Skip to product information
1 of 2

Other Websites

ကိုတာ - ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပါရဂူ၏

          မှာ                      ကာ:

ပန်းချီဆရာသည် ပန်းချီပုံ ဆွဲပြီးသောအခါ သူ၏ ပန်ချီပုံစိတ်တိုင်းကျဖြစ်လာ၊ မလာ ကြည့်ရှု ရာ၌ ပန်ချီပုံကို အနီးကပ် ကြည့်ရှုရုံ သာမကဘဲ ခပ်ခွာခွာ နေရာမှလည်း ကြည့်သည်။ ရှေ့တည့် တည့် ခပ်ခွာခွာမှ ကြည့်သည်။ ဘေးနှစ်ဖက် ခပ်ခွာခွာမှ ကြည့်သည်။ ပန်းချီပုံတွင် ဆေးထူ လွန်းနေသည့် နေရာတွေ့လျှင် ပါးသွားအောင် လုပ်သည်။ ဆေးပါး လွန်းနေသည့် နေရာတွေ့ လျှင် ထူသွားအောင် လုပ်သည်။ အမှောင်လို သည်ထက် ပိုနေလျှင် အမှောင်လျှော့ပစ်သည်။ အလင်းအား ကောင်းနေလျှင် အမှောင်ဖြည့်ပေး သည်။ ပန်းချီပုံ ဝပ်နေလျှင် ကြွလာ အောင်လုပ် သည်။ ထိုအခါ ပန်ချီပုံသည် ပန်ချီဆရာ၏ စိတ်တိုင်းကျဖြစ်လာသည်။

ရေစီးကြောင်းထဲ မိမိကိုယ်တိုင် မျောပါ သွားလျှင် ရေမနစ်အောင် ကူးခပ်နေရသည်နှင့် ရေစီးကြောင်း၏ သရုပ်သကန်ကို သိဖို့ဝေးစွ။အဏ္ဏဝါသင်္ချိုင်းထဲ အသက်မစတေးလိုက်ရလျှင် တော်ပြီးဟု အောက်မေ့ရလိမ့်မည်။ မြစ်ကမ်းဘေးကထိုင်ပြီး ရှုမြင်သုံးသပ်ပါမှ ရေစီး ကြောင်း ဟူသည် မည်သည့် အရာဖြစ်သနည်းဆိုသည်ကို သိလိမ့် မည်။ ရေစီးကြောင်း၏ သဘာဝကို နားလည်လိမ့်မည်။ ရေစီးကြောင်း မည်သို့မည်ပုံ စီးဆင်းနေသည်ကိုလည်းကောင်း ၊ ရေးစီးကြောင်းထဲ မည်သည့်အရာဝတ္ထု မျောပါသွားသည်ကိုလည်းကောင်း၊ မြင့်တွေ့ ရလိမ့်မည်။

 ဥယျာဉ်ထဲဝင်ကြည့်လျှင် သစ်ပင်တစ်ပင်စီကိုသာ တွေ့ရမည်။ သစ်ရွက်တစ်ရွက်ကိုသာ တွေ့ရမည်။ သစ်ကိုင်းတစ်ကိုင်းစီကိုသာ တွေ့ရမည်။ ဥယျာဉ်တွင်း၌ ဥယျာဉ်၏ သစ်ရွက်ခြောက်များကိုသာ တွေ့ရမည်။ ဥယျာဉ်တွင်း၌ ဥယျာဉ်၏ သာယာကြည်နူးဖွယ် ပျောက် နေသည်။ ဥယျာဉ်တွင်း၌ ဥယျာဉ်၏ သာယာကြည်နူးဖွယ်ကို ရှာမရပေ။ ဥယျာဉ်၏ သာယာကြည်နူးဖွယ်ကို ကြည့်လိုလျှင် ဥယျာဉ်နှင့်ခွာပြီး ကြည့်ရလိမ့်မည်။ ခပ်လှမ်းလှမ်းမှ ကြည့်မှသာလျှင် ဥယျာဉ်အလှ ပေါ်လာလိမ့်မည်။

