ခင်ဆွေဦး - ပျံသာပျံပါ ငှက်ရွှေဝါ
[၁]
လေအဟုန်မှာ... အတောင်လွှင့်လို့ ပျံလိုက်စမ်း။ လေဆန် ဖြစ် ရင်လည်း ဖြစ်ပါစေပေါ့..။ အတောင်နှစ်ဖက် ရှိသရွေ့.. ပျံနိုင်တဲ့ အားရှိသရွေ့ ပျံရမှာပဲ။ ငှက်တို့ တန်ဖိုးက ကောင်းကင်ယံ၊ လူတို့ တန်ခိုးက မီးပုံးပျံတဲ့... ခုခေတ်ဆို ဒုံးပျံပေါ့ဟယ်... ပြီးတော့... ငှက်တွေဟာ ပျံရင်း သေသတဲ့.. လူတွေဟာ ကြံရင်း သေသတဲ့ကွယ်။ ဘယ်လို ကြမ္မာမျိုးမဆို ရင်ဆိုင်ရမှာပဲ..။
[၂]
လူ့ဘဝတွင် ရေဆန်ကို ကူးနေရသလို ဖြစ်လာပြီ ဆိုလျှင်တော့ အမြဲမောပြီ... ဝေခင်က ဒီစကားမျိုးကို ပြောမိလေသည်။ စင်စစ် ကိုယ့် ကိုယ်ကိုယ့် အားတင်းခြင်းလည်း ဖြစ်သည်။
ဝေခင့် စကားများကို ကပျက်ကချော် လုပ်ချင်သော၊ လုပ်လေ့ လုပ်ထလည်းရှိသော “ဂျူဒို" က ပြုံးစစ မျက်နှာနှင့်...
“ဘာတဲ့ ဟေ့... ငှက်တွေက ပျံရင်း သေတယ်၊ လူတွေက ကြံရင်း သေတယ်... ဒါဖြင့် တို့ အဝေရာကြီးကတော့ ပုလင်းမော့ရင်း သေမှာ သေချာတယ်။ ဟိုကောင် ဘဲဥကတော့... ကောင်မလေးတွေ သန်းခေါင် စာရင်းကောက်ရင်း သေမှာ... ကိုပြဲကတော့ သီယိုဒိုလိုက်ထဲကနေ သိင်္ဂီကို ချောင်းကြည့်ရင်း သေမှာ... စိတ်ပုတီး ကတော့... တန်းစီတိုးရင်း လူသေမှာ ချီးပေကတော့... မခိုင်တဲ့ဝမ်း တရစပ်လျှောရင်း...”
“နေစမ်းပါ... တို့ စကားကောင်း ပြောနေတာကို..."
ဝေခင်က ဇလုံ ခွက်ယောက်၊ စာအုပ်စာတမ်းများ၊ Steel tape ခေါ် သတ္တုသံကြိုးများ ထည့်ထားသော ယိုးဒယားခြင်း အနီကို ဆွဲကိုင် လျက် လျှောက်လာရင်း “ဂျူဒို” ကို လှမ်း မာန်လိုက်လေသည်။
ဂျူဒိုက သီယိုဒိုလိုက် (Theodolite) ခေါ် ထောင့်တိုင်း ကိရိယာ မှန်ဘီလူးနှင့် ဆင်ဆင်တူသော အရာကို လက်တစ်ဖက်က ဆွဲလျှက် Tripot ခေါ် သုံးချောင်းထောက် ခုံကို ထမ်းကာ ဝေခင် အား လှမ်း ကြည့်ပြီး...
“ငါကလည်း... အကောင်းပြောနေတာပဲ”
ဂျူဒိုက ရှေ့မှ သွားနှင့်သော သူ့မိတ်ဆွေများ နောက်ကျောကို လှမ်းကြည့်ရင်း ပြောလိုက်လေသည်။
“ဘာ အကောင်းလဲ...”
“အကောင်းပေါ့... လူတွေ ကြံရင်း သေတယ်ဆို... နင်ကော သေ တော့ မလို့လား... မြေတိုင်းရင်း အမောဆို့ သေသွားတဲ့ မိန်းကလေးလို့ သတင်းစာထဲ ပါလာနေပါဦးမယ်... မလုပ်ပါနဲ့"
“ဟောဒီ ဂျူဒိုဟာ သိပ် အာချောင်တာပဲ...”
