ကိုတာ - တွေးသူများ
အကြောင်းအားလျော်စွာ ကျွန်တော်သည် ထိုထိုဤဤ စာအုပ်လေးများ ဖတ်ခွင့်ကြုံပါသည်။ ထိုအခါ တောင်တောင် မြောက် မြောက် အယူအဆလေးများ သိလာရပါသည်။ အမြင်များ၊ တန်ဖိုး များ၊ သဘောထားများ ပြောင်းနေသည်မှာ ဤဒွန္နယာကြီး၏ သဘာဝ အလျောက်ပင် ဖြစ်ပါသည်။ သို့ သော် မပြောင်းကြသည်မှာလည်း သဘာဝအလျောက်ပင် ဖြစ်မလားမသိပါ။ လူဆိုတာ သေမှပဲ ပြောင်းလဲ တာမျိုးဟုလည်း ကြားဖူး၍ ဖြစ်ပါသည်။ တချို့ပြောင်းသော်လည်း တချို့ မပြောင်းပါ။ လူအချို့၏သဘောထားအမြင်နှင့် လူအချို့၏ အမြင် မတူပါ။ ကျွန်တော် ကြိုက်သော မောင်စွမ်းရည်၏ ကဗျာထဲကလို “တချို့ပိန် တချို့ဝ၊ တချို့က သမ တချို့က ဝိသမ၊ တချို့က အရညဝါသီ၊ တချို့က ဂါမဝါသီ၊ နီသူနီ ပြာသူပြာ” ကွဲပြားခြားနား သည်မှာ ဓမ္မတာပါကလား ဟု သိရှိပါသည်။ ထို့ကြောင့် ကျွန်တော် ဖတ်မိသော စာများကို ကျွန်တော်ဖောက်သည်ချသောအခါ (ဝါ) ကျွန်တော်မျှဝေသောအခါ၊ ကြိုက်သည်လည်း ရှိ၊ မကြိုက်သည်လည်း ရှိ၊ သဘောညီသည်လည်း ရှိ၊ သဘော မညီသည်လည်း ရှိပါလိမ့်မည်။ ဖတ်မိသမျှကို ပြန်ပြောခြင်းသာ ဖြစ်၍ ဪ ဒီလိုကိုး၊ ဪ ဒီလို တဲ့လားဟု စဉ်းစားစရာ ဖြစ်မလားဟု ရည်ရွယ်ပါသည်။
ပြတင်းပေါက်က ကြည့်သူ၏ အမြင်များသာ ဖြစ်ပါသည် ဟုလည်း ဝန်ခံပါသည်။ ဆိုလိုရင်းမှာ နှိုက်နှိုက် ချွတ်ချွတ် အနုလုံ ပဋိလုံ ၊ ခရေစေ့တွင်းကျ စပယ်ရှယ်လစ်လို ကျွန်တော်မသိပါ။ သို့သော် ကိုယ်သိသလောက် ပြန်ပြောလျှင်လည်း လွန်မယ်မထင်ပါဘူးဟုတွေးမိသောကြောင့်လည်း ရေးဖြစ်ခြင်းဖြစ်ပါသည်။ အသေးစိတ်စိတ် အတွင်းကျကျ သိလိုသူ များအား ဖတ်ရှုလို လျှင် ဖတ်ရှုနိုင်ရန် ကိုးကားထားသော စာအုပ်အမည်များကတော့ ဖော်ပြပါမည်။
ကျွန်တော်တို့ဆီက လူအများမှာ နိုင်ငံရေး၊ ဘာသာရေး၊ သမိုင်း၊ ရသစာပေ စသည်များကို စိတ်ဝင်စား ကြပါသည်။ ထို့ ကြောင့် ကျွန်တော် တင်ပြသောအချို့ အမည်များမှာ တခြားနေရာတွင် နာမည် ကျော်သော်ငြား၊ ရွှေမြန်မာပြည်ကြီးမှာ စိမ်းချင်စိမ်းနေပါလိမ့်မည်။ ရွှေပြည်ကြီးကတော့ နောက်ကျနေပါသည်။ နောက်ကျခြင်းကို အများလိုပင် ကျွန်တော်လည်း ယားကျိကျိဖြစ်ပါသည်။ ယခုရေးသော အကြောင်းအရာများကို မုံ ရွာဆေးရုံ ဝင်းကြီးထဲမှ တစ်ခုသော လက်ဖက်ရည်ဆိုင်တွင် တမြန်နှစ်များက စကားပြောဖြစ်ပါသည်။ ကျွန်တော်၏ ဆရာတစ်ဦးက ယောနိသော မနသီကာရ၊ နှလုံး သွင်းတတ်အောင် သွင်းကွာ ဟု ဆုံးမပါသည်။ ကျွန်တော့်ငယ်ဆရာတစ်ဦးကတော့ “မောင်တာ ... မင်း နေရာများ မှားမွေးခဲ့သလား၊ ကာလများ မှားမွေးခဲ့သလား” ဟု ဝေဖန်ပါသည်။ တင်မောင်သန်း ကတော့ “သဘောအယူ အဆကို တော့ စိတ်ဝင် စားကြမှာပါ။ ကျွန်တော်တို့ ဒီလိုလုပ်ကြရမှာပဲ၊ ကိုယ်နဲ့ မမှီသေးလို့၊ ကိုယ် မရောက် သေးလို့ ဆိုပြီး မပြောကြလို့ မဖြစ်ပါဘူး” ဟု တိုက်တွန်းသည်။
