းတိမ်ခန်းဆီးစသည် လေပြည်တစ်ချက်အသုတ်တွင် လှိုင်းနှယ် တွန့်ရွန့်လှုပ်ရှားသွား၏။ ။
ပြတင်းပေါက်မှ ဟိုးအဝေးတွင် ဝင်းမွတ်စင် ကောင်းကင်ကို တစ်မျှော်တစ်ခေါ်တွေ့ရသည်။တိမ်တိုက်တိမ်လွှာတို့ ကင်းသောကြည်လင် သည့် ကောင်းကင်ပြာ၊ နေရောင်ခြည်ကောင်းစွာ တောက်ပသောအဇဋာ။ သပ္ပာယ်လှစွာ မိုးမိုးမားမား တည်နေသည်ကား တိဂုံဆံတော်ရှင် စေတီတော် ဖြစ်သည်။ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် ရွှေတောင်ကြီး ထပ်ဆင့်ပေါက် နေသည်။ ထီးတော်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်သည် မိုးယံသို့ ထိုးစွင့်ကာ အနာဒိ အနန္တစကြဝဠာမှတစ်ဆင့် အလုံးစုံကို သိတော်မူ ခြင်းတည်းဟူသော သဗ္ဗညုတဉာဏ်တော်ကို ကိုယ်စားပြုနေ၏။
သိင်္ဂုတ္တရကုန်းတော်နှင့် တိဂုံဆံတော်ရှင် စေတီတော်ကြီး။
တင်းတိမ်ခန်းဆီးစ ဖြူလွလွ တပ်ဆင်ထားသည့် ပြတင်းပေါက် ( အနီးတွင် သလွန်ညောင်စောင်းတစ်ခု ခင်းထားသည်။ ညောင်စောင်းပေါ် တွင်လည်း ခေါင်းအုံး၊ မှီအုံးမွေ့ရာနှင့် ကမ္ဗလာဖုံတို့ ကို စေ့စပ် ခင်းကျင်းစီမံထားသည်။ ထိုအိပ်ရာထက်တွင် လဲလျောင်းနေသူသည်“ထိုတံတိုင်း၌ အုန်းပင်အပြည့် စိုက်လျက် အရိပ်အာဝါသကို ဖြစ်စေခဲ့ပါပြီဘုရား၊ တံတိုင်းအပြင် မြေ၌လည်း အပြေအပြစ် ညီညာပြန့်ပြူး ခင်းဖို့ခဲ့ပါပြီဘုရား”
ပစ္စယာပေါ်မှ ရွှေချထားသော ကျောက်ထီးများ၊ ကျောက်ဆီမီးအိမ် များကိုလည်း၊ ဘုရားကြီးအာရုံ၌ တစ်ခုချင်း ပြတ်ပြတ်ထင်ထင် မြင်သည်။
“သာသနိက အဆောက်အအုံ၊ ထိုကုသိုလ်ကောင်းမှု အစုစုတို့တွင် ဘုရားတပည့်တော်မ ရှင်စောပုသည် မိမိကိုယ်တိုင်၏ လက်တို့ဖြင့် သယ်လျက်၊ ဦးခေါင်းဖြင့်ရွက်လျက်၊ ထို့အတူ တိုင်းသားပြည်သူတို့သည် လည်း သူတို့၏ လက်များ၊ ဦးခေါင်းများဖြင့် သယ်ပိုးရွက်ထမ်းလျက်၊ ပူဇော်သမှု၊ ဒါနပြုခဲ့ကြပါသည်ဘုရား၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော် အနန္တတို့ကို ရည်စူးပူဇော်လျက်၊ ထိုသို့ ပြုခဲ့ကြရသော၊ ကောင်းမှုကုသိုလ်အဖို့ကြောင့် ...”
