ချစ်စံဝင်း - လယ်တီအင်းနံဘေးမှ ခြင်္သေ့မင်း ဟိန်းသံ
အခန်း ( ၁ )
သာသနာ့အာဇာနည် မြတ်လယ်တီ
လယ်တီဆရာတော်ကြီးသည် သာသနာ့အာဇာနည်ဆရာတော် ကြီးတစ်ပါး ဖြစ်တော်မူသည်။ မြန်မာသာသနာဝင်ကဏ္ဍတွင် လယ်တီ ဆရာတော်ကြီး၏ ကျေးဇူးတရားများသည် အလွန်မှ ကြီးမားလှ သည်။ သာသနာရေးဘက်တွင် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်ခဲ့ သည်သာမက စာပေရေးရာနှင့် အမျိုးသားရေးရာဘက်များတွင်လည်း ထူးထူးခြားခြား စွမ်းဆောင်တော်မူခဲ့သော ဆရာတော်ကြီးဖြစ်သည်။
မြန်မာနိုင်ငံသည် ပုဂံခေတ်မှ စတင်၍ယနေ့ကာလတိုင်စစ်မှန် သော ထေရာဝါဒ သာသနာတော်ကြီး ထွန်းကားစည်ပင်ရာ နိုင်ငံဖြစ် သည်။ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု စသည်တို့သည် ဗုဒ္ဓ သာသနာတော်နှင့် ခွဲခြားမရဘဲ မြန်မာ့သမိုင်းသည် ဗုဒ္ဓအဆုံးအမခံ သမိုင်းဖြစ်သလို မြန်မာယဉ်ကျေးမှုသည်လည်း ဗုဒ္ဓအဆုံးအမ အဆို အမိန့်တို့ကို ဦးထိပ်ထား၍ ထွန်းကားတည်ရှိခဲ့သော ယဉ်ကျေးမှု ဖြစ်သည်။ မြန်မာနိုင်ငံသည် သာသနာတော် သုံးရပ်စလုံး မြင့်မားစွာ တည်ရှိနေသည့် နိုင်ငံဖြစ်သည်။ဆရာတော် ကြီးများ ပေါ်ထွန်းရာ နိုင်ငံဖြစ်သည်။ ထိုကဲ့သို့ စွယ်စုံပြောင်မြောက်၊ ထွန်းပေါက်ခဲ့သော ဆရာတော်ကြီးများအနက် မဟာလယ်တီဆရာ တော်ကြီးသည် ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံထူးချွန်ပြီး သာသနာ့အလံ တော်ကို မြင့်မြင့်မားမား စိုက်ထူတော်မူခဲ့သည့် သာသနာ့ကျက်သရေ ဆောင် ဆရာတော်ကြီးတစ်ပါး ဖြစ်ပေသည်။ လယ်တီဆရာတော်ကြီးသည် မိမိဘဝတစ်သက်တာကာလပတ် လုံး စာပို့ချခြင်း၊ဒီပနီကျမ်းစာများရေးသားခြင်း၊ ကိုယ်တိုင် ကမ္မဌာန်း အားထုတ်တရားရှာဖွေခြင်း ၊ တရားဓမ္မဟောကြားခြင်း အလုပ်တို့ကို မနားမနေ လုပ်ဆောင်ခဲ့သည့် ဆရာတော်ကြီးဖြစ်သလိုမြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး တရားဟောကြား သာသနာပြုသော ဆရာတော်ကြီးလည်း ဖြစ်သည်။ ထို့ပြင် ပရမတ္တ သံခိပ်အသင်းများကို ထူထောင်၍ ဝတ်ရွတ်စေခြင်း၊ နွားသားမစားရန် ဟောပြောမေတ္တာရပ်ခံခြင်း ၊ ပလိပ်ရောဂါဖြစ်ပွားသောအခါများနှင့် မိုးခေါင်မိုးနည်းသော အခါများတွင် ပရိတ်တရားတော်များကို ရွတ်ဆို အကာအကွယ်ပေး၍ မိုးကြီးပေါက္ခရဝဿာရွာသွန်းအောင် ဆောင် ရွက်တော်မူခဲ့သည့် ဆရာတော်ကြီးဖြစ်သည်။ ထို့ကြောင့်လယ်တီ ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏လောကချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်ဖြာတရားတို့ အမြဲတိုးပွားအောင် အစဉ် ဆောင်ရွက်တော်မူခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။လယ်တီဆရာတော်ကြီးသည် မျိုးချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်၍ မြန်မာများ ကြီးပွားချမ်းသာစေလိုသောစိတ်၊ မြန်မာလူမျိုးများ မနိမ့်ကျ စေလိုသောဝါဒ၊ မြန်မာများ ရှေ့တန်းရောက်စေသောဆန္ဒ ကြီးမားသော ဆရာတော်ကြီး ဖြစ်သည်။
