Skip to product information
1 of 2

Other Websites

ကြေးမုံဦးသောင်း - ဗမာ့ခေတ်မှကြေးမုံသို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကြေးမုံဦးသောင်း နိဒါန်း

(ညိုမြ-ရေးသည်။)

(၁)

အောင်ဗလခေါ် ကိုသောင်းနှင့် ကျနော်တို့မှာ ဗမာ့ခေတ်တောရကျောင်း ၌ လည်းကောင်း၊ အင်းစိန်တောရကျောင်း၌လည်းကောင်း ကျောင်းထိုင်ခဲ့ကြ ဖူးသဖြင့် ကျောင်းနေဖက်များဟု ခေါ်ဆိုနိုင်ပါသည်။ တက္ကသိုလ်မှာလိုပင် ကျနော်က အသက်ကြီး ဝါကြီးသော ကျောင်းသားကြီးဖြစ်လျက် ကိုသောင်း က သက်ငယ်ဝါငယ် မောင်သစ်လွင်သဘောမျိုးဖြစ်သော်လည်း ထိုတောရ ကျောင်းထွက်များအဖြစ်ဖြင့် ကျောင်းနေဖက်ပင် ဖြစ်နေပေသည်။

ကျနော်သည် မြန်မာပြည်၏ ပထမ သတင်းစာပညာတော်သင်အဖြစ် ဖြင့် စစ်ကြိုခေတ်ကဘိလပ်သို့ ရွေးချယ်စေလွှတ်ခြင်းခံရ၏။ ဘိလပ်သို့ ရောက် ချိန်တွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ရာ ကျနော်တက်ရောက်ရမည့် လန်ဒန်

ကောလိပ်မှာ စစ်ကိုအကြောင်းပြကာ အကန့်အသတ်မရှိ ပိတ်လိုက်လေ သည်။ ထို့ကြောင့် အစိုးရက အခြား သတင်းစာသင်တန်းကျောင်းများ ရှာ ဖွေရာတွင် အမေရိကန်ပြည် ချီကာဂိုမြို့၌ သင့်တော်သော တက္ကသိုလ်တခုတွေ့ရှိခဲ့၏။

အမေရိကန်ပြည်၌ တက္ကသိုလ်ပေါင်း (၂၀၀၀) ကျော်ရှိသည့်အနက် တက္ကသိုလ် (၂၀၀) ခန့်တွင် သတင်းစာသင်တန်းများ ပူးတွဲထားရှိပေသည်။ ယင်းတို့တွင်

(၁) နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်၊

(၂) ချီကာဂိုမြို့ ရှိ အနောက်မြောက်တက္ကသိုလ်နှင့်

(၃) မစ်ဆိုရီပြည်နယ်တက္ကသိုလ်

တို့မှာ သတင်းစာသင်တန်းပေးရာ၌ အဆင့်အတန်းအမြင့်ဆုံးဟု နာမည်ကြီးကြ၏။ အစိုးရကကျနော့်အား ချီကာဂိုမြို့သို့ ပို့ဆောင်ခဲ့ရာ၌ ကျနော်သည် (၂) နှစ် ကြာသောအခါ အနောက်မြောက်တက္ကသိုလ်မှ သတင်းစာပညာ မဟာ ဝိဇ္ဇာဘွဲ့ကို ကောင်းစွာ ဆွတ်ခူးနိုင်ခဲ့ပါသည်။ကိုသောင်း၏ စာအုပ်အတွက် နိဒါန်းရေးရာတွင် အဘယ့်ကြောင့် ကျနော်၏ အကြောင်းအရာများကို တောက်တဲ့ပမာ ကိုယ်ရည်သွေးနေသ နည်းဟု မေးဖွယ်ရှိပါသည်။ သို့သော် ဆက်ဖတ်ကြပါဟုသာ ပြောလိုပါ၏။