အနာဂတ်ဆိုတာ ဘာလဲဟု မေးလျှင် အနာဂတ် ဆိုတာ ပစ္စုပ္ပန်ထဲ ကို ချင်းနင်းဝင်ရောက်လာတဲ့ အရာဟု ဖြေလျှင် ရနိုင်ပါသည်။
လေကို ဖောက်ထွင်း၊ လာခဲ့မင်း
ချဉ်းဆရာ ချဉ်း၊ ထွင်းဆရာ ထွင်း
ထိုပစ္စုပ္ပန်ထဲသို့ ထို အနာဂတ် ချဉ်း၍ နင်း၍ ထွင်း၍ ဝင်ရောက်လာပုံမှာ ခင်ဗျားရပ်နေလို့ တောင် မရနိုင်ပါ။ တော်ဖလာ ကတော့ လှိုင်းလုံးနှင့်လည်း ဥပမာပေးသည်။ ငလျင်နှင့် လည်း အလားတူသည် ဟု ပြောသည်။ လေမုန်တိုင်းလို ပင် မဟုတ်။မြေငလျင်လို ကိုင်လှုပ်သည်ဟု ပြောသည်။ လေမုန်တိုင်းက အပေါ်ယံ ကိုသာ ဝှေ့ယမ်းသည်၊ ငလျင်ကတော့ အခြေအမြစ်ကိုပင် ယမ်းခါ ပစ်သည်တဲ့။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။သိသင့်သည်များကို ပြက်သိကာမျှဖြစ်စေ သိလျှင်ပင်၊ မသိသည်နှင့် နှိုင်းစာလျှင် တော်ပါလိမ့်မည်။ ထို့ကြောင့် အတွေး ကြီးကြီးတွေးသူများဖြစ်သော တော်ဖလာ၊ ဒရပ်ကား၊ ချားလ်ဟန်ဒီ စသူများ၊ အင်ဒရူး ဂရိုဗ်၊ ကိုဗေးစသူများနှင့် သူတို့၏ အကြံအစည်၊ အယူအဆများကို မိတ်ဆက်သဘော တင်ပြပါသည်။ ဆက်လက်၍ တင်ပြနိုင်ရန်လည်း အားထုတ်ပါမည်။ မင်းရဲ့ ပြတင်းပေါက်က ကျဉ်း သကွာဟု ဝေဖန်လျှင်တော့ ကျွန်တော့်အမြင်က ဒီလောက်ပါပဲဗျာဟုသာ ပြောစရာရှိပါသည်။
ဤစာအုပ်အမည်ကို “တွေးသူများ”ဟု ပေးလိုက်ပါသည်။ “ပြေးမကြည် သူ များ”ဆို လျှင် ပို မကောင်းဘူးလားဟု တင်မောင်သန်းက အကြံ ပေးပါသည်။ ပညာရှိ တွေးကြည့် က၊ ပြေးကြည့်တာထက် မှန်သည်ဟူသော ဆိုရိုးစကားကို အမှီပြု၍ တွေးသူ များသည် ပြေးကြည့် စရာမလို ဟူ၍ ဆိုချင်ပုံရပါသည်။ စင်စစ်လည်း ပညာရှိ များသည် အတွေးအခေါ်အားဖြင့် သာ လူတွေ အပေါ်၌ လွှမ်းမိုးသူများ ဖြစ်ပါသည်။ ဟိုးဝဒ်ဂါဒနာက ထို ထို သော ကိုယ့် အခန်းထဲမှာ ထိုင်တွေးနေလျှက် လူအများ၏ အတွေးအမြင် ၊ အပြုအမူ၊ ခံစားမှု များကို လွှမ်းမိုး နိုင်သူ များကို “သွယ်ဝိုက်သောခေါင်းဆောင်များ”ဟု အမည်တပ်ပါသည်။ အလက်ဇန္ဒာ၊ နပိုလီယန်၊ လင်ကွန်း၊ ချာချီ စသူများကတော့ “တိုက်ရိုက်ခေါင်းဆောင်” (Direct Leader) များ ဖြစ်ပါသည်။ ပရင့်စတန် တက္ကသိုလ်မှ အခန်းကျဉ်းကလေးတွင် ရုပ်သဘာဝ၏ ဓမ္မတာ သဘောကို တစ်ကိုယ်တော်ရှာနေသူ အိုင်းစတိုင်း ကို သွယ်ဝိုက်ခေါင်းဆောင် (Indirect Leader) စာရင်းတွင် ထည့်သွင်းသင့်ပါသည်။
ဤစာအုပ်တွင် ဖော်ပြထားသူ များမှာ သက်ရှိထင်ရှား ရှိနေသူများသာ ဖြစ်ပါသည်။ ကျွန်တော့်အမြင်မှာတော့ သူတို့ ၏ အတွေးများမှာ စကားလုံးများအားဖြင့် လင်းပြနေပါသည်။ တချို့ မှိန်သလား၊ တချို့မလင်းဘူးလား၊ မှိန်ချင်မှိန်၊ လင်းချင်လင်း ကိုယ်နဲ့ ဘာမျှ မဆိုင်ဘူးလား။ ကိုယ်နှင့် ဆိုင်သည်၊ မဆိုင်သည်၊ လင်းသည်၊မှိန် သည် ဆုံးဖြတ်ခြင်းမှာ စာရှုသူများ သဘောအတိုင်းပါပဲ ခင်ဗျား။