ပရမတ္တဒီပနီကို ရေးသားရာတွင်အဘိဓမ္မာအရာ၌သီဟိုဠ်ထက် မြန်မာက ပိုတော်ကြောင်း လက်ခမောင်းခတ်ပြလိုသည့်အတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ပရမတ္တဒီပနီကျမ်းသည် တကယ်ပင် သီဟိုဠ်သားတို့ လန့်ဖျပ်သွားရလောက်အောင် အဆင့်အတန်းမြင့် သည်။ ပထမကမ္ဘာစစ်၌ မက်ဆိုပိုတေးနီးယား စစ်မျက်နှာပြင်သို့ မြန်မာစစ်သားများ သွားရောက်ရေးကို လယ်တီဆရာတော်ကြီးက အားပေးခဲ့ခြင်းသည် မြန်မာ့သွေးကို အင်္ဂလိပ်တို့ အပေါ် ပြလိုသော အချက်ပါဝင်၏။ ပထမကမ္ဘာစစ်ကိုသွားရောက်မည့် မြန်မာစစ်သား များအတွက် လယ်တီဆရာတော်က လက်ဖွဲ့များကို စီရင်ပေးအပ်၏။
လယ်တီဆရာတော်ကြီးသည် လန်ဒန်မြို့ရှိ ဂရိတ်ဘရိတ်တန် အိုင်ယာလန် ဗုဒ္ဓသာသနာပြုအသင်းကြီး နှင့် “လန်ဒန် ပါဠိစာပေ အသင်း” တို့၏ မေးမြန်းလျှောက်ထားချက်များကို မဆိုင်းမတွေ မထစ်မငေါဘဲ
ယုံကြည်အားထားရလောက်အောင် ဖြေဆိုတော်မူခဲ့သည် သာမက အနောက်နိုင်ငံများ၌ ဗုဒ္ဓသာသနာ ထွန်းလင်းစေရန် နိုင်ငံ ခြားသာသနာပြု အသင်းကြီးကိုလည်း ကိုယ်တိုင်ကြီးကြပ် ကြီးမှုး ဖွဲ့စည်းတည်ထောင်ခဲ့သည်။ - နိုင်ငံခြားသာသနာပြုအသင်းကြီး တည်ထောင်သည့်ရည်ရွယ်ချက် သည် ကမ္ဘာ၌ မြန်မာရယ်ဟူ၍ ပြသရန်၊ အင်္ဂလိပ်တွေထက် မြန်မာတို့မညံ့ကြောင်း ပြသလိုသည့် အတွက်အသင်းကြီးကို တည်ထောင်ခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအတွက် ဂုဏ်ကျေးဇူးကြီးမား လှသည့် လယ်တီဆရာတော်ကြီးသည် “ဂန္တ ဝိဒူပါရဂူ” ဟု တစ်ဆူ တည်းပေါက်၊ တစ်ယောက်တည်းထူး၊ တစ်ဦးတည်းပေါ်၊ ကျော်သည် ထက်ကျော်၊ ငါသော်တမူ၊ တလူလူကို၊ နိဗ္ဗူလောင်မြို့၊ ဆောင်မပို့က၊ ငါသို့ဘယ်သူ၊ တာဝန်ယူလိမ့်ဟုဆိုကာ ကြီးစွာသောစေတနာတော် ကို ထားရှိ၍ ဒီပနီကျမ်း အဆူဆူကို ရေးသားတော်မူသည်။
လယ်တီဆရာတော်ကြီးသည် သုံးဖြာပိဋကတ်ကို တတ်ရာက ချွန်၊ ချွန်ရာက ပို၊ ပိုရာက မောက်၊ မောက်ရာက လွန်၊ လွန်ရာက ကဲ၊ လိုသည်မရှိ၊ သမာဓိဖြင့်၊ အဘိဓမ္မ၊ ဒေသနာကို၊ မြန်မာခရိုင်၊ တစ်နိုင်ငံလုံး၊ သိမ့်သိမ့်ကျုံးမျှ၊ နှလုံးမွေ့လျော်၊ လှည့်လည်ပျော်လျက်၊ ပင်ပန်းမှုကို ဂရုမထား၊ ကိုယ်တိုင်အားထုတ် ဟောကြားတော်မူခဲ့သော ဆရာတော်ကြီးလည်း ဖြစ်တော်မူသည်။ ။
