ကြေးမုံဦးသောင်း - ဘီလူးတို့ရွာ
နိဒါန်း
စစ်တပ်နည်းနှင့် သတင်းထုတ်လုပ်ပုံ
“ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်”ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်း ဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင် မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။
တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် သတင်း ကိစ္စအဝဝကို တာဝန်ယူရသူ ဖြစ်ပါသောကြောင့် ဝန်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့် ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရစမြဲဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင်က မခေါ်ဖူးပါ။
မိမိ၏ ရာထူးအဆင့်နှင့် တာဝန်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ၊ ဧည့်ခံပွဲများတွင် တွေ့ဆုံရင်းနှီး ကြရသည်။ ထိုသို့ ရင်းနှီးသူများတွင် ဗိုလ်မှူးကြီးစိန်လွင် မပါခဲ့ပေး ကျနော်ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ်တွေ့ခဲ့ ဖူးသောကြောင့် ဖြစ်သည်။ တခါတွေ့ခဲ့သည်နှင့် တသက်လုံး ပူလုံ ပေးပြီး နောက်ထပ် မတွေ့လို တော့ပေ။
မိုးသည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ခဲ့ပါသည်။ တိတိကျ ကျ ၁၉၅ဝ ခု၊ သြဂုတ်လ (၁၄) ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက်တဦးသာဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်က စတင်တောက်လောင်လာခဲ့သော ပြည်တွင်းစစ်မီးသတင်းကို ထောက်လှမ်းနေသူဖြစ်၏။ ထိုနေ့ နံနက်က ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထောက်များကို ဖိတ်ခေါ်ပြီး သတင်းထူးတပုဒ်ကို ထုတ်ပြန်လေသည်။ ကရင်အမျိုးသားသမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီးစောဘဦးကြီးသည် တိုက်ပွဲတခုတွင် ကျဆုံးပြီဟု ကြေညာခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာ့နိုင်ငံရေးခေါင်း
ဆောင်တဦးဖြစ်သည်။ ဂျပန်ခေတ်ကပင် နိုင်ငံရေးလောကတွင်ရှိနေပြီး ကရင်-မြန်မာ သွေး စည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ်ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရ အဖွဲ့ ဝန်ကြီးဖြစ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပေးအံ့ဆဲအခါတွင်မူ ကရင်ပြည်နယ် သီးခြားရ ရှိရေးအတွက် အင်္ဂလန်သို့သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ်တို့က လိုက်လျောခြင်းမပြု သဖြင့် ဦးအောင်ဆ၊ ဦးနုတို့နှင့် စေ့စပ်ဆွေးနွေးကာ ကရင်လူမျိုးစုပြည်နယ်ရရှိရေးကို အားထုတ်ခဲ့သည်။
ကရင်အမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့ သူဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇ဝ) ဝေးသော မော်လမြိုင်မြို့အနီးတွင် အသေမိသည်ဟု ဆို၏။ ကျဆုံးသော သူပုန်ခေါင်းဆောင်ကြီး၏ သတင်းကို ရေးသားကြရန် သတင်းထောက် (၁၀) ဦးစုစေကာ မော်လမြိုင်သို့ ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံရိုက်ကူးရန် တင်မောင်လိုက်ပါ ခွင့်ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက်ရှင်းပြောကြသည်။ ကရင်ခေါင်းဆောင်ကြီးနှင့်အတူ အင်္ဂလိပ်ဗိုလ်မှူးဟောင်းတဦးပါ အသေမိသည်ဟု ပြောပြ သည်။
သတင်းထောက်များက စိစစ်မေးမြန်းကြသောအခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက်ချကြပါလျက် ပစ်ခတ်သတ်ဖြတ်ကြသည်ဟု သိကြရပါ သည်။ “အနီးဆုံးစစ်တပ်စခန်းကို ပို့ရန်စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့်မရတော့ဘူး” ဟု ပြောသည်။ သတင်းထောက်များအဖို့ အမှန်ကို ရေးခွင့်မရှိပါ။ အစိုးရထုတ်ပြန်သည့်အတိုင်း “အသေမိသည်” ဟု ရေးကြရပေမည်။