၁၉၄၀-ခုနှစ်က လန်ဒန်မြို့သို့ ကျနော်ရောက်ရှိချိန်တွင် ကျနော် တက်ရောက်ရမည့် တက္ကသိုလ်ကြီး ကျောင်းပိတ်သွားသကဲ့သို့ ၁၉၄၂-ခုနှစ် တွင် ကျနော် သတင်းစာဘွဲ့ရရှိကာ ပြည်တော်ပြန်မည်ပြုစဉ် မြန်မာပြည်ကြီး မှာလည်း ဂျပန်များ လက်အောက်သို့ ကျရောက်ကာ ကျနော့်အဖို့ အိမ်ခြံ တံခါး ပိတ်သွားလေတော့သည်။

အမေရိကန်ပြည်၌ သောင်တင်ကာ တက္ကသိုလ်များ၌လည်းကောင်း၊ အစိုးရဌာနများ၌လည်းကောင်း လှည့်လည်အလုပ်လုပ်နေခဲ့၏။ အမေရိကန် များက သဘောကောင်းပါသည်။ ကျနော်က “ခင်ဗျားတို့ဆီမှာနေရတာ ကြာတော့ ပျင်းလာပြီ။ ရွာကိုလွမ်းလှပြီ။ ဒါကြောင့် မြန်မာပြည်နဲ့ နီးရာ အရပ်ကို ပို့ပေးစမ်းပါ” ဟု ပန်ကြားရာတွင် အာသံပြည်ရှိ အမေရိကန်စစ် စခန်း၌ ပြန်ကြားရေးအရာရှိအဖြစ် ပို့ဆောင်ခဲ့ပေသည်။

အိန္ဒိယပြည်၌ တက်ဘုန်းကြီး ဦးသိန်းဖေမြင့်သည် အင်္ဂလိပ်များနှင့် ပူးပေါင်းကာ “လေနတ်သား” သတင်းစဉ် ထုတ်ဝေသကဲ့သို့ ကျနော်လည်း အမေရိကန်များနှင့် ပူးပေါင်းကာ “လင်းယုန်” သတင်းစဉ်ကို ထုတ်လုပ်ခဲ့ ပါသည်။ လေနတ်သားနှင့် လင်းယုန်နှစ်စောင်စလုံးပင် ဂျပန်ခေတ်အတွင်း မဟာမိတ်လေယာဉ်များမှ ကြဲချပေးသော ရွှေပေလွှာများဟု ဆိုရပေမည်။ စစ်အတွင်း အနောက်မဟာမိတ်များဘက်သို့ ရောက်ရှိနေသော ကျနော် တို့အဖို့ လုပ်ကွက်ရှိသလောက် လုပ်ခဲ့ခြင်းပင် ဖြစ်၏။

အဏုမြူဗုံးကြောင့် စစ်ကြီးမှာလည်း ဒရောသောပါး ပြီးဆုံးသွားပါ သည်။ ကျနော်လည်း အမေရိကန်များနှင့်အတူ ရန်ကုန်သို့ ပြန်လည်ရောက် ရှိလာပြီး များမကြာမီ အလုပ်မှနုတ်ထွက်ကာ ကိုသောင်းတို့ရှိရာ ဗမာ့ခေတ်

တောရကျောင်းသို့ ရောက်ရှိခဲ့ပါသည်။ ဗမာ့ခေတ်မှ ဉာဏ်ပူဇော်ခမှာ လစဉ် ငွေ (၃၀၀) ကျပ်ကျော်ဖြစ်လျက် အမေရိကန်များနှင့် လုပ်စဉ်က စီခဲ့သော လခ (၁၆၀၀) ကျပ်နှင့် အတော်ကွာခြားပေသည်။ သို့သော် ထိုစဉ်က မြန်မာ သတင်းစာလောကတွင် ထိုနှုန်းလောက်သာ တတ်နိုင်ကြသည် မဟုတ်ပါ

လော။ ထိုမှတပါးလည်း ပညာတော်သင်တဦး၏ တာဝန်နှင့် ဂုဏ်သိက္ခာမှာ ငွေကြေးနှင့် မသက်ဆိုင်ပါချေ။ စာနယ်ဇင်းလုပ်သားတဦးအနေဖြင့် ရောက်ရာဘဝမှ ကောင်းကျိုးပြုရပေမည်။ ရေမြင့်ကြာမြင့် ဟူသကဲ့သို့ ကိုယ့်တိုင်း ပြည် ကိုယ့်လူထုနှင့် အတူသာလျှင် အမြဲတစေ မကင်းမကွာဘဲ တက်ခြင်း ကျခြင်း ရှိရမည် မဟုတ်ပါလော။