“တကယ်ပါ... မေမြို့လို နေရာမျိုးမှာ သေရတာ နည်းနည်း နောနော... ကုသိုလ်မှတ်လို့... ပန်းခွေတော့ သိပ်လှမှာပဲ၊ ပန်းတွေ ဒါလောက် ပေါတာ။ ပန်းမြို့တော်မှာ သေဆုံးသွားတဲ့ ဝေခင့် အလောင်း ကို အလွန်လှတဲ့ ပန်းခွေတွေနဲ့ ဖုံးအုပ်လိုက်ရရင်...”
“တို့ ခဲနဲ့ ကောက် ပေါက်လိုက်မယ်နော်...”
ဂျူဒိုက လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေသည်။ ဝေခင်က မောလွန်းသဖြင့် စိတ်တိုနေသည်။
မနေ့ကလည်း ခရီးပန်းခဲ့သည်။ ယနေ့ လျှောက်လာခဲ့ရသော ခရီး ကလည်း နည်းနည်းနောနော မဟုတ်။ ထို့ပြင် သစ်ပင်ဆူးချုံပင်တို့ကို ဖြတ်ကျော်လာခဲ့ရသဖြင့် ခြေထောက်များမှာ ရှပြီး ယားစပ်နေသည်။ ဝေခင်၏ ခြေမသည်လည်း ကျောက်တုံးအစ တစ်ခုကို ခလုတ်တိုက်မိ ထားသဖြင့် သွေးတွေ ထွက်ကာ တစိမ့်စိမ့် ယိုနေသည်။ လက်ကိုင်ပဝါနှင့် ဖုံးအုပ် စည်းနှောင်ထားသော်လည်း လက်ကိုင်ပဝါမှာ သွေးများနှင့် စိုနီ နေသည်။
ဂျူဒိုက သုံးချောင်းထောက် ခုံ ထမ်းလျက်ကပင် သူ့ရှေ့မှ Ranging pole ခေါ် တစ်နေရာမှ တစ်နေရာ မြင်သာရန် စိုက်ထောင်ရသော အဖြူအနက်နှင့် အနီသုံးရစ်စီ ခြားထားသည့် အတံရှည်ကြီးကို ထမ်း လျက် ခပ်သုတ်သုတ် လျှောက်သွားသော ကျောင်းသားနောက်ကို အမှီ လိုက်၍...
“ဟေ့-ချီးပေ..."
“ဟေ...”
“ဝေခင်က ပြောတယ်ကွ သိလား...”
“အင်း”
ချီးပေဟု အခေါ်ခံရသော ကျောင်းသားက သူ၏ ရှည်ကိုင်းသော အရပ်ကြီးကို ပို၍ ကိုင်းသယောင်ပြုကာ ပါးစပ် “ဟ” ရင်း.. ဟောဟဲ ဘောဟဲနှင့် မောနေလေသည်။
“ငှက်တွေက ပျံရင်း သေတယ်တဲ့... မင်းကော ဘာလုပ်ရင်း သေမလဲ”
ဂျူဒိုက သူ့ဝသီအတိုင်း ရွှတ်ပြက်ပြက်နှင့် ရယ်ရင်း မေးလိုက်လေသည်။
“ဟင်. ဟင်...”
ချီးပေက နားမလည်သလို ထပ် မေးလိုက်လေသည်။
“ ဒီကောင်... ငကြောင်... သိပ်ကြောင်တဲ့ကောင်...”
ဂျူဒိုက စိတ်မရှည်သလို မာန်နေသေးသည်။ သည်တော့ ချီးပေက မျက်ခုန်းတွန့်ကာ လက်ခါပြလျက်. ။
“မင်းတို့ကောင်တွေ ပြောတာ ဘာမှ မကြားရဘူးကွ... ပင်ပန်း လွန်းလို့ နားထဲက လေတွေ ထွက်နေတာ တဝုန်းဝုန်းဘဲ” ဟု လှမ်းအော် ပြောလိုက်လေသည်။ သူပြောမှပင် သတိရသည်။ ဝေခင့် နားထဲကလည်း လေတွေ ထွက်နေသည်။
ဝေခင့် မိတ်ဆွေမလေး ကြိုင်ကြိုင် ဆိုသူက..