သတင်းထောက်အဖွဲ့ လေဆိပ်ရောက်သောအခါ မော်လမြိုင်ဆေးရုံသို့ ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ်တင်ထား သည်။ သူ၏ အဝတ်များမှာ သွေးများ၊ ရွံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိ နိုင်ပါ။ ရေလွှမ်းနေသော လယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာ ကြီးတရွာရောက်မှသာ လှည်းနှင့် တဆင့် သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ်မှာ လွန်ခဲ့သော (၂) ရက်တာက သေလွန်သဖြင့် ဖူးယောင်နေလေပြီး ပုပ်ဟောင်နေလေပြီ။ အမင်္ဂလာရှုခင်းပင်။
ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ဝန်ကြီးတဦးဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်-ဗမာ ညီညွတ်ရေး ဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက် များနှင့် များစွာ ရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့် မုတ်ဆိက်ထူထူ၊ နံ့သာရောင် ဥရောပဝတ်စုံကိုသပ်ရပ်စွာ ဝတ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင်ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူတဦးဖြစ်သဖြင့် ဝန်ကြီးချုပ်ဦးနုနှင့် တွဲကာ ဓာတ်ပုံရိုက်ရာတွင် ကျက်သ ရေရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင်မရှုရက်ပါး ဓာတ်ပုံပင် ကောင်းစွာ မရိုက်နိုင်ပါ။
ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူးတက်လာသူ ဗိုလ်ကြီးစိန်လွင်ကို သူ၏ လက်ထဲတွင် အရက်ဖန်ခွက်တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော်ကြီးအတွက် အားလုံးတို့ကို ယမကာချောင်းစီးအောင် ဧည့်ခံ ထား၏) ။
သူသည် လူငယ်တဦးသာဖြစ်စေကာမူ ရင့်ရော်စပြုနေလေပြီ။ တင်မောင်ထက် အသက် အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံးကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာညိုမောင်းသည်။ အောင်နိုင်သူ၏ ဝတ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ် ပေရေနေသည်။ သွေးများ၊ ရွံ့များ ဖုံးနေပါသည်။ သစ်လွင်တောက်ပသော ရွှေကြယ်နှစ်ပွင့်တို့ ကသာ ပုခုံးပေါ်တွင် ပြောင်လက်နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေသည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက် စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။ ။
တင်မောင်က Speed Graphie ကင်မရာကြီးကို သုံး၍ ဓာတ်ပုံရိုက်သောအခါ ခွန်အား ကြီးမားသော ကင်မရာမှန်ပြောင်းမှတဆင့် သူ၏ မျက်နှာကို အနီးကပ်ကြည့်ခွင့်ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ်ကြည့်မိသောအခါတွင် တင်မောင်၏ နှလုံး သားက သိလိုက်ပါသည်။ သူသည် သာမန်လူသားမဟုတ်၊ စက်ဆုပ်ရွံရှာကြောက်မက်ဖွယ် သတ္တဝါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိလိုက်ပါသည်။ ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ကြီးစိန်လွင်အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ၊ တပွင့်ပြီးတပွင့် တိုးနေသည်ဟု သတင်းများ ကြားရလေသည်။ တင်မောင်လည်း မြန်မာနိုင်ငံ တွင် အကြီးဆုံးသတင်းစာကြီး၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဆင့်အထိ တက်နိုင်ခဲ့ပါ သည်။ ထိုသောအခါတွင် နေ့တနေ့၌ လူသားမဆန်သော သူ၏ မျက်လုံးများကို ဆိုင်မိပြန်ရ ပါသေး၏။ တော်သေးသည်။ မျက်တောင်တခတ်သာ ဖျတ်ကနဲ ဆိုင်ကြရသဖြင့် တော်ပါသေး သည်။
၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြား ခြား မိုးမရွာဘဲ တောက်ပနေသော နေမင်းက ထွန်းလင်းနေပါသည်
ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြသော သတင်းကို ထောက်လှမ်းရန်