တစ်မိုင်နှစ်မိုင်လောက် ဟိမဝန္တာတောင် တက်ဖူးသည်။ ဟိမဝန္တာတောင်သို့ အနီးကပ်ရောက်ရှိသွားပြီး တောင်ပေါ် တစ်မိုင် နှစ်မိုင်လောက် တက်သွားသောအခါ ဟိမဝန္တာ၏ အလှသည် “သုည” ဖြစ်သွားသည်။ မိမိ၏ မျက်မှောက်၌ ကျောက်တုံးကြီးများသာ ရှိနေသည်။တောင်ထိပ်ရောက်သွားလျှင်လည်း ဟိမဝန္တာ၏အလှကို တွေ့ရဖို့ ဝေးစွ။ ရေခဲပြင်ကြီးထဲ ကျွံနစ်မသွားအောင် မနည်းရုန်းထွက်နေရလိမ့် မည်။ ဟိမဝန္တာတောင်၏ အနီးကပ်၌လည်းကောင်း၊ ဟိမဝန္တာတောင် ပေါ်၌ လည်းကောင်း၊ ဟိမဝန္တာ၏အလှကိုရှာမရပေ။ ဟိမဝန္တာတောင် ခြေမှ ခွာလာခဲ့သည်။ လေးငါးမိုင်အကွာအဝေးအရောက် နောက်ဘက် ပြန်ကြည့်လိုက်မှ ဟိမဝန္တာ၏အလှ ပေါ်လာသည်။

ဝိပဿနာပွားများအားထုတ်ရာ၌ ခွာပြီးကြည့်ခြင်းသည် အလွန် အရေးကြီးသည်။ ဘာဝနာပွားများရာ၌ အဆင့်နှစ်ဆင့်ရှိသည်။သမာဓိအဆင့်နှင့် ပညာအဆင့်ဖြစ်သည်။ ပညာအဆင့်တွင် မိမိ၏ ကိုယ်ခန္ဓာအတွင်း၌ ဖြစ်ပျက်နေသော ဝေဒနာကို မြင်သုံးသပ်ရသည်။ ဝေဒနာ နှစ်မျိုးနှစ်စားရှိသည်။ လိုလားအပ်သော သုခဝေဒနာနှင့် မလိုလားအပ်သော ဒုက္ခဝေဒနာ ဖြစ်သည်။ လိုလားအပ်သော သုခဝေဒနာ ဖြစ်ပေါ်လာလျှင်လည်း လိုလားခြင်း မဖြစ်ရပေ။ သုခဝေဒနာကို ခံစားမှု မပြုရပေ။ မလိုလားအပ်သော ဒုက္ခဝေဒနာဖြစ်ပေါ်လာလျှင် လည်း မလိုလားခြင်း မဖြစ်ရပေး။ ဒုက္ခဝေဒနာကို ခံစားမှု မပြုရပေ။ မည်သည့်ဝေဒနာ ပေါ်လာပေါ်လာ ဝေဒနာနှင့် ပူးကပ်မသွားဘဲ ကမ်းပေါ်ထိုင်ပြီး ရေစီးကြောင်း ကြည့်ရှုနေသူကဲ့သို့ ဝေဒနာနှင့်ခွာပြီး မည်သည့်ဝေဒနာကိုဖြစ်ဖြစ် တပြေးတညီတည်း “ဝေဒနာ မှန်သမျှ ဥဒဝယ ဖြစ်ပျက်သဘော ရှိပါကလား” ဟု ဥပေက္ခာအမြင်နှင့် ရှုမြင် သုံးသပ်ရသည်။ ဤ၌ ဥပေက္ခာသည် လစ်လျူရှုခြင်း အနက်အဓိပ္ပာယ် မဟုတ်ပေ။ ကြားနေကြည့်ခြင်း၊ သဘောကိုကြည့်ခြင်း အနက်အဓိပ္ပာယ် ဖြစ်သည်။ တစ်ပြေးတညီတည်း အနက်အဓိပ္ပာယ်ဖြစ်သည်။ တစ်ဖက် စောင်းနင်းမဖြစ်ခြင်း အနက်အဓိပ္ပာယ်ဖြစ်သည်။