လယ်တီဆရာတော်ကြီးသည် “လူသာမန်တို့ ပြုရန်ခက်ခဲသော တောတောင်ထွက်လျက်၊ နေ့ရက်ရှည်ကြာ၊ ဘာဝနာစခန်း၌ လက်တွေ့ တရားရှာဖွေသောလုပ်ငန်းကို ရွှင်လန်းအားခဲ ဇွဲနဘဲနှင့် ရိုးရေခန်းခြောက်လောက်အောင် အားထုတ်လုပ်ဆောင်ခဲ့သည့် ဆရာ
တော်ကြီးလည်း ဖြစ်သည်။ မြတ်ဗုဒ္ဓဒေသနာတော်ကို ယုံမှားသံသယ ဒွိဟမဖြစ်စေရအောင် စိစစ်ဆုံးဖြတ် ဟောကြားပေးရုံသာမက ဗုဒ္ဓ သာသနာတော် ကိုကမ္ဘာကသိအောင် ဖြန့်ကြက်ပွားစည်တော်မူသည့် သာသနာ့အာဇာနည် ဆရာတော်ကြီးလည်း ဖြစ်သောကြောင့် ပန်းမျိုးတစ်ရာစာပေမှလယ်တီ အင်းနံဘေးက ခြင်္သေ့မင်း ဟိန်းသံ”စာအုပ် ကို ပြုစုရေးသား၍ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ ဖတ်ရှု ကုသိုလ်ပွားနိုင်ရန် ဖြန့်ချိထုတ်ဝေရပါသည်။ ဆရာတော်ကြီး၏
ထေရုပ္ပတ္တိကထာကို မရေးသားမီလယ်တီဆရာတော်ကြီး၏ သုံးလူ့ ရှင်ပင် ကျွန့်ထိပ်တင် ဘုရားရှိခိုးဖြင့် မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပူဇော်အပ်ပါသည်။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတု နဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။ ။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်ခြောက်ဆယ့်ရှစ် ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊
သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေကြွေလျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ နိဗ္ဗူစံပြီး၊ ရှူမအီသာ၊ သိဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့တွင်၊ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ မွေ့တော်ရှစ်စိတ် ကြွင်းတယ်ကို။ အခန်း (၂) ဇာတိဒီပဲရင်း သာဘိခြင်း သာသနာ့အာဇာနည် ဧကန်စင်စစ်ဖြစ်တော်မူသည့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ရွှေချက်သိုရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ ဖြစ်သည်။ ဒီပဲရင်းမြို့သည် သဖန်းဆိပ် ရေလှောင်တမံ၏ ကင်းတပ် လက်ဝဲတူးမြောင်းနှင့် ရေဦးတူးမြောင်းကို အမှီပြု၍ ရေသွင်းစိုက်ပျိုး သည့် ဆည်ရေသောက် မြို့နယ်တစ်မြို့နယ် ဖြစ်သည်။ စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ ငရုပ် သီးနှံစုံ စိုက်ပျိုးသည်။