“ကြိတ်လိုက်.. ကြိတ်လိုက်... စတုတ္ထနှစ်၊ မေမြို့ Camp ထွက်တဲ့ အရသာဆိုတာ ဒါပဲ..”
ညည်းညည်းညူညူ နှင့် ပြောနေသေးသည်။ ဂျူဒို က ချီးပေ ဘက် လှည့်ကာ...
“မေမြို့ စခန်းထွက်ရတာ ပျော်စရာ့ ပျော်စရာဆို ဟေ့... ချီးပေ..”
ခနဲ့နေသေးသည်။ မိန်းကလေးတွေရှေ့ ချီးပေဟု အခေါ်ခံရ သူက
“အေး... အရင်နှစ်တွေတုန်းက မင့်နှမ ပါတာကိုး.. ပျော်စရာကြီး ပေါ့.. ခု မင်းနှမလည်း မပါ - မင်းကြီးတော်လည်းမပါ” ဟု အငြိုးနှင့် ပြန်တွယ်သည်။
ဝေခင် နှင့် ကြိုင်ကြိုင် တို့က ရယ်မောကြလေသည်။ ဂျူဒိုက“စိတ်ပုတီးရေ ကယ်ပါဦး... ငါ့ကို ချီးပေ ချဲနေပီကွ...”
အတံရှည်ကြီး ထိပ်ဖျားတွင် အလံပြာ ချည်ကာ ကိုင်ထားသော ဖြူဖြူပိန်ပိန် ကျောင်းသားတစ်ယောက်အား လှမ်းတိုင်လေသည်။ စိတ် ပုတီးက ရယ်လျက်...
“မင်းတို့နှစ်ယောက် အမြဲ ကိုက်နေတာပဲ၊ မဆန်းပါဘူး..” ချီးပေ က ခွေးသံနှင့်တူအောင် လုပ်ပြနေသည်။
“စိတ်ပုတီးရဲ့ အပေါင်းအသင်းပဲ၊ ကိုက်တတ်ရမှာပေါ့.." ဟု လည်း ပြောသေးသည်။ ။
စိတ်ပုတီး က စ၍ “ချီးပေ... ချီးပေ... တောထဲမှာနေ.. အိပ်ရာ သင်ဖြူး ချေးတွေနဲ့ လူး...” ဟူသော ငယ်စဉ် ကလေးဘဝက သီချင်းလုပ် သီဆိုခဲ့သကဲ့သို့ ဆိုနေသည်ကို ဂျူဒိုက သံယောင်မှုလိုက်ဆိုသည်။ ဘဲဥ နှင့် ကိုပြ ကလည်း ဝင်ဆိုသည်။
“နင်တို့ကလည်း ဆရာတွေပါလို့ ဖရီး(Free) မရိုက်ရတော့ တစ်လမ်းလုံး နောက် နေတာပဲ... တော်တော် အာချောင်တဲ့ ဟာတွေ...”
ကြိုင်ကြိုင်က မနေနိုင်သဖြင့် ဝင်ပြောသည်။ ဖရီးရိုက် ဆိုသည်မှာ အတန်းပြေး သည် ဟူလို..။
ဝေခင်က...
“တော်ပါသေးရဲ့ ... ခုတော့ လူ ရှင်းလာလို့.. စောစောတုန်းက ကလေး... တစီစီ... ခွေး တစီစီနဲ့..”