အကြောင်းအရာတစ်ခုကို သမရိုးကျ တွေးနည်းမျိုးဖြင့် မတွေးဘဲ၊ ဘက်စုံထောင့်စုံမှနေ၍ ယုတ္တိဗေဒမကျသည်ဟု ထင်ရသောနည်းဖြင့် တွေးသောနည်းကို " Lateral thinking" ဟု ခေါ်သည်။ ကိုတာက ယင်းနည်းကို ဖြန့်ထွက်တွေးခြင်း” ဟု အမည်ပေးထားသည်။ ကိုတာ သည် ယေဘုယျ လူများမတွေးသော ယင်းအတွေးသစ် အမြင်သစ်များကို "ဖြန့်ထွက်ခြင်းနှင့် အခြားစာတမ်း” အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေထားသည်။ ယင်းစာအုပ်ကို စာဖတ်ပရိတ်သတ် ကြိုဆို ကြသည်ဟုလည်း သိရသည်။

ယခုတဖန် ဒုတိယကြိုးပမ်းချက်အနေဖြင့် “ရယ်ရွှင်ဖွယ်နှင့် အခြား စာတမ်းများ" ကို ရေးသားထုတ်ဝေပြီးလျှင် စာဖတ်သူများအား ဦးနှောက်အလုပ်ပေးလိုက်ပြန်ပြီ။ တွေးစရာတောစရာပြဿနာများကိုတင်ပြထားပြန်သည်။ စာအုပ်၏ အမည်ကို “ရယ်ရွှင်ဖွယ်" ဟု တပ်ထားခြင်းမှာ ဆေးလုံးကို ရှောရှောရှူရှူမျိုနိုင်အောင် သကြားဖုံး အုပ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဤစာအုပ်၌လည်း သမရိုးကျ တွေးပုံတွေးနည်းမှ လမ်းခွဲထွက်လျက် အကြောင်းအရာများကို အတွေး သစ် အမြင်သစ်ဖြင့် ချဉ်းကပ်ထားသည်။

“မုန့်တတိုး နမူနာ" ကို ကြည့်ပါ။ အကာနှင့်အနှစ် ဘေးသား နှင့်အလယ်သားသည် သဘာဝက ဖန်တီးထားသော အရာများဖြစ်သည်။ ဘေးသားနှင့် အလယ်သားပေါင်းထားမှ မုန့်ကတိုးဖြစ်သည်။ အကာနှင့် အနှစ်ပေါင်းထားမှ သစ်ပင်ဖြစ်သည်။ ဘေးသားဖတ်ထုတ်ပစ်လိုက်ပါ။ မုန့်ကတိုး ဖြစ်လာမည်လော။ အကာမရှိဘဲ အနှစ်ချည်းရှိနေလျှင် သစ်ပင်တစ်ပင် ဖြစ်လာမည်လော။

လူ့ဘဝတွင်လည်း ဘေးသားနှင့်အလယ်သားရှိသည်။ အကာနှင့် အနှစ်ရှိသည်။ အကာကိုဖယ်ပြီး အနှစ်ကို ယူရမည်ဟူသော အတွေးသည် လူ့လောက၏ အစဉ်အလာ အတွေးဖြစ်သည်။ လူ့လောက၏ ရိုးရာအမြင် ဖြစ်သည်။ “ မုန့်ကတိုး နမူနာ” စတမ်း၌ ယင်းအတွေး ယင်းအမြစ်ကို အတွေးသစ် အမြင်သစ်ဖြင့် ဆင်ခြင်သုံးသပ်ထားသည်။

လူ့ဘဝ၏ ဘေးသားသည် လူ့လောက၏ တာဝန်ဝတ္တရား အပြင် ဖက်က နေရာဖြစ်သည်။ လူ့လောက၏ လုပ်ငန်းဆောင်တာ အပြင်ဖက်က ကွက်လပ်ဖြစ်သည်။ လူ့လောက သတ်မှတ်ထားသောစံ၏ အပြင်ဖက်က အကာဖြစ်သည်။ မိမိကိုယ်ပိုင်အခွင့်အလမ်းဖြစ်သည်။ ယင်း ဘေးသားသည် အလယ်သား၊ အတွင်းသားနှင့်အတူတကွ လူအတွက် သဘာဝက ဖန်တီးထားသည့်အရာဖြစ်သည်။ လူ့ဘဝကို အလယ်သား ချည်းဖြစ်အောင် ဖန်တီးလျှင် အနှစ်ချည်းဖြစ်အောင် ပြုလုပ်လျှင် သဘာဝက လက်ခံမည်မဟုတ်ပေ။ ရေခွက်ထဲရေထည့်လျှင် ရေခွက်၏ အနားသားနေရာတွင် တစ်လက်မလောက် နေရာလပ်ချန်ထားကြသည်။ လက်ဖက်ရည်ပန်းကန်ထဲလက်ဖက်ရည်ထည့်လျှင် လက်ဖက်ရည်ပန်းကန် အနားသားနေရာတွင် နေရာကွက်လပ် ချန်ထားကြသည်။ ရေခွက်ထဲရေအပြည့်ထည့်လျှင် လျှံကျသွားမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ လက်ဖက်ရည်ခွက်ထဲ လက်ဖက်ရည်အပြည့်ထည့်လျှင် လက်ဖက်ရည် ဖိတ်ကျသွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော်လည်း လူ့ဘဝ ခွက်ထဲတွင်မူ နေရာလပ်မကျန်အောင် အနှစ်တွေချည်း လောင်းထည့်ဖို့ ကြိုးစားနေကြသည်။ ကျောင်းတက်စ အရွယ် ကလေးသူငယ်များ စာအုပ်အပြည့်ထည့်သော ကျောပိုးအိတ်ကို တနင့်တပိုး ကျောပိုးပြီး ကျောင်းသွားရခြင်း၊ စာအုပ်တွေ မဆန့်မပြဲ ထည့်ထားသော လွယ်အိတ်ကို မနိုင့်တနိုင်လွယ်ပြီး ကျောင်းသွားရခြင်း၊ အိမ်ပြန် ရောက်လာသောအခါ၌လည်း ကျူရှင်ဆရာ၏ ရှေ့တွင် ထိုင်နေရခြင်း၊ ထိုမျှသာမက ကျောင်းအားသည့် ရက်များ၌ပင် တရားစာကျက်မှတ် သင်ကြားရန်၊ သို့မဟုတ် တရားနှလုံးသွင်ရန် ဘုန်းကြီးကျောင်း သို့မဟုတ် တရားရိပ်သာ သွားရခြင်းတို့သည် ကလေးသူငယ်များ၏ ဘဝခွက်ထဲ ဘေးသားမကျန်အောင်၊ နေရာလပ် မကျန်အောင်၊ အကာမကျန်အောင် အနှစ်ချည်းလောင်းထည့်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်သည့်အတွက် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်လာမည်နည်း။ ကလေးသူငယ်များ ၏ ဘဝခွက်ထဲက အနှစ်တွေ လျှံထွက်သွားလိမ့်မည်။ ဖိတ်ကျသွားလိမ့် မည်။ ဘေးသားနှင့်အလယ်သား၊ အကာနှင့်အနှစ် မညီမမျှ ဖြစ်နေခြင်း သည် ဦးခေါင်းပိုင်းအဆမတန်ကြီးပြီး ခြေသိမ်နေသော၊ ခြေခွင်နေသော သူနှင့်တူသည်။ သဘာဝက ယင်းအဖြစ်မျိုးကို လက်မခံပေ။

တဂိုး၏ ဝတ္ထုတိုများထဲတွင် နာမည်ကျော်ဝတ္ထုကိုတစ်ပုဒ်ရှိ၏။ ဝတ္ထု၏အမည်မှာ “HomeComing" ဖြစ်သည်။ မုဆိုးမတစ်ယောက် တွင် သားနှစ်ယောက်ရှိသည်။ သားအကြီးက ပေတေတေ ကပ်တတ်တတ် လုပ်သည်။ ဆော့သည်။ သို့သော် မည်သည့်အခါမှ မမှန်တာမပြော။ သူလုပ်လျှင် လုပ်သည်ဟု ဝန်ခံသည်။ သားအငယ်က ငြိမ်သည်။ ဣနေရသည်။ ကလေးအဖော်များနှင့် ဆော့မကစကား။ သို့သော် လိမ်ပြောသည်။ သူလုပ်သည့်အပြစ်ကို သူ့အစ်ကိုပေါ် လွှဲချသည်။အမေက သားအကြီးကို မျက်နှာသာ မပေးဘဲ၊ အမြဲ ဆူပူရှိန်းမောင်းသည်။ သားအငယ်ကို အလိုလိုက်သည်။ တစ်နေ့သ၌ ကလကတ္တား၌နေသော အစ်ကိုဖြစ်သူသည် ကလေးနှစ်ယောက်၏အမေ သူ့ညီမနေသည့်ရွာသို့ အလည်အပတ်ရောက်လာသည်။ အစ်ကိုဖြစ်သူ ကလကတ္တားအပြန်တွင် ညီမဖြစ်သူ မုဆိုးမသည် သားအကြီးကို သူဆုံးမလို့မရဟု ပြောပြီး သူ့အစ်ကိုနှင့် ကလကတ္တားထည့်လိုက်သည်။ သားအကြီးသည် အမေ ကကြိမ်တို့ပြီး ထည့်လိုက်သောကြောင့် ဦးကြီးက ဇွတ်အတင်း ခေါ်သွား သောကြောင့် မလိုက်ချင်ဘဲနှင့် လိုက်သွားရရှာသည်။ သူ့ဦးကြီး အိမ်ရောက်သွားသောအခါ နောက်လာတဲ့ “မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” နေသည်။ သွေးမစပ်သူ အဒေါ်က လူပိုခေါ်လာရမလားဟု သူ့ယောကျင်္းကို ဆူဆောင့်သည်။ သွေးမစပ်သော သူ့တူကို ငြူစူသည်။ ကလေးသည်သူ့ဦးကြီးအိမ်တွင် မပျော်တော့ပေ။ အိမ်ပြန်ချင်လာသည်။ ဦးကြီးကိုလည်း မပြောဝံ့။ တစ်နေ့တွင် ညကြီးမင်းကြီး မိုးသဲသဲမဲမဲ ရွာနေချိန် အိမ်က ထွက်ပြေးသည်။ လမ်းတွင်ကလေးကို ပုလိပ်တွေ့သွားသည်ဖြစ်၍ ဖမ်းပြီး ဦးကြီးအိမ်ပို့သည်။ မိုးမိပြီး ကလေးဖျားသည်။ ကိုယ်ခြစ်ခြစ်တောက် ပူသည်။ “ကျွန်တော့်အမေရွာ ပြန်သွားတာ ဒီပုလိပ်က ဖမ်းပြီး အိမ်ပြန် ပို့တယ်ဟု ပြောပြီး အပြင်းဖျားနေသော ကလေးသည် သူ့ဦးကြီး ကို လည်းကောင်း၊ သူ့အမေနှင့် သူ့ညီကိုလည်းကောင်း ဤလောကကြီးကို လည်းကောင်း မျက်နှာလွှဲသွားသည်။

ရင်နင့်ဖွယ်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းဝတ္ထု၌ ဝတ္ထုရေးဆရာသည် ကလေးသူငယ်၏ ဘဝခွက်ထဲ ဘေးသားကို ဂရုမထားဘဲ၊ အကာကို ထဲမတွက်ဘဲ၊ နေရာလပ်ကို ချန်မထားဘဲ ဖိတ်လျှံကျကုန်သည့်အထိ အနှစ်ကိုချည်း တအားလောင်းထည့်ပုံကို ခြယ်မှုန်းပြထားသည်။

ဤစာအုပ်တွင်ပါသော “မျဉ်းကွေးတစ်ခုအကြောင်း” စာတမ်း၌ စာရေးဆရာသည် လူ့ဘဝ၏ ဖြစ်-တည်-ပျက် (ဥပါဒ်၊ဌီ၊ဘင်) သဘောကို ဆွေးနွေးထားသည်။ ဖြစ် - တည် - ပျက် သည် ဗုဒ္ဓအဘိဓမ္မာ၏ သဘောတရားဖြစ်သည်။ သို့သော်လည်း ဗုဒ္ဓအဘိဓမ္မာ၏ ဖြစ်-တည်-ပျက်သည် နာမ်နှင့်ရုပ်တို့၏ ဖြစ်-တည်-ပျက် ဖြစ်သည်။ အလွန် တိုတောင်းသောအချိန်အတွင်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း စိတ္တက္ခဏ တစ်ခုအတွင်း ဖြစ်ပွားသော ဖြစ်-တည်-ပျက် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓအဘိဓမ္မာ၏ ဖြစ်-တည်-ပျက် ကို မံသစက္ခုဖြင့် မတွေ့မြင်ရပေ။ ဉာဏစက္ခုဖြင့်သာ တွေ့မြင်သိရှိရသည်။ ဗုဒ္ဓအဘိဓမ္မာ၏ ဖြစ်-တည်-ပျက်သည် အနိစ္စ လက္ခဏာကို အသေးစိတ်ဖော်ပြသည်။ သြဠာရိက အမြင် အရသာ မကဘဲ အထည်ကိုယ်ဒြပ်ရှိသည့်အပြင် အရသာမကဘဲ သုခုမအမြင်အရလည်း သိမ်မွေ့သော အမြင်အရလည်း ဖော်ပြသည်။

“မျဉ်းလေးတစ်ခုအကြောင်း” ၌ ပါသော ဖြစ်-တည်-ပျက်ကား မံသစက္ခုဖြင့်ကြည့်၍ရသော ရုပ်တရား၏ ဖြစ်-တည်-ပျက်ဖြစ်သည်။ ယင်း၌ “ဥပါဒ်” (ဖြစ်) သည် ဇာတိဖြစ်ပြီး “ဘင်" (ပျက်) သည် မရဏ ဖြစ်သည်။ ယင်း“ပုခက်” နှင့် “ခေါင်း”၏ ကြားကာလသည်"ဌီ" ဖြစ်သည်။ ယင်းဌီ၏ကာလသည် ရှည်လျားသည်။ ဖြစ်-တည်-ပျက်၏ ဦးတည်ချက် မှာလည်း ပုဒ္ဓအဘိဓမ္မာ၏ ဖြစ်-တည်-ပျက် ကဲ့သို့ လောကုတ္တရာရေး မဟုတ်ပေ။ အနိစ္စလက္ခဏာကို ညွှန်ပြခြင်းမဟုတ်ပေ။ လောကီရေးဖြစ် သည်။ ရုပ်ပိုင်ဆိုင်ရာဖြစ်သည်။ ဘဝ၏ အတက်အကျကို ဖြစ်-တည်-ပျက်သဘောဖြင့် သုံးသပ်ပြထားခြင်းဖြစ်သည်။

"ပြဿနာ" အမည်ရှိ စာတမ်းတွင် ဘဝ၌ လွတ်လပ်မှု လိုအပ် သလို “မလွတ်လပ်မှုလည်း လိုအပ်သည်ဆိုသည့်အကြောင်းကို ဆွေးနွေး တင်ပြထားသည်။ မလွတ်လပ်မှုသည် အမှီအခို မကင်းခြင်း (Interdependence) ဖြစ်သည်။ ကမ္ဘာလောကကြီးသည် မလွတ်လပ်မှုသို့မဟုတ် အမှီအခို မကင်းခြင်းအပေါ်၌ ရပ်တည်နေသည်။ ကမ္ဘာလောကကြီးကို အညမညဒေါက်နှင့် ထောက်ထားသည်။

လွပ်လပ်ပြီးစ ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံတကာကို မမှီခိုဘဲနှင့် တိုးတက်ကြီးပွားလာဖို့ မလွယ်ပေ။ နိုင်ငံတစ်နိုင်ငံသည် အခြား နိုင်ငံ တစ်နိုင်ငံ၏ အကူအညီနှင့် မကင်းပေ။ မြို့ရွာတစ်ရွာသည် အခြားမြို့ရွာတစ်ရွာနှင့်လက်တွဲရသည်။ သားသမီးသည် မိဘကို မှီခိုရသည်။ မိဘသည် သားသမီးအပေါ် အားထားရသည်။ လက်ကတုံး တောင်ဝှေး လုပ်ရသည်။ ဆွေမျိုးသားချင်း အချင်းချင်း ရိုင်းပင်းရသည်။ “သိင်္ဂါလောဝါဒသုတ်” သည် လူတွေ တစ်ဦးနှင့်တစ်ဦး မှီခိုနေရသည် ဆိုသည့်အချက်ကို ညွှန်ပြနေ သည်။ “သင်္ဂဟ" တရားသည် လူတွေအချင်းချင်း အညမည ဖြစ်နေသည် ဆိုသည့်အချက်ကို သာဓက ဆောင်နေသည်။

ဤစာအုပ်တွင်ပါသော “စီမံတတ်မှ ဖြစ်မယ်” အမည်ရှိ စာတမ်း သည် စီမံခန့်ခွဲမှုအတတ်ပညာ Management) အကြောင်းကို ဆွေးနွေး တင်ပြထားသော စာတမ်းဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ လည်ပတ်မှုသည် စီမံခန့်ခွဲမှု အတတ်ပညာပေါ်တွင် အခြေတည်နေသည်။ ထို့ကြောင့် စီမံခန့်ခွဲမှု အတတ်ပညာကို အတွေးသစ် အမြင်သစ်ဖြင့် ချဉ်းကပ်ထားသော ဤစာတမ်းသည် အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား စီမံခန့်ခွဲမှု အတတ်ပညာနှင့် ပတ်သက်၍ အတွေးသစ် အမြင်သစ် ပေးလိမ့်မည်။

“ပြောင်းလဲခြင်းအကြောင်း " “အချိန်အကြောင်း ‌ပေးစာ" “ပြတင်းပေါက်မှ ကြည့်ခြင်း" တို့လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အကြောင်းအရများနှင့် ပတ်သက်၍ အမြင်သစ် အတွေးသစ် ဖြင့် ဝေဖန်သုံးသပ်ထားသည့် စာတမ်းများဖြစ်သည်။

ဤစာအုပ်တွင်ပါသော "အလင်းရောင်စာကြည့်တိုက်" နှင့် “သတိရမိတာများ"  ကမူ စားကောင်းသောက်ဖွယ် ဟင်းအမယ်မျိုးစုံ စီမံချက်ပြုပြီး တည်ခင်းထားသော ထမင်းပွဲကြီးထဲက သရက်ချဉ်ဖြစ် သည်။

ပါရဂူ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)