(၂)

ဗမာ့ခေတ် ဦးအုန်းခင်မှာ စာတတ်ပေတတ် ပုဂ္ဂိုလ်တဦးအနေဖြင့် ကျော်ကြား ခဲ့သူမဟုတ်ပါ။ သို့သော် သူသည် အောက်သက်ကြေသူဖြစ်၏။ ပညာရေး၌ လည်းကောင်း၊ စီးပွားရေး၌လည်းကောင်း ကိုယ့်ဒူးကိုယ်ချွန် တက်လမ်းရှာ ခဲ့ရာမှ လုပ်ငန်းတရပ်ကို ကောင်းစွာထူထောင်ကာ “သစ်တပင်ကောင်း ငှက်တသောင်းချမ်းသာ” စေသော အဖြစ်ကို စွမ်းဆောင်နိုင်ခဲ့ပေသည်။

ပဲရော့ ဦးဆံနီသည်လည်းကောင်း၊ ဟံသာဝတီ ဦးညွန့်သည်လည်းကောင်း၊ ဦးညီပု .. အစရှိသော မြန်မာအဆွေညီနောင်များသည် လည်းကောင်း အလားတူ လုပ်ငန်းရှင် ကုသိုလ်ရှင်ကြီးများပင် ဖြစ်ပေသည်၊

ဦးအုန်းခင်သည် လုပ်ငန်းရှင်တဦးအနေနှင့် တော်သည်ဟုပင် ဆိုရ ပါမည်။ အုပ်ချုပ်ရေး၌ အောက်ခြေသိမ်း စေ့စပ်ကျွမ်းကျင်ကာ တပြား နှစ် ပြား ခွာယူတတ်ပြီး သူတို့ အမြတ်များများ ကျန်အောင် လုပ်တတ်ခြင်းကို မဆိုလိုပါ။ ထိုအမြတ်အစွန်းတို့ကို မက်မောပိုက်ထွေးလိုခြင်း မရှိဘဲ ရံဖန်ရံ ခါ အရေးကြုံလျှင် အားလုံးစွန့်လွှတ်စွန့်စားနိုင်သော သဘောရှိသူဖြစ်၏။ သတင်းစာလောကတွင် သတင်းအမျိုးမျိုးလက်ခံလျက် ဝေဖန်ချက် အဖုံဖုံ ရေးသားရစမြဲဖြစ်ရာ ပြည်သူလူထုနှင့်လည်းကောင်း၊ အစိုးရနှင့်လည်းကောင်း အမှုကိစ္စအမျိုးမျိုး ကြုံတွေ့နိုင်ပေသည်။ ဗမာ့ခေတ်၌ ကျနော်တို့ရှိစဉ်က ဦးအုန်းခင်သည် လုပ်ငန်းရှင်အနေဖြင့် အရေးကြုံလျှင် အမြဲပင် သက်လုံ ကောင်းသူ ဖြစ်ခဲ့ပေသည်။ ။

သတင်းစာတစောင် ထူထောင်ရာတွင် အယ်ဒီတာဌာနနှင့် အုပ်ချုပ် ရေးဌာနဟု ရှိစမြဲဖြစ်ရာ ကျနော့်အနေဖြင့် အုပ်ချုပ်ရေးဌာနသည် ပို၍ အ ရေးကြီးသည်ဟု ထင်ပါသည်။ အယ်ဒီတာလုပ်သူများ မည်မျှ တော်စေကာ မူ အုပ်ချုပ်ရေးဌာန၌ ပရမ်းပတာ ဖြစ်နေပါက သက်ဆိုးမရှည်နိုင်ပါ။ အုပ်ချုပ်ရေးဘက်၌ ကျွမ်းကျင်တည့်မတ်လျှင်ကား အယ်ဒီတာများ ညံ့ဖျင်းစေကာ မူ ပြောင်းလဲခန့်အပ်ခြင်းဖြင့် အဓွန့်ရှည်နိုင်ပါသည်။ ဦးအုန်းခင်မှာ အုပ်ချုပ် ရေးဘက်၌ ကောင်းစွာ အခြေစိုက်ထူပြီးမှ အယ်ဒီတာကောင်းများ ရှာဖွေကာ သူကိုယ်တိုင်လည်း စာပေဘက်သို့ လိုက်စားခဲ့သူဖြစ်၏။