ဆုတောင်းဆုပန်စကားကို ဆိုရတော့မည်၊ အာရုံထဲတွင် အသံမဲ့ လျှောက်ထားတိုင်တည်နေသော စကားလုံးတို့ တန့်ရပ်သွား၏။
ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု၊ ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု၊ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု ... အစရှိကုန်သော ဆု တောင်းဆုပန် စကားတို့ သည် အလိုအလျောက် ပင် အာရုံထဲသို့ ရောက်ရှိလာကြသည်။ သို့သော်
အာသဝေါတရားတို့ ကင်းကုန် ရာ၊ ဗောဓိဉာဏ်ကို ရရှိရာ၊ နိဗ္ဗာန်အမတသို့ ဆိုက်ရောက်ရာ၊ ထိုသို့သော အန္တမ ခရီးဆုံး၊ သံသရာမှ ကျွတ်လွတ်မှု အဆုံးသို့ မရောက်မီ ကာလ၊ အကြားအကြားသော ဘဝတို့ ရှိနေပေဦးမည်။ ခန္ဓာနှင့် နာမ်ရုပ်တို့ ဖြစ်ပေါ်ကြဦးမည်။ ထိုသံသရာ ဘဝတစ်လျှောက်မှ မကင်းပြတ် မကုန်ခန်းနိုင်သေးသရွေ့ ဘဝတာတို့ကို ဖြတ်သန်းကျော်လွှားရာတွင် ...
မည်သို့သော ဘဝမျိုးကို ရပါလို၏ ... ဟု ဆုတောင်းရမည်နည်း။
အသက်ရှည်သော၊ အဆင်းလှသော၊ ဥစ္စာချမ်းသာသော၊ ခွန်အား ပြည့်သော၊ အမျိုးမြတ်သော ...
ဤဆုများကို ဘုရင်မကြီး ထည့်သွင်း မစဉ်းစားချင်။
ချမ်းသာအစစ်မဟုတ်လေသော၊ ထို အသက်၊ အဆင်း၊ ဥစ္စာ၊ ခွန်အား၊ အမျိုးဇာတ်တို့၏ ပြည့်စုံတင့်တယ်ခြင်း၊ ဟိုမှာဘက်အစွန်းတွင် ကြောက်စရာကောင်းသော အကျိုးရလဒ်များကို တနင့်တပိုး ခံစားပြီးခဲ့ပြီ။လေးပါးသော လောကဓံတရားနှင့် အခြားလေးပါးသော လောကဓံ တရားလှိုင်းတံပိုးတို့ အလယ်တွင်၊ မြှုပ်ချည်ပေါ်ချည်၊ နစ်ချည်မွန်းချည်၊ စုန်ချည်ဆန်ချည်၊ သက်စွန့်ဆံဖျား ကူးခပ်ခဲ့ပြီး၊ လှိုင်းလုံး၏ ကိုင်မြှောက် ပစ်လွှင့်ခြင်းကြောင့် အဝေးသို့လည်း လွင့်စဉ်ဖူးပြီ။ ဝဲကတော့၏ စုပ်ယူခြင်းကြောင့် နက်စွာသော အခြေထိလည်း စုန်းစုန်းမြုပ်ခဲ့ရဖူးပြီ။ အခါအခွင့်သင့်သော ရာသီဥတု၏ မျက်နှာသာပေးမှုဖြင့် ပြန့်ပြူးသာယာ သော ကမ်းထက်တွင်လည်း မှေးစက်ခိုနားခဲ့ဖူးပြီ။
နှလုံးသည်းပွတ်ကား၊ ဒဏ်ရာဒဏ်ချက်များဖြင့် မြင်မကောင်း။
ထိုနှလုံးသည်းပွတ်ကို သယ်ပိုးပွေ့ဖက်ထားရင်းဖြင့်ပင် ဇရာက အလံစိုက်လာ၏။ ဗျာဓိက တံခွန်လွှင့်လာ၏။ အရဏကား မဝေးလှတော့ပြီ။
သေဆုံးရမည်ကိုကား၊ ဘုရင်မကြီး စိုးစဉ်းမျှ မထိတ်လန့်။
သေဆုံးဖို့ အသင့်ပြင်ထားပြီးပြီ။ သံသရာခရီးအတွက် ရိက္ခာ၊ လှေနာဝါ အထုပ်အပိုးတို့ အသင့်စီမံထားပြီးပြီ။ ခရီးသည်ကပင် ခရီးကို ပြန်၍ စိန်ခေါ်နေနိုင်ပြီ။ ။
အစုစု သော ဒါနကု သို လ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် တို့ဖြင့် မိမိ၏ ကံကို ဖြည့်တင်း အားကောင်းစေခဲ့ပြီးပြီ ဖြစ်၏။
ထိုကုသိုလ်ကံ အစုစုတို့ကို၊ သစ္စာဆို တိုင်တည်လျက်၊ ဆုတောင်း ဆုပန်ပြုတော့မည် ... မည်သည့် ဆုတောင်းဆုပန်မျိုးနည်း။
နိဗ္ဗာန်ဆုကိုကား မလွှဲမသွေ အာရုံညွှတ်ပြီး ဖြစ်၏။ သို့သော် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် မဆိုက်သေးသော၊ မိမိသန္တာန်ကို မိမိအသိဆုံး။ ခန္တာအသစ်နှင့် ရုပ်နာမ်အသစ်တို့ကို ရရှိပိုင်ဆိုင်ရဦးမည် ဖြစ်သည်။ ပြုခဲ့သမျှသော ကံတို့သည် ထိုခန္တာအသစ်၊ ရုပ်နာမ်အသစ်တို့၌ အစဉ်တစိုက် ဂုဏ်သတ္တိပြလျက် လိုက်ပါလာကြဦးမည်ဖြစ်သည်။
မည်သည်ကို ဆုတောင်းဆုပန်ရမည်နည်း။
ဖြစ်လေရာ ဘဝဘဝတိုင်းတွင် ...