ကိုယ့်အုပ်စုနှင့် ကိုယ်အဖွဲ့ အသီးသီးတို့သည် Ranging pole ခေါ် အတံတို့တွင် အလံအနီ-အစိမ်း၊ အပြာ-အဖြူ တပ်ဆင်ချည်နှောင် လျက် ဆရာများ ဦးဆောင်ကာ နံနက်စောစော အမှတ် (၄) ကျောင်းမှ ထွက်လာကတည်းက အိမ်တိုင်းလိုလိုမှ လူတွေက အထူးတဆန်း ထွက်ကြည့်လေသည်။ ကလေးတွေက ဆိုလျှင် ပြေး၍ ကျောင်းသား ကျောင်းသူ ရှေ့မှ ကြိုကြည့်နေကြသည်။
ဝေခင်တို့ကား လေ လွင့်သဖြင့် လန့်မသွားစေရန် ဦးထုပ်များကို ပြင် ဆောင်းကြသည်။ ထိုးထိုးထောင်ထောင် နှင့် တုတ်တံချောင်းတွေထိုင်သူ ကိုင်၊ သုံးချောင်းထောက် ခုံ ထရိုင်ဖို့ ကို ပခုံးပေါ်ထမ်းသူထမ်းနှင့် ဘယ်လိုထင်ကြသည်မသိ။ ယောက်ျားလေး အုပ်စု အများကြီး ထဲတွင် အရေအတွက် (၂ဝ)ပင် မပြည့်သော မိန်းကလေးများအား တအံ့တဩငေးမော ကြည့်ရှုနေကြသည်။ မိန်းကလေးတို့၏ နောက်ကျောတွင် ချွေး များ ရွှဲနစ်နေသည်။
လျှောက်ရသည့် ခရီးကလည်း အတော် ဝေးသည်။ တိုင်းရမည့် ကွင်းသို့ တော်တော်နှင့် မရောက်နိုင်ခဲ့။ လွတ်လပ်ရေး ကျောက်တိုင်အနား • ဖြတ်ကာ မြို့တော်ခန်းမနား ရောက်မှ ဝေခင်တို့ “အနီ” အဖွဲ့မှလူတွေအားလုံး စုရုံးမိကြလေသည်။
လွတ်လပ်ရေးကွင်းမှာ သစ်တောကြိုးဝိုင်းအတွင်း အပါအဝင် ဖြစ်၍ သစ်ပင်၊ ဆူးချုံပင် ပေါများလှပေသည်။
ဆရာသည် ယမန်နှစ်က မြေပုံကို ဖြန့်ကာ ယနေ့ တိုင်းတာရမည့် လုပ်ငန်းနှင့် ပတ်သက်သမျှကို ရှင်းပြလေသည်။ တိုင်းရမည့် နေရာဌာန (Station) (၈) ခု ရှိသည်ဟု ဆိုသည်။ ဆရာက နေရာများကို ရွေးချယ် သတ်မှတ်ပေးလေသည်။
“မြို့ပြစွမ်းအား - ပြည်ထွန်းကားအံ့.." ဟု ကဗျာစာဆို ဦးက ရေးထားခဲ့သလို လူသားတို့ စွမ်းရည်ဆိုတာ ဒါပဲဖြစ်မည်ဟု ဝေခင်က တွေးမိလေသည်။ လူသားတို့အတွက် အကျိုးပြုလုပ်ငန်းပေတကား တောင်တွေ့လျှင် ဥမင်ဖောက်သည်။ မြစ်တွေ့လျှင် တံတားဆောက် သည်။ ကန္တာရကာဆီးနေလျှင် လမ်းခင်းပေးကြသည်။ ထို့ပြင် ဆည် မြောင်းများ၊ တာတမံများ၊ အဆောက်အဦးကြီးများ စသည်ဖြင့်...။
လူသားတို့၏ ဉာဏ်စွမ်း ဝီရိယဖြင့် လောက ကို သာယာ ဖွံ့ဖြိုး လေသည်။ မြို့ပြတို့သည်ကား ကမ္ဘာမြေကြီးကို ထက်ဝက် ချုံ့ပစ်လိုက် လေသည်။
သို့လျှင် ဝေခင်က ခမ်းနားကြီးကျယ်သော အတွေးထဲ နစ်နေ ဆဲ... အဝေရာ၊ စိပ်ပုတီးနှင့် ချီးပေ တို့က နေရာ H (ဇ) ရှိရာ မြို့တော်ခန်းမနောက်ဘက်သို့ ထွက်ခွာသွားကြလေပြီ။ ကျန်အုပ်စုမှ လူများလည်း အသီးသီး တာဝန်ကျရာ နေရာသို့ သွားကြပြန်သည်။
ယခင် ကျောင်းတက်စဉ်က တစ်ခါမျှ ဘောင်းဘီ ဝတ်သည်ကို မတွေ့ရဖူးသော ကိုပြဲနှင့် ဘဲဥ တို့သည်ပင် ဘောင်းဘီ ဝတ်ကြသည်။ ကျောင်းသား အားလုံးပင် ဘောင်းဘီနှင့်၊ ဆရာတစ်ဦးက...
