ချစ်ဦးညို - မူးမတ်များနှင့်တွေ့ဆုံခြင်း
အနန္တသူရိယနှင့်...
ကဗျာဆရာကြီး ဇော်ဂျီ၏ 'လောကနန္ဒာဆိပ်ကမ်းမှာ ကဗျာမှ အပိုဒ်တစ်ပိုဒ်သည် သူ့အလိုလို အသံထွက်နေတာလား၊ လေပြည် ထဲက လွင့်လာတာလား၊ မိမိကိုယ်တိုင် ရွတ်ဆိုနေမိခြင်းလား မသဲကွဲ။
လောကနန္ဒာဆိပ်ကမ်းကို လှပစွာ မြင်နေရသည်တော့ အမှန်ဖြစ်၏။
“လာသွားညာကြေ၊ ရွက်စုံလှေတို့
ရေစပ်မှာဆိုက်၊ ကြက်တောင်စိုက်တည့်
လိုက်ထိုက်ဆက်သွယ်၊ ကုန်ဖလှယ်သည်
ရယ်ကြမောကြ ပျော်လိုက်ကြ။
နန္ဒာလောက၊ တက်ဖူးကြ..”
ဒါ.. ပံ့သကူထေရ်ပါလား။ ဒါဆိုရင် မဟာထေရ်သည် နရပတိ မင်း၏ မချေမငံသော စကားကြောင့် ပုဂံမြေမှ ထွက်ခွာခန်း...ပေါ့။
“မင်း၏ဆရာ၊ မဟာထေရ
စာရိတ္တနှင့်၊ သီလပြည့်သူ
ပံ့သကူတည့်၊ သူမြတ်မိန့်ဟ
ဆုံးမပြတ်သား၊ ဆိုစကားကို
မင်းနားမနာ၊ မင်းခေါင်းမာ၏
ထိုခါမထေရ်၊ ပုဂံမြေ၌
မနေလိုပြီ၊ သီဟိုဠ်ဆီသို့
ကြွချီတော့မည်။ သို့ကြံစည်၍...”
မိမိသည် သိမ်းစွန်တစ်ကောင်နှယ် တောင်ပံဖြန့် လေဟုန် စီးလျက် လေစီးကြောင်း ခိုလှုံလျက် အောက်ဘက်သို့ တနိမ့်နိမ့်။
ထနောင်း၊ ကြောင်ခြစ်၊ ဆူးရစ်ပင်တို့ ဟိုတစ်ကွက် သည် တစ်ကွက် ကြဲပြန့်ပေါက်ရောက်သော ကုန်းကမူစပ်။ အရိမဒ္ဒနပူရ နှင့် ဝေးလံသော ကုန်းတစ်နေရာ။
ဟင်...ဒါ..ဒါ... သူသတ်ကုန်း။
“လာပါ လူကလေး.. မင်းလာမယ်ဆိုတာ သိလို့ ကျွန်ုပ် စောင့်နေပါတယ်”
သူသတ်ကုန်းဟု သိမြင်လိုက်သော နေရာသည် ဖြူဆွတ်
အလင်းတန်းတို့ တောက်ပသောနေရာ ဖြစ်သွား၏။ ထိုထောက်ပ အလင်းထဲမှ အသံ။
“လာပါ လူကလေး၊ ဒီနေရာမှာ ကျွန်ုပ် ရှိနေပါတယ်”
“အို..မင်းတရားကြီး အနန္တသူရိယ”
“ဟုတ်တယ်၊ လာခဲ့ပါ၊ ဒါ သူသတ်ကုန်း မဟုတ်တော့ပါ ဘူး၊ ယခင်က ဟုတ်ခဲ့ရင်လည်း အခု မဟုတ်တော့ပါဘူး”
“မင်းဘုရားကြီးဟာ အနန္တသူရိယ အမတ်ကြီး ဟုတ်ပါ တယ်နော်”
“ကဗျာတစ်ပုဒ်ရဲ့ အသံနဲ့အတူ မင်း လွင့်ဝဲလာပြီးနောက်မှာ မင်းဟာ အနန္တသူရိယ ရှေ့မှောက်ကို ရောက်လာခဲ့ပါပြီ။ ကဗျာထဲ က မင်းနှစ်ပါးအနက် ဒုတိယမင်းဟာ မင်းကို ဒီရောက်အောင် ပို့ ဆောင်ပေးတဲ့ အဟုန်ပဲ”
အသားညိုညို၊ ကျင်စွယ်နှုတ်ခမ်းမွေးစစ၊ သင်တိုင်းဝတ်လုံ အဖြူ၊ ဦးခေါင်းထက်တွင် မည်သည့်ပေါင်းဦးထုပ်ဦးရစ်ကိုမှ ဆင် မြန်းမထားဘဲ နက်မှောင်သော ဆံပင်များကို ပိရိစွာ ထုံးချည်၍ နောက်တွဲချထား၏။
သူကား 'မျက်ဖြေလင်္ကာဟု မိမိတို့ အသိများသော လင်္ကာ နှင့် ဆက်စပ် ပတ်သက်နေသူ အနန္တသူရိယ အမတ်ကြီးပါလား။ ဝမ်းသာမှုနှင့် နာကျင်ခြင်းတို့က တစ်လှည့်စီ ဖြစ်ထွန်း၏။ ထိုအခါ အမေးစကားသည် အဟုန်ဖြင့် နှုတ်မှ တိုးထွက်သွားလေသည်။
“သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း.. အစချီတဲ့ လင်္ကာကို မင်းဘုရားကြီး ဖွဲ့ဆိုခဲ့တာ အမှန်ပါပဲလား”
“ဘာဖြစ်လို့ ဒီမေးခွန်းကို မေးရသလဲ လူကလေး”
ဒီလိုပါ မင်းဘုရားကြီး၊ ကျွန်တော်တို့ အချို့ ပုဂ္ဂိုလ်များက ဒီလင်္ကာရဲ့ လေးလုံးစပ် ကာရန်ယူပုံနဲ့ အချို့ စကားလုံး ဝေါဟာရ များဟာ ပုဂံခေတ် စပ်ပုံစပ်နည်း၊ ပုဂံခေတ်သုံး ဝေါဟာရများ မဟုတ်ဘူး၊ ဒါကြောင့်...”