ဆုတွေတသီကြီး အာရုံထဲပေါ်လာ၏။ ကိုယ်တိုင်တောင်းခဲ့သည် များ၊ တစ်ပါးသူတို့ တောင်းကြသည်များ၊ ကျမ်းဂန်တို့၌ တွေ့ရသည်များ၊ သမက်တော်ဓမ္မစေတီမင်း ပြောခဲ့သည်များ •••
ထိုဆု အမျိုးအစားများအားလုံး တစ်ခုခုသော်မျှ အာရုံ၌ မစွဲကပ်။ အာလယမဖြစ်။ ဆန္ဒမပေါ်။
ထိုစဉ် တိုးဖွသော ခြေသံတစ်သံ၊ နန်းမဆောင်၏ တံခါးမှ ပေါ်လာ၏။ ခြေသံကို လုံခြုံအောင် ထိန်းသိမ်းလျက် ဝင်ရောက်လာသူကား ဘုရင်မကြီး၏ သမီးတော် နဲတကာသင်။ ဓမ္မစေတီမင်း၏ မိဖုရား။
မိဖုရားသည် မယ်တော်၏ ညောင်စောင်းအနီး အသာအယာ ဝင်ထိုင်လျက် ဒူးထောက်သည်။ ညောင်စောင်းပေါ်မှ မယ်တော်ကြီးကို အရိပ်အခြည် လှမ်းကြည့်သည်။ မိမိရောက်ရှိလာကြောင်း မယ်တော်ကြီး သိသည်။ သို့သော် မိမိအား နှုတ်ဆက်စကားလည်း မဆို။ ငဲ့စောင်း၍လည်း မကြည့်။ ပြတင်းမှ တစ်ဆင့်၊ အဝေးရှိ တိဂုံဆံတော်ရှင်ဆီသို့သာ ငေးမော ဖူးမြော်နေသည်ကို တွေ့လိုက်၏။
ရီဝေမွဲသီသော မျက်လုံးများ အထက်အောက်ရှိ မျက်ခွံ မျက်ရစ် တို့သည် တွန့်လိပ်ပျော့ခွေလျက် ရှိနေကြပေပြီ။ သို့သော် မယ်တော်ကြီး၏ အမြဲတစေ စူးရှတောက်ပနေတတ်သော မျက်ဝန်းအိမ်များမှ နက်ရှိုင်းသော အကြည့်ကမူ ဇရာနှင့် ဗျာဓိကို မထီမဲ့မြင် ပြုနေကြဆဲပင်ရှိ၏။
ဤကား ဘုရင်မတစ်ပါး၏ မျက်လုံး။ ဤကား ရှင်စောပု၏ မျက်လုံး။
ဟံသာဝတီပြည့်ရှင် ဓမ္မစေတီဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီး ဟူသော အဖြစ်သည် သက်ကြီးရွယ်အို မိခင်ကြီး တစ်ဦးအနီးတွင် သမီး ဟူသောအဖြစ်သို့ ညင်သာစွာ ကူးပြောင်းသွားလေသည်။ ထိုအခိုက်ဝယ် ထိုသမီး၏ မျက်နှာပေါ်မှ မိဖုရားခေါင်ကြီးတို့ ၏ ရာဇမာန်တို့သည် အလုံးစုံ ကင်းပလျက်ရှိသည်။
ဘုရင်မကြီးကား သမီးကိုလည်းကောင်း၊ သမက်ကိုလည်းကောင်း၊ မှူးမတ် ရံရွေများကို လည်းကောင်း လျစ်လျူပြုလျက် သိင်္ဂုတ္တရကုန်းထက် သို့ သာ စူးစူးစိုက်စိုက် မျှော်ဖူးမြော်နေ၏။
မမြင်မကြားမသိနိုင်သော ရှေ့သံသရာဘဝ ဘဝအတွက် ဆုတောင်း ဆုပန် မပြုသာသေးသော ထို အချိန်၌ မြင်ခဲ့ကြားခဲ့ သိခဲ့ပြီးသော လက်ရှိဘဝ၏ အတိတ်ရုပ်ပုံလွှာများကမူ အစီအရီ ပေါ်လာဖို့ မှတ်ဉာဏ် တံခါးဝ၌ အလျှိုလျှို ထွက်ပြူလာကြသည်။
ဒဂုံ နေပြည်၏ ဤဒေသ၊ ဤနန်းဆောင် ဤလေသာပြတင်းဝ၊ ဤသလွန်ညောင်စောင်းထက်ဝယ် ဤသို့ဤနှယ် လဲလျောင်းနေသည့် အချိန်ကာလ မတိုင်မီ ဟိုမှာဘက်ဆီမှ အတိတ်ဖြစ်ရပ်တွေ ...
နေရောင်တောက်ပသော အပြာရောင်အဇဋာပြင်ကြီးသည် အတိတ် သို့ပြန်သွားသောအတွေးမြားတံ ဖြတ်သန်းသည့် ထုအပြင်ကြီးဖြစ်သွား၏။
အနှစ်နှစ် အလလက ရုပ်ပုံလွှာများသည် လတ်လတ်ဆတ်ဆတ် အသက်ဝင်လာကြသည်။ မမေ့ကောင်း မပျောက်ကောင်း ဖြစ်ရပ်များ။ နှလုံးသွေးနှင့်ရေးခဲ့သော ကမ္ဗည်းစာများ။ ပါဝင်ပတ်သက်သူများ၊ ဖြစ်ရပ်
တွေ၊ အရေးအခင်းတွေ၊ လူတွေ လူတွေ၊ ဘုရင်တွေ၊ မှူးမတ်တွေ၊ စစ်သူ ရဲတွေ၊ မိဖုရား၊ ကိုယ်လုပ်မောင်းမတွေ ... ။ ပြီးတော့ စစ်တေးကြွေးငြာ သံတွေ။
မတွန့်မဆုတ် ခံစားရင်း၊ တွေးတော သုံးသပ်လိုက် ရှင်စောပု ...
ဒီအတိတ်ခရီးရဲ့ အဆုံး၊ ပစ္စုပ္ပန်ကို ပြန်ရောက်လာချိန်မှာ သင် ဘယ်လိုဆုမျိုး တောင်းရမလဲဆိုတာ အလိုလိုပေါ်လာပါလိမ့်မယ် ...
ရင်ထဲမှ အသံတစ်သံကို ကြားလိုက်ရ၏။
အတိတ်သည် မည်းမှောင်၍ ကြောက်စရာကောင်းသော ချောက် ကမ်းပါး မဟုတ်တော့ပြီ။ တစ်လျှောက်လုံးဖြတ်သန်းခဲ့သော ဘဝရုပ်ပုံ ကားချပ်တွေကို ယခုအချိန်၊ ညောင်စောင်းထက်မှာ လဲလျောင်းရင်း တိဂုံဆံတော်ရှင်ဆီ မျက်နှာမူရင်း ပြန်လှန်သုံးသပ်ရသည်ကပင် နှစ်လိုဖွယ် ဖြစ်လာ၏။
အတိတ်က မိမိကို စုပ်ယူဝါးမျိုခြင်းမဟုတ်။
မိမိက အတိတ်ထဲသို့ ဝံ့စားစွာတိုးဝင်လိုက်ခြင်းဖြစ်သည်။
ဒါဟာ ရှင်စောပု ဆိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝရုပ်ပုံလွှာပဲလေ။