“မိန်းကလေးတွေပါ ဘောင်းဘီ ဝတ်နိုင်ရင် သိပ် ကောင်းမယ်” ဟု ပြောသေးသည်။ ကြိုင်ကြိုင်က ရယ်မောကာ...
“ဝတ်တော့ ဝတ်ချင်ပါတယ်၊ မဝတ်ရဲတာက ခက်တယ် ဆရာ...”
“ထပ်တရီး...”
ကိုပြဲက မကြားတကြား ဝင်ပြောသည်မှာ
“နင်တို့ အုပ်စုထဲက ဝေခင် တစ်ယောက်ပဲ ဘောင်းဘီ နဲ့ ကြည့်လို့ ရမယ်... နှံပြည်စုတ် လည်း ဘောင်းဘီကြားထဲ ရှာနေရမယ်၊ အိမ်ထန်းပင် ကျတော့လည်း... အောင်မလေး.. လန့်စရာ၊ တို့တွေ မြေတိုင်းမှာ အဖျား ရောဂါထကုန်ကြမယ်...”
နှံပြည်စုတ် အမည်ခံ သေးသေးပျပ်ပျပ် နှင့် မေအောင်၊ အိမ်ထန်း ပင် အမည်ခံအရပ်မြင့်သော ကြိုင်ကြိုင် တို့က မျက်စောင်းခဲကုန်ကြလေ သည်။ ဆရာက မသိကျိုးကျွန်ပြုရင်း မသိမသာပြုံးနေသည်။
[၃]
ထို့နောက်တော့ ဂျူဒို၊ ဝေခင်နှင့် ကြိုင်ကြိုင် တို့ကား နေရာ (အေ) နှင့် (ဘီ) ရှိရာ မန္တလေး-လားရှိုးလမ်း၏ မြောက်ဘက်ရှိ ကွင်းသို့ လာခဲ့ ကြလေသည်။
“ဟေ့... သတိထား... စတေရှင် (အေ) နားမှာ ခွေးကိုက်တတ် သတဲ့၊ ဆရာ စောစောက သတိပေးလိုက်တယ်...”
ကြိုင်ကြိုင် က ရှေ့ဆုံးမှသွားနေသော ဂျူဒို အား လှမ်း အော်သတိ ပေးနေသည်။ ဂျူဒို က ရယ်လျက် ရှေ့တိုးသွားမြဲ သွားကာ
“မပူပါနဲ့ဟာ... တို့ဆီမှာလည်း ကိုက်တတ်တဲ့လူ ပါသားပဲ”
ဝေခင့်ကို လှမ်းမေး ငေါ့ပြရင်း နောက်ပြောင်နေသည်။ ဝေခင်က အဖက်လုပ် စကား မပြောတော့။ သည့်နောက်တော့ တိုင်းကြ ထွားကြ သည်။ စတေးရှင်း (အေ) နှင့် (ဘီ) ကြားတွင် ပေ ၅ဝဝ ရှိပြီး (ဘီ) မှ ပေတစ်ရာကျော်ခန့် အကွာ... (အေ) နှင့် (ဘီ) အကြားတွင် တော်လှန် ရေး မီးရှူးတိုင် ရှိလေသည်။
ဂျူဒို မှာ သူ့အုပ်စုနှင့်ပေါင်းမိလျှင် ဗရုတ်ကျသော်လည်း အလုပ် တကယ်လုပ်တော့လည်း ဖျိုးဖျိုးဖျတ်ဖျတ်နှင့် တွင်ကျယ်အောင် လုပ်နိုင် သည်။ အလုပ် လုပ်ရင်း လေတွေ ဖောင်နေသည်။ လူကလည်း မနား၊ ပါးစပ်ကလည်း အအားမနေ။
ဝေခင် က သတ္တုပေကြိုးကို ပေတစ်ရာအကွာမှ ဆွဲလာလေသည်။ ဂျူဒိုက အတံရှည်ကို ကိုင်ကာ စောင့်နေသည်။ ကြိုင်ကြိုင် က ဖိုင်တွဲကို ကိုင်ကာ ရေးမှတ်ရန် စောင့်နေသည်။ ဂျူဒိုက မျက်နှာတစ်ခုလုံး နေပူရှိန်နှင့် နီရဲကာ..