မြန်မာသတင်းစာသမိုင်းကို လေ့လာလျှင်လည်း မြန်မာ့အလင်း သတင်းစာတိုက်နှင့် ဟံသာဝတီ (ရန်ကုန်) တိုက်တို့သည် အုပ်ချုပ်ရေးဘက် ကို အဓိကထားသော စနစ်ရှိသည်ကို အများသတိပြုမိကြပေမည်။ နိုင်ငံခြား ရပ်များရှိ သတင်းစာတိုက်များမှာလည်း အများအားဖြင့် ဤနည်းနှင်နှင် ပင်ဖြစ်ကြ၏။

သို့သော် သူရိယသတင်းစာတိုက်ကို လေ့လာလျှင်ကား တမျိုးတွေ့ ကြပေမည်။ ဘကြီးဘဘေ အမှူးပြုသော နိုင်ငံရေးခေါင်းဆောင်ကြီးများက သူရိယတိုက်ကို စတင်ထူထောင်ရာတွင် ထိုပုဂ္ဂိုလ်ကြီးများမှာ ဉာဏ်ပညာ ပြည့်စုံပြီးဖြစ်လျက် စီမံကွပ်ကဲရာ၌လည်း အတွေ့အကြုံ များခဲ့သူများဖြစ်၏။ လုပ်ငန်းရှင်သည် ပညာရှင်လည်း ဖြစ်သောကြောင့်ဘကြီးဘဘေကဲ့သို့သော စွယ်စုံဆရာကြီးများ လက်ထက်တွင် မားမားမတ်မတ် တဟုန်တည်း တိုး တက်ခဲ့ခြင်း ဖြစ်ပေသည်။ အယ်ဒီတာဘက်၌လည်းကောင်း၊ အုပ်ချုပ်ရေး ဘက်၌လည်းကောင်း ဘကြီးဘဘေကဲ့သို့ နှစ်ဖက်ချွန် နှစ်မျိုးရ စာနယ်ဇင်း သမားများကား ရှာမှရှားပေသည်။

ဗမာ့ခေတ်သတင်းစာတိုက်၌ လုပ်ငန်းရှင် ဦးအုန်းခင်သည် အယ်ဒီတာ အမျိုးမျိုး ရှာဖွေအားကိုးခဲ့ရာမှ အောင်ဗလခေါ် ကိုသောင်းနှင့် ကြုံတွေ့ခဲ့ သည်မှာ သူတို့နှစ်ဦးနှစ်ဘက်အတွက် အတော်အဆင်ပြေသည်ဟု ဆိုရ ပေမည်။ အဘယ်ကြောင့်ဆိုသော် ကိုသောင်းသည် လူပင်ငယ်သော်ငြား လည်း ဘကြီးဘဘေ၏ ပါရမီမျိုး ဗီဇပါရှိလျက် အယ်ဒီတာအလုပ်နှင့် အုပ် ချုပ်ရေးတာဝန်များကို ဘာမျှဝန်မလေးသလို ခပ်အေးအေး ပူးတွဲရွက် ဆောင်နိုင်သူ ဖြစ်၍ပေတည်း။

