Skip to product information
1 of 2

Other Websites

ခင်ခင်ထူး - အညာသူအညာသားကျွန်မာဆွေမျိုးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစာ

ကျွန်မစာအုပ်ကို 'အညာသူ အညာသား ကျွန်မဆွေမျိုးများ” ဟု ခေါင်းစီ၊ တပ်ထားပါသည်။ မြန်မာတို့၏ ဘဝနိမိတ်ပုံဖြစ်သော အညာကျေးလက် ယဉ်ကျေးမှုဇာတ်ခုံပေါ်တွင် ကပြနေကြသည့် ကျွန်မဆွေမျိုးဇာတ်ကောင်များကို ဇာတ်ပွဲကြည့်သူတစ်ယောက် အမြင်ဖြင့် ရေးကြည့်မိခြင်း ဖြစ်ပါသည်။ ပွဲကြည့် သူဆို သော်လည်း သည်ဇာတ်ခုံပေါ်မှာ မိဘများနှင့်အတူ ကျွန်မသည်လည်း ဇာတ်ရုပ်တစ်ရုပ် ဖြစ်ခဲ့ဖူးပါသည်။ အညာ၏ ရပ်လေ့၊ ရွာဓလေ့၊ ဘဝ နေထိုင်မှု၊ စီးပွားရေ။ လူမှုရေးများကို ရေးဖွဲ့ရာ၌ ပြောရင်းဆိုရင် လည်ရင်း ပတ်ရင်းက ကြားရမြင်ရသော အတို့အထိကလေးများသာ ဖြစ်ပါ ၏။ လေးစား ချစ်ခင် မြတ်နိုးဖွယ်ကောင်းသော အညာကျေးလက် ယဉ်ကျေးမှုကြီး တစ်ရပ်လုံးကို ခြယ်မှုန်းပြဖို့ ကျွန်မမှာ ခွန်အားမပြည့်သေးပါ။ ထို့အတူ ကျွန်မတို့ ရပ်ရွာ ဒေသက အညာဓလေ့ ယဉ်ကျေးမှုအားလုံးကို မှတ်တမ်းတင်နိုင်ပြီဟုလည်း ကျွန်မ မဆိုဝံ့ပါ။ရေးမည်ဆိုလျှင် ရေးဖွဲ့စရာတွေ ကျန်ပါသေးသည်။ အညာလေနှင့်ဆိုရပါလျှင် “သာလောက် ဘာကလိမ့်မတုံး”ဟု ဆိုရပါမည်။

ကျွန်မငယ်စဉ်က ရွာကျေးလက်မှာနေ ရွာကျေးလက်မှာ ကြီးပြင်းခဲ့ရသော “တောသူ” ဖြစ်ရခြင်းကို ဘာအကြောင်းမှမရှိပါဘဲ ရှက်တတ်ခဲ့သည်။ တောသူ ဆိုတာနဲ့ အောက်တန်းကျသလိုလို၊ ထုံထုံအအလိုလို၊ ဆင်းတောင့် ဆင်းရဲလိုလို၊ ပညာမဲ့ အသိမဲ့သလိုလို ကျွန်မကိုယ်တိုင်က ခံစားခဲ့ရဖူးပါသည်။ အခုအချိန် မှာတော့ ကျေးလက်တောသူ ဖြစ်ခဲ့ရခြင်းကိုပင် ကျွန်မဂုဏ်ယူတတ်ခဲ့ပြီ။ စာတွေ ရေးဖြစ်လာတော့ ကျေးလက်၏ တန်ဖိုးနှင့် ကျေးဇူးတရားကို ပိုလေးစား ပိုမြတ်နိုးလာတတ်ခဲ့သည်။ သည်အညာ၊ သည်ရွာကလေးမှာ ဆွေမျိုးတွေ ရှိနေတာကိုပဲ ဂုဏ်ရှိလေခြင်းဟု ထင်တတ်လာခဲ့သည်။ ကျွန်မဆွေမျိုးများနှင့် ပတ်သက်ပြီး ရိုးသားခြင်း၊ ပွင့်လင်းခြင်းတွေအပေါ်မှာ ကရုဏာတွေ ပိုတတ်လာခဲ့မိပါသည်။ အထူးသဖြင့် ဘိုးဘွားမိဘများ မွေးဖွားရာ၊ ခေါင်းချရာ ဇာတိ ပဝတ္တိမြေကို ပို၍ သံယောဇဉ်ကြီးလာခဲ့ခြင်းပဲ ဖြစ်ပါသည်။ သည်အကြောင်း တရားတွေကို အခြေခံပြီ။ ကျွန်မ သည်စာအုပ်ကလေး ရေးဖြစ်ခဲ့ခြင်းဖြစ်ပါ၏။