ဒီပဲရင်းမြို့သည် မြန်မာ့သမိုင်းတွင် ထင်ရှားသော မြို့တစ်မြို့ ဖြစ်၏။ ဒီပဲရင်းသည် ပုဂံ၏ ရှေ့တန်းခံတပ်မြို့တစ်မြို့ဖြစ်ပြီး ပုဂံ ခေတ်က ထိပေသျှင်ဟု ခေါ်တွင်၏။ ပုဂံခေတ်က ရေးထိုးခဲ့သော သမထီးကျောက်စာတွင် ဒီပဲရင်းမည်သော အရပ်ရှိကြောင်း ရေးထိုး ပါရှိ၏။ မြို့သမိုင်းတွင် “ဒီပဲရင်းတည် စဘုံဘေးမ”ဟု မှတ်သား ထားပြီး သက္ကရာဇ် ၅၅၅ တွင် အလောင်းစည်သူမင်းကြီး တည် ထောင်တော်မူသည်ဟု အမှတ်အသားများ၌ဆို၏။ ယခင်က မြို့ဝန်နေထိုင်ရာ မြို့ဖြစ်ပြီး ကဝိလက္ခဏာသတ်ပုံကျမ်းတွင် “ဒီပဲရင်းဝယ်၊ ကိုသန်းပယ်၊ ထိုနယ်လေးမျက်နှာ”လို့ ရေးသားထားသည်။ တတိယ ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီး၊ အရှင်အဂ္ဂသမာဓိ၊ လယ်တီဆရာတော်ကြီး၊တောင်တန်းသာသနာပြု ဆရာတော် အရှင် ဥတ္တမသာရစသည် သာသနာ့အာဇာနည်ကြီးတွေ ပေါ်ထွန်းရာအရပ် ဖြစ်သကဲ့သို့ စစ်ရေးပါရဂူကြီးနှင့် တော်လှန်ရေးခေါင်ဆောင် ကြီးများ ပေါ်ထွန်းရာအရပ်လည်း ဖြစ်သည်။ ဒီပဲရင်းမင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံ၊ မြန်မာ့ဒဿနိက ပညာရှင် အယူတော်မင်္ဂလာဦးနိုးတို့သည်လည်း ဒီပဲရင်းနယ်သားများ ဖြစ်ကြသည်။ - ဒီပဲရင်းမြို့သည် မုံရွာ-ရေဦး မော်တော်ကားလမ်းမကြီးပေါ်၌ တည်ရှိပြီး မြောက်ဘက်တွင် ရေဦးမြို့နယ်၊ အရှေ့ဘက်တွင် ရွှေဘို မြို့နယ်၊ တောင်ဘက်တွင် အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ ရှိကြပြီး မြို့နယ်၏ အရှေ့ဘက်တွင် မူးမြစ်က ဖြတ်သန်းစီးဆင်း လျက်ရှိသည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ်စီးဆင်းလျက်ရှိသည်။ ဒီပဲရင်းသည် သာသနာ့အာဇာနည်ပုဂ္ဂိုလ်အကျော်အမော်များနှင့်
တောင်လှန်ရေးခေါင်းဆောင်ကြီးများ ထွက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အကောင်းဆုံးစိတ်ပုတီးနှင့် အကောင်းဆုံး မြန်မာ့ဓားများ ထွက်ရှိရာ အရပ်လည်း ဖြစ်သည်။ ဒီပဲရင်းမှ ထွက်ရှိသော ဓားသည် ကောင်းမွန် လွန်း၍“ဓား... ဒီပဲရင်း၊ ဆား... ဆားလင်း၊ ငါး... ငါးကြင်း”ဟု ဆိုရိုးရှိ၏။ ဓားကောင်းသန့်များ ထွက်ရှိရာ ဒီပဲရင်းမြို့သည်အင်းဝမှသည် ကုန်းဘောင်ခေတ်တိုင်အောင် နေပြည်တော်သို့ လက်နက် ကိရိယာထောက်ပံ့သည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ။
ဒီပဲရင်း စိတ်ပုတီးသည် အလွန်ခိုင်ခံ့ပြီး ပုတီးတစ်ကုံးကို တစ် သက်လို့ ဆိုရလောက်အောင် အနှစ် ၄ဝ မှ ၅ဝ ထိ စွဲကိုင်နိုင်သည်။
ဒီပဲရင်းမြို့နယ်သည် ရှေးဟောင်းကျောင်းကန်ဘုရား သိမ်၊ ဇရပ် စသည်တို့ဖြင့် သာယာသည့် မြို့နယ်တစ်မြို့ဖြစ်သည်။ မြို့လယ်၌ ရှိသော ရှေးဟောင်း ရွှေဇာလီဘုရားသည် ကြည်ညိုသဒ္ဓါပွားဖွယ် ဖြစ်သည်။ ထိုကဲ့သို့ထင်ရှားသာယာလှသော ဒီပဲရင်းမြို့နယ်၊ စိုင်ပြင် ကြီးရွာတွင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကို ဖွားမြင် တော်မူခဲ့သည်။