ကျနော်သည် သတင်းစာပညာတော်သင် ဖြစ်ခဲ့ပါ၏။ နိုင်ငံခြားမှ ဘွဲ့ရခဲ့ပါ၏။ သို့သော် အယ်ဒီတာဌာန၌သာ ဝါသနာပါလျက် အုပ်ချုပ်ရေး တာဝန်ကို နည်းနည်းမျှ အလိုမရှိပါ။ ငွေလည်း မကိုင်တတ်။ စာရင်းအင်း ကိုလည်း မကြည့်ချင်ပါ။ လုပ်ငန်းနှင့် ပတ်သက်သော ကိန်းဂဏန်းနှင့် တိုလီ မိုလီ ပြဿနာများမှာ အတွေးသမား၊ အရေးသမား ကလောင်ရှင်အဖို့ဆူးငြောင့်ခလုတ်များသာတည်းဟု ယူဆပါသည်။ ထိုကြောင့် ဗမာ့ခေတ်

တောရကျောင်း၌ တဝါဆိုခဲ့ပြီးနောက် အိုးဝေသတင်းစာတိုက်ကို ကျနော် ကိုယ်တိုင် ဦးစီးထူထောင်သောအခါ တိုးတက်ခြင်းမရှိဘဲ ကြာမြင့်စွာ လုံး လည်လိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ။

အောင်ဗလခေါ် ကိုသောင်းကား အတောင်အလက် မစုံသေး၍ ဗမာ့ ခေတ်၌ပင် လေးငါးနှစ် ဝါဆိုပြီးမှ တစင်ထောင်သူဖြစ်ပါသည်။ သို့သော် သူ ကား ဘကြီးဘဘေကဲ့သို့ (နှစ်မျိုးရ အော်ဒီမန်စာချုပ်) ဖြစ်၍ သူ ထူထောင် ကြေးမုံသတင်းစာမှာ စတင်ထုတ်ဝေသည့်နေ့မှစ၍ တရှိန်ထိုးတက်ကာ

ကောင်းကင်လေ မိနေပြီဖြစ်ပါသည်။ ကြေးမုံသည် ကိုသောင်း၏ လက်ထက် ၌လည်းကောင်း၊ ပြည်သူပိုင်လုပ်ပြီးချိန်၌လည်းကောင်း သူ့မူ သူ့ဟန်အတိုင်း ဘယ်သောခါမျှ စောင်ရေကျဆင်းဖွယ် မရှိပါချေ။

ထို့ကြောင့် ကျနော်သည် ဘိလပ်ပြန် သတင်းစာသမားတဦးအနေဖြင့် ဖြောင့်ချက်ပေးရသည်ရှိသော် အောင်မြင်သော စာနယ်ဇင်းသမားတဦး ဖြစ်မြောက်ရန် ဘိလပ်သွားစရာမလိုပါ။ ဘိုးဝဇီရသည်လည်းကောင်း၊ ဘကြီးဘဘေသည်လည်းကောင်း၊ ကိုသောင်းသည်လည်းကောင်း ပညာ

တော်သင်များ မဟုတ်ပါ။ လုပ်ငန်းနှင့်ပတ်သက်သမျှ အဘက်ဘက်တွင် စိတ်ဝင်စားမှု၊ လေ့လာမှုသည် အဓိကလိုအပ်သော အရည်အချင်းပင် ဖြစ်ပါသည်။

ဘိလပ်ပြန်သတင်းစာသမား ဖြစ်သော်ငြားလည်း အထက်ပါ ခြံပေါက် စွယ် စုံဆရာများလောက် မစွဲသည်မှာကျနော့်အဖို့ ရှက်ဖွယ်ဖြစ်ပါသည်။ သို့သော် ကျနော်ဘက်၌လည်း အလားတူ မစုံသော ပုဂ္ဂိုလ်ကျော်ကြီးများ ရှိနေသဖြင့် အဖော်ကောင်းများ ရရှိနေပါသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးသည် လည်း

ကောင်း၊ သခင်ကိုယ်တော်မှိုင်းသည်လည်းကောင်း စာပေဘက်၌သာ စိတ် ဝင်စားခဲ့ကြပါသည်။ စာရင်အင်း ကိန်းဂဏန်းစသော အုပ်ချုပ်ရေး ဗာဟီယ များကို လွန်စွာ စက်ဆုပ်သော အယ်ဒီတာကြီးများ ဖြစ်ခဲ့ကြပါသည်။ ထို