သည်စာအုပ်ကို ကျွန်မ စတင်ရေးဖွဲ့ခဲ့စဉ်က ကျွန်မဆွေမျိုးဇာတ်ကောင်တွေ သည်လောက် များများစားစား ထည့်သွင်းရေးဖွဲ့ ဖြစ်လိမ့်မည်ဟု မထင်ခဲ့ပါ။ သို့သော် ကျွန်မစိတ်ကူးရသလို 'ဆန်စဉ်ရာ ကျည်ပွေ့လိုက် ရေးသွားရင်းဖြင့် ရှည်လျားပေများ၊ စာဖတ်ပရိသတ် ငြီးငွေ့သွားမည်စိုးသောကြောင့် ကျွန်မ တစ်ခန်းရပ်လိုက် ရပါသည်။ နောင်တွင် အညာကျေးလက် ယဉ်ကျေးမှု စရိုက်ဖွဲ့ များကို ကျွန်မ ဆက်လက်ရေးဖွဲ့ သွားရန် စိတ်ကူးလည်း ရှိပါသည်။

သည်စာအုပ်ကို သုံးလလောက်နှင့် ကျွန်မ အပြီးရေးဖြစ်ခဲ့ပါသည်။ ခါတိုင်းဆိုလျှင် ကျွန်မစိတ်ကူးကလေးတည့်မှ၊ ရေးချင်စိတ် တော်တော်ပြင်းပြမှ ဝတ္ထုတိုတစ်ပုဒ် တူတူတန်တန် ဖြစ်လာတတ်သလို၊ ကျွန်မ ဝါသနာကြီးလှသော ကျွန်မအတွက် ရေးရမှာ သိပ်အားမထုတ်ရသော ဘောလုံးအားကစား သုတဆောင်းပါးများကိုသာ ကျွန်မ စိတ်ပါလက်ပါ ရေးဖြစ်ခဲ့သည်။ သည်စာအုပ်ကို ရေးမိသည့်အခါမှာတော့ ကျွန်မဆွေမျိုး ဇာတ်ကောင်တွေကပဲ ကျွန်မကို လိုက်ခဲ့စမ်းပါအေ" ဟု ဆွဲခေါ်သွားခြင်း ဖြစ်ပါသည်။ ကျွန်မ၏ စာမူကို ရွှေအမြုတေမဂ္ဂဇင်းတွင် အခန်းဆက် လစဉ်တင်ဆက်သွားဖို့ စိတ်ကူး ရှိသော်လည်း မဂ္ဂဇင်းမှာ တစ်ဘက်ကရေးရင်းဖြင့် စာမူပြီးသွားပြန်တော့ လုံးချင်းစာအုပ်အဖြစ် စုစုစည်းစည်း ထုတ်ဖြစ်ခဲ့ပါသည်။

သည်စာအုပ်သည် ကျွန်မ၏ ပထမဆုံး လုံးချင်းစာအုပ်ဟုလည်း ဆိုနိုင် ပါသည်။ အညာကျေးလက်နေ ကျွန်မဆွေမျိုးများဆီ တစ်ခေါက်တစ်ကျင်၊ အလည်သွားရင် ကျွန်မ၏ငယ်ဘဝ ကြာဆစ်ချိုးပန်းတစ်ကုံးလို အမျှင်တစ်ကန့် အဆစ်တစ်ကန့် တွယ်ဆက်ရင်း နောက်ဆုံး ကြာပန်းကလေးတစ်ပွင့် ပေးလိုရင်၊ ဖြစ်ပါ၏။ စာဖတ်ပရိသတ်၏ နှလုံးသားအိုင်သာမှာ ပွင့်လန်းလာသော ကြာပွင့် ကလေးတစ်ပွင့် ဖြစ်လာပါလျှင် ကျွန်မ ဝမ်းသာကျေနပ်လှပါပြီး။

သည်စာအုပ် နှင့်ပတ်သက်ပြီး ကျေးဇူးတင်ရမည့်သူ တော်တော်များများ ရှိပါသည်။ ပထမဆုံး ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းနှင့် ရွှေမိသားစုများကို ကျေးဇူးစကားဆိုချင်ပါသည်။ ကျွန်မ စာမူပေးပို့ခဲ့သည့် လမှစ၍ အဆက်မပြတ် ဖော်ပြပေးခဲ့သော ဆရာနှင့်တကွ ရွှေအဖွဲ့သူ အဖွဲ့သား များ၏ ကျေးဇူးကြောင့်သာ ကျွန်မ လုံးချင်းစာအုပ် ရေးဖြစ်သွားခဲ့ခြင်းဖြစ်၏။