"Steel tape (သတ္တုကြိုး) ကို နာနာ ဆွဲပါဟ... သူ့ကို ဆွဲတာ မှန်ရင် မှန်တာပဲ၊ နှင့်ဥစ္စာက အား မရှိသလိုပဲ.. အဆောင်က ကျွေးခဲ့တဲ့ ဘဲဥဟင်း နဲ့ နိုင်လွန်ဟင်းချိုမှ အားမနာဘူး...”
ဝေခင့် ကို လှမ်း စနေသေးသည်။ ဂျူဒိုပြောလည်း ပြောစရာ၊ သတ္တု ကြိုးကို ဆွဲရာတွင်... ဝေခင်၏လက်အားက မသန်။ များမကြာမီ ဆရာ ရောက်လာကာ ဆရာက ဝင် ဆွဲပေးလေသည်။ ဂျူဒိုက ဆရာ့ ရှေ့မှာပင် နောက်တီး နောက်တောက် စကားတွေနှင့်... ။
“ဆရာ... ဝေခင် က ပြောနေတယ်။ ငှက်တွေက ပျံရင်း သေတယ်၊ လူတွေက ကြံရင်း သေတယ်တဲ့၊ သူလည်း မြေတိုင်းရင်း အရိုးကြေကြေ အရေခန်းခန်း သေသွားပစေတဲ့ ခိုင်းချင်ရင် ခိုင်းပါတဲ့၊ စောစောက သူ Tripot ထမ်းလာတာ သိပ်ကြည့်လို့ ကောင်းတာပဲ၊ ပုရွက်ဆိတ် ထမင်းလုံးချီလာတဲ့အတိုင်းပဲ..."
ဆရာ က ရယ်မောနေသည်။ ထို့နောက်
“ကိုရန်ပိုင်က ပျော်တတ်တယ် ထင်တယ်...” ဟုပင် မေးလိုက်လေ သည်။
“ပျော်တတ်တာ မကောင်းဘူးလား ဆရာ... စိတ်ပိုင်းဆိုင်ရာ ခံစား မှုတွေထဲမှာ ပျော်တာဟာ အလိုလားအပ်ဆုံးပဲ၊ ကျွန်တော်တော့ ပျော်ချင် နေတာပဲ.. စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေကို ကျွန်တော် ကျောခိုင်းတာပဲ။ အိမ်မှာ မေမေက ကျွန်တော့်ကို ဒီနား ဆူရင် ဟိုနား ထ သွားတာ။ ကျွန်တော် ငယ်ငယ်တုန်းက ၅ နှစ်သားလောက်ပေါ့... ဘွားဘွားက ကျွန်တော့်ကို မြည်တံရှည်ကြီးနဲ့ မြည် တွန်တော့ ဘွားဘွား လက်ထဲကို ကျွန်တော့် မုန့်ဖိုး ဆယ်ပြား ထည့်ပေးပြီးပြောသတဲ့၊ ဘွားဘွား ဒီအိမ်က ခုထွက်သွားတော့... ရော့ ဘွားဘွားဖို့ လမ်းစရိတ်လို့ ပေး တော့ အဘွားက အဆူရပ်ပြီး ရီရသတဲ့...
ဆရာနှင့်အတူ ဝေခင်ရော ကြိုင်ကြိုင်ပါ ရယ်မောကြရလေသည်။ ဂျူဒိုကလည်း သူ့ဘာသာသူ သဘောကျကာ တသောသော ရယ်မော လျက်..