ကြောင့်လည်း ထိုဆရာကြီးများမှာ ဘယ်သောအခါမျှ လုပ်ငန်းရှင်၏ စည်း စိမ်မျိုးကို မစံစားရဘဲ ဖြစ်သလို နေထိုင်စခန်းသွားခဲ့ကြပါသည်။ သူတို့ အနေဖြင့်လည်း တိုင်းပြည်ကို ကျေးဇူးပြုနိုင်ခဲ့ပုံမှာ ကျနော်တို့လို နောက်လူ “စာ” များအတွက် အားတက်စရာပင်ဖြစ်တော့၏။

(၃)

ကိုသောင်းသည် အင်္ဂလန်ပြည်တွင် စောင်ရေအများဆုံး ထုတ်ဝေရသော “ဒေလီမီရာ” သတင်းစာကြီးကို အတုယူကာ ကြေးမုံသတင်းစာကို ထုတ် ဝေခဲ့ခြင်းဖြစ်၏။ ပုံသဏ္ဌာန်၊ အချိုးအစား၊ အထားအသို၊ အတည်းအဖြတ်၊ အထေ့အငေါ့မှစ၍ အားလုံး ပုံတူပြုလုပ်ခဲ့ပေသည်။ ထိုကြောင့်လည်း သပ်ရပ် စင်ကြယ်သော ရွှေပြေးသတင်းစာအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

သို့သော် ကိုသောင်း၏ ကြေးမုံသတင်းစာကို ကျနော်မကြိုက်သော အချက်တခု ရှိပေသည်။ ထိုအချက်ကား ဘက်လိုက်ခြင်းပင်တည်း။

ဤခေတ်တွင် ကြီးပြင်းလာသူများဖြစ်သည့်အလျှောက် လက်ဝဲ ဖက်ရှင်ကို လိုက်စားကာ အလံဖြူ အလံနီ အငွေ့အသက်မကင်းသော သတင်းစာဖြစ်ခဲ့ပေသည်။ အရွှေလက်ဝဲအုပ်စုမှ သတင်းများကို အသားပေး

လေ့ရှိပြီး အနောက်လက်ယာအုပ်စုမှ သတင်းများကို အမြီးတပ်ခြင်း၊ နှုတ် ခမ်းမွှေး ဆွဲထည့်ခြင်း၊ လုံးဝမှောင်ချကာ အမှိုက်ပုန်းထဲ ထည့်ပစ်ခြင်းများကို ကြေးမုံက ပြုလုပ်လေ့ရှိခဲ့၏။

သတင်းစာတစောင်အနေဖြင့် မိမိနှစ်သက်ရာ ဝါဒသဘောတရားကို ဦးစားပေးနိုင်ပါ၏။ သို့သော် ခေတ်ကာလအလျှောက် မိမိတိုင်းပြည်၏ အခြေအနေအရ လိုအပ်သော ကမ္ဘာ့သတင်းဗဟုသုတများကိုကား မကွယ် မဝှက် ဟုတ်တိုင်းမှန်ရာ တင်ပြသင့်ပေသည်။ ။ " ကျနော်တို့ မြန်မာပြည်သည် ပဒေသရာဇ်ခေတ်၌လည်းကောင်း၊ နယ်ချဲ့ခေတ်၌လည်းကောင်း ကမ္ဘာ့ဗဟုသုတများကို တကြိမ်တခါမျှ စုံလင် စွာ လေ့လာခဲ့ဖူးသည်မရှိသေးပါ။ အုပ်စိုးသူများ၏ မှိုင်းအတွင်း၌ပင်