နောက် ကျွန်မကို စိတ်ဓာတ်ခွန်အားပေးသူတစ်ဦးမှာ ကျွန်မ၏ တက္ကသိုလ် ဘဝက အာစရိယနွယ်ဝင် ဆရာမလည်းဖြစ် ကျွန်မရေးဖြစ်သမျှ စာတွေကို မအားလပ်သည့်ကြားမှ စောင့်ဖတ်ဝေဖန်ထောက်ရှုရင်း မကောင်းမြစ်တာကောင်းရာညွှန်လတ်ခဲ့သူ ကျေးဇူးရှင်ဆရာမ ဒေါ်ဝင်းဝင်းမေ (VEC ပညာ့ရိပ်သာ) ကိုပဲ ဖြစ်သည်။

ကျွန်မ၏ မွေးသမိခင် အမေ ကတော့ ကျေးဇူးအနန္တ တင်ရမည့် သူဖြစ်သလို အမေ့ကျေးဇူးတရားကြောင့်လည်း သည်စာအုပ်ကို ကျွန်မ မပင်မပန်၊ ကြိုးစားအားထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။ ကျွန်မငယ်စဉ်ကတည်းက ရွာအကြောင်း၊ ရပ်အကြောင်းများကို ကျွန်မအသွေးအသားထဲ စိမ့်ဝင်ပျံ့နှံ့ လာအောင် အမေက အကြောင်းသင့်တိုင်း တအောက်မေ့မေ့ ပြောနေတတ်ခြင်း၊ ကသည်ပင် ကျွန်မအတွက် ကုန်ကြမ်းတွေဖြစ်နေတော့သည်။ ကျွန်မ လုံးချင်၊ စာမူကြီး ပြီးသွားပြန်တော့လည်း ကျန်းမာရေး မကောင်းသည့်ကြားကပင် ရွာ ဘုန်းကြီးကျောင်းထွက် အမေက “ပေးစမ်းပါအေ ငါဖတ်ပါဦးမယ်” ဟု ဆိုကာ ဖတ်ရှုဝေဖန် မြင်သမျှ အကြံဉာဏ်များ ထပ်ပေးခဲ့ပြန်ပါသည်။ သည်စာအုပ် မှာတော့ နှုတ်အားဖြင့်လည်းကောင်း၊ အကြံဉာဏ် အားဖြင့်လည်းကောင်း၊ မညှာမတာ တည်းခြင်း၊ ဖြတ်ခြင်း၊ ဖြည့်ခြင်း၊ ဆက်ခြင်းလုပ်ခဲ့သော အယ်ဒီတာသည် အမေဖြစ်၏။ သူ့ဘ၀၊ သူ့အကြောင်းဖြစ်ရုံမက သူ့ဘိုး သူ့ဘ ကျေးလက်ဘဝထဲက စီးဆင်းလာသူမို့ ကျွန်မစာအုပ်၏ အဖြစ်သင့်ဆုံး အယ်ဒီတာလည်း ဖြစ်ပါသည်။ အမေဖတ်ပြီးနောက် ကျွန်မ ပြင်ဆင်ဖြည့်စွက် ခဲ့ရသည်မှာပင် တစ်လလောက် ထပ်ကြာခဲ့ပါသည်။

နောက် ကျေးဇူးတင်ချင်သူများမှာ သည်စာအုပ်ထဲက တကယ်ရှိခဲ့၊ ရှိဆဲ ကျွန်မဆွေမျိုး ဇာတ်ကောင်တွေကိုပဲ ဖြစ်သည်။ သည်ဆွေမျိုးများနှင့် ထိရင်းစပ်ရင်း၊ နေရင်းထိုင်ရင်း ဆော့ရင်းကစားရင်း၊ ပဲဆွတ်ရင်း မြေပဲနုတ်ရင်း၊ နွားကျောင်းရင်း ခဲထုရင်း ကျွန်မ ကြီးပြင်းခဲ့ရသည်။ ကျွန်မ၏ ငယ်ဘဝတွေကို စောင့်ရှောက်ခဲ့ကြသည့် ဆွေမျိုးများ၏ ကျေးဇူးကလည်း ကြီးမားလှပါသည်။

ဒါ့အပြင် ကျွန်မ စာမူကြမ်းကို စာအုပ်ကလေးဖြစ်တဲ့အထိ ကူညီ ဆောင်ရွက် ပေးခဲ့ကြသော မမလူထုမတင်ဝင်း၊ ဆရာညီပုလေး၊ ဆရာညီစေမင်း၊ ဆရာဆူးငှက်၊ ဆရာဦးလှပိုင်၊ လူထုကြီးပွားရေ၊ ကွန်ပျူတာ အဖွဲ့နှင့် စာဖတ်ပရိသတ်အားလုံးကို ကျွန်မ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဖော်ပြ အပ်ပါသည်။

လေးစားလျက် ...

ခင်ခင်ထူး

၂၀၀၃ ခုနှစ်၊ သြဂုတ်လ

မန္တလေး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)