“ပြောပါ လူကလေး”
“သူတည်းတစ်ယောက် မျက်ဖြေလင်္ကာဟာ မင်းဘုရားကြီး စပ်ခဲ့တာ မဖြစ်နိုင်ဘူး၊ အဆင့်ဆင့် စကားနဲ့ ရွက်ဆိုကြရင်းကနေ ဒီလင်္ကာဖြစ်ပေါ်လာခဲ့တာလို့ ဆိုကြပါတယ်”
“အင်း...လူကလေးအနေနဲ့ကကောဘွဲ့”
မမျှော်လင့်သော တန်ပြန်မေးခွန်း ဖြစ်လေသည်။
“ကျွန်တော်ကတော့ ပညာရှင်များ၊ သုတေသီများ ကျိုး ကြောင်း ပြုပြီး ငြင်းခုံဆွေးနွေးကြတာကို စိတ်ဝင်တစား နားထောင် တဲ့သူမျှသာ ဖြစ်ပါတယ် မင်းဘုရားကြီး”
“ဟုတ်ပါပြီကွယ်၊ သို့သော် လူကလေးအနေနဲ့က ဒီလင်္ကာ နဲ့ ပတ်သက်ပြီး ဘယ်လိုများ ထပ်မံဝင်စားမှု ရှိပါသလဲ”
“ကျွန်တော်လား.. ဟုတ်ကဲ့ မင်းဘုရားကြီး၊ ကျွန်တော် ကတော့ ဒီလင်္ကာရဲ့ စပ်ထုံးနဲ့ ဝေါဟာရထက် ဒီလင်္ကာ ဖြစ်ပေါ် လာရပုံနဲ့ ဒီလင်္ကာရဲ့ အကျိုးဆက်များကို ပိုပြီး စိတ်ဝင်စားပါတယ်”
“သို့ဆိုရင် လူကလေး စိတ်ဝင်စားတဲ့ အရာကိုပဲ ဆက်ပြော ပါလား”
“ဟုတ်ကဲ့ မင်းဘုရားကြီး၊ ဒါဆိုရင် နရပတိမင်းအကြောင်း သိပါရစေ၊ သူဟာ ဘယ်သို့သော ဘုရင်ပါလဲ”
“နရပတိမင်း... အင်း... သူဟာ သူ့နောင်တော် ဘုရင်ရဲ့ လျှို့ဝှက် ကြံစည်မှုအပေါ် နာကြည်းခဲ့ရာကနေ အမျက်ဒေါသ အာဃာတဆိုတဲ့ အနာကွက်တွေ သူ့သန္တာန်မှာ ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာပြီး ရာဇအာဏာဆိုတာနဲ့ တွဲစပ်မိသွားတဲ့အခါမှာ အဆင်ခြင် အမြော်မြင် သတိသမ္ပဇဉ် ကင်းမဲ့သွားရှာတဲ့ သနားစရာ လူသားတစ်ယောက် ဖြစ်တယ်”
သနားစရာလူသား...၊ နရပတိမင်းကို သနားစရာလူသား လို့ မင်းဘုရားကြီး ဆိုပါသလား၊ သူဟာ သူ့ရဲ့ မိဖုရား ဝေဠုဝတီ ကို အကြောင်းပြုပြီး သူ့နောင်တော်၊ ပြီးတော့ သူ့ရဲ့ မြင်းခံငပြည့်၊ နောက် သူ့ရဲ့ ကျွန်ယုံ အောင်စွာငယ်တို့ကို ကွပ်မျက်ခဲ့သူပါ။ ပြီးတော့...ဟို...”
“ပြောပါ လူကလေး”
“သူ့နော်တော်ရဲ့ အထိန်းတော်သား ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြ စွပ်စွဲချက်နဲ့ မင်းဘုရားကြီးကိုပါ.. အဲ..စီရင်ခဲ့သူ မဟုတ်ပါလား”
“လူကလေး.. ဘာဖြစ်လို့ သူ့ကို လှုံ့ဆော်တဲ့ ဗဟိဒ္ဓဖြစ်ရပ် တွေအပေါ်မှာ ယိုးမယ်ဖွဲ့ပြီး နရပတိမင်းကို အမျက်ဖွဲ့နေရတာတုံး”
“ခင်ဗျာ...”
“သူ့ရဲ့ အဇ္ဇုတ္တထဲက အဝိဇ္ဇာ၊ မောဟ၊ တဏှာ၊ ဒေါသတို့ ကို ကြည့်ပြီး ဆင်ခြင်ပါတော့လား လူကလေး”
ဪ...အနန္တသူရိယအမတ်ကြီးသည် “ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို” ဟူသော လင်္ကာ စာသားများအတိုင်းပါလား။
“ဒါဆိုရင် တစ်ခု မေးပါရစေ မင်းဘုရားကြီး၊ သူ့မိဖုရား ဝေဠုဝတီကို သိမ်းပိုက်ဖို့ အကြံနဲ့ သူ့ကို သူပုန်မရှိတဲ့ ငဆောင်ချမ်း ဒေသဆီ လွှတ်တဲ့ မင်းယဉ်နရသိင်္ခရဲ့ အကြံအစည်ကို မင်းဘုရား ကြီး ကြိုသိခဲ့ပါသလား”
“မောဟ၊ ပြီးတော့ ကိလေသာ တဏှာနဲ့ ယှဉ်လာတဲ့အခါ ဘုရင်ဟာ သူ့မှူးမတ်များကို တိုင်ပင်ဖို့သတိမရပါဘူး လူကလေး၊ အထူးသဖြင့် မကောင်းသော အကြံအစည်ကို ကန့်ကွက်ငြင်းဆို ဆုံးမ ဖျောင်းဖျမယ့် မှူးမတ်မျိုးဆိုရင် မတိုင်ပင်တော့ပါဘူး”
“ဟင်...ဒါဖြင့်... မင်းဘုရားကြီး လုံးဝ မသိလိုက်ရတဲ့ ပြဿနာ တစ်ခုအတွက် မင်းဘုရားကြီးဟာ အဲ..ရာဇဒဏ်သင့်ခဲ့ ရတာပေါ့ "
“ကျွန်ုပ်ရဲ့ အရှင် မင်းယဉ်နရသိင်္ခ အလုပ်ကြံခံရပြီးတဲ့ နောက် နရပတိမင်းဟာ သူ့ရဲ့ ကျွန်ယုံ ငအောင်စွာကိုပါ ဆက်ပြီး ကွပ်မျက်ခဲ့တယ်။ ပထမဦးဆုံး မြင်းခံငပြည့်ပါနဲ့ဆိုရင် သူ့ဓားဟာ လူသုံးဦးရဲ့ သွေးများနဲ့ စွန်းခဲ့ပြီဖြစ်တယ်၊ စတုတ္ထမြောက်သွေးဟာ ကျွန်ုပ်ဆီကပဲ ဖြစ်တော့မယ်လို့ စဉ်းစားမိခဲ့ပါတယ်”
ဒါနဲ့များတောင် အလွတ်ရုန်းဖို့ မင်းဘုရားကြီး မကြိုးစား ခဲ့ဘူး”
“သူ့ဓားနဲ့ မသေလည်း ခန္ဓာရထားတဲ့ ကိုယ်ဟာ ဖောက် ပြန်ဖောက်လွဲ အဆုံးသတ်မှာပါ လူကလေး”
မိမိစကား အဆုံးမသတ်ခင်မှာပင် ဖျတ်ခနဲ တောက်ပလွန်း သော အလင်းတစ်ချက် ဖြစ်ထွန်းသွား၏။ ထိုအလင်းပျောက်သည့် နောက် မင်းဘုရားကြီးကိုလည်း မတွေ့ရတော့ပေ။
“လောကနန္ဒာ ဆိပ်ကမ်းမှာ ကဗျာသည် ထပ်မံမြည်ဟည်း လာပြန်သည်။
“မာနစကား၊ ဆိုမိမှားဟု
တရားကိုမြင်၊ ဆရာရှင်ကို
ခုပင် ပင့်ချေ၊ မင်းချင်းစေသည်
မထေရ်ပြန်ကြွ၊ မေတ္တာပါ။
နှိမ့်ချမာန၊ အေးမြမေတ္တာ
ပွင့်လင်းလာသည်၊ နန္ဒာလောက ဆိပ်ကမ်းမှ
ညီမြင်ခဲ့ရ၊ ဆိပ်ကမ်းလှ”။