ယောင်ဝါးဝါးနေခဲ့ကြရ၏။ လွတ်လပ်ရေးရရှိချိန်တွင် ကျနော်တို့အဖို့ ကမ္ဘာ့ အခြေအနေ အရပ်ရပ်ကို ယထာဘူတကျကျ ဆည်းပူးလေ့လာကြရန် အချိန် ဖြစ်၏။ ဤသို့ မဆည်းပူး မလေ့လာဘဲ တိုးတက်ဖွံ့ဖြိုးခြင်းငှာ မဖြစ်နိုင်ပါ။ဂျပန်ပြည်သည် မီဂျီဘုရင်ခေတ် (လွန်ခဲ့သော နှစ်တရာ) မှ စ၍ ကမ္ဘာ့ ရေးရာများကို ဂျပန်တမျိုးလုံး ကြိုးစားလေ့လာကြရာမှ ယခုလို ထိပ်တန်း အဆင့်သို့ ရောက်ရှိခဲ့သည်။ ရုရှားပြည်၏ အလားတူကြိုးပမ်းချက်သည် လီနင်ခေတ်မှ စသည်မဟုတ်ပါ။ (၁၇) ရာစုခေတ်၌ ပီတာဘုရင်ကိုယ်တိုင် ဥရောပတိုက်ကို လှည့်လည်လေ့လာရာမှ စခဲ့ပေသည်။ အင်္ဂလန်ပြည်သည် ရာဇဝင်တလျှောက်လုံး နိုင်ငံခြားရပ်များမှ မောင်းထုတ်ခံရသော ပညာရှင် ပေါင်းစုံတို့ကို လက်ခံပြုစုကာ အတတ်မျိုးစုံရှာမှီးခဲ့၏။ အမေရိကန်ပြည် သည်လည်း ယနေ့တိုင် လူမျိုးပေါင်းစုံတို့၏ ဗဟုသုတပေါင်းစုံတို့ ထွန်းကား ရာနိုင်ငံအဖြစ် တိုးတက်နေခြင်း ဖြစ်၏။

မြန်မာပြည်နှင့်တကွတ်လပ်ခါစ အာရှ၊ အာဖရိကနိုင်ငံသစ်တို့သည် ကြားနေဝါဒကို ကျင့်သုံးကြခြင်းမှာ လက်ဝဲလက်ယာ အရှေ့အနောက် အုပ်စုနိုင်ငံအားလုံးနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံလျက် နှစ်ဘက်စလုံး မှ ဗဟုသုတများကို စုံလင်စွာ ရရှိလို၍ ဖြစ်၏။ ဤသို့သော အခြေအနေတွင် သတင်းစာများက လွတ်လပ်ခါစ ကြားနေပြည်သူလူထုကို လက်ဝဲသို့ လည်း ကောင်း၊ လက်ယာသို့လည်းကောင်း တဘက်သတ် မှိုင်းတိုက် ရိုက်သွင်းသင့်ပါသလော....။

မည်သို့ပင်ဖြစ်စေ ကြေးမုံသတင်းစာသည် ကိုသောင်းတို့လက်ထက် တွင် စောင်ရေအများဆုံး သတင်းစာအဖြစ်ဖြင့် လက်ဝဲကို ဘေးတီးပေးခဲ့ရာ မှ မြန်မာပြည်သူများ လက်ဝဲမှိုင်းမိခဲ့ရလေသည်။ သတင်းစာဆိုသည်မှာ စောင်ရေများလေတာဝန်ကြီးလေဖြစ်သည်ကို သတိပြုသင့်၏။

သတင်းစာများကို ပြည်သူပိုင်ပြုလုပ်ချိန်က ကိုသောင်း၏ ကြေးမုံသတင်း စာသည် မြန်မာပြည်တွင် အကြီးဆုံး အကြွယ်ဝဆုံးဖြစ်၍ အစိုးရအဖို့ အတော် အကျိုးများသည်ဟု ကြားသိရ၏။ ကိုသောင်းအဖို့ ဤဘဝ၌ လူဖြစ် လာရာတွင် ကြီးကျယ်ဖွံ့ဖြိုးသော လုပ်ငန်းကြီးတခုကို ဖန်တီးကာ ပြည်သူ့ အစိုးရလက်သို့ အပ်နှံနိုင်ခဲ့သည်မှာ ကျေနပ်ဖွယ်ဖြစ်၏။ သူသည် “ဆန်ကုန် မြေလေး” စာရင်းဝင်တဦးမဟုတ်တော့ချေး သူ့ဘဝ၌ အဓိပ္ပာယ်ရှိသည်မှာ ထင